Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်(၂.၈.၂၀၁၈)

Thursday, August 2, 2018 - 12:33
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၆ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက် )

[ကြာသပတေးနေ့]-

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

တစ်နေ့တာနေ့တွက်စရိတ်လှူဒါန်းခြင်း

၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ် ကျရောက်နေသည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို လှူဒါန်းရန်တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ပွင့်လင်းသောအစိုးရအဖွဲ့ဝင် (Open Government Partnership) ဖြစ်ရေး ဆက်လက်အကောင်အထည် ဖော်ဆောင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင် က လက်ငင်းအချိန်တွင် မြန်မာနိုင်ငံသည် OGP အဖွဲ့ဝင်မဟုတ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် OGP စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော လုပ်ငန်းကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအစိုးရထံ အာဏာလွှဲပြောင်းခြင်းမပြုမီ ယခင် အစိုးရက (၂၉-၃-၂၀၁၆)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၁၆) ဖြင့် ပွင့်လင်းသော အစိုးရအဖွဲ့ဝင် (Open Government Partnership) ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖျက်သိမ်းခဲ့၍ ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပျက်ပြယ်ခြင်းမရှိသည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်သင့်က ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပယ်ဖျက်ပြီး၊ ဖျက်သိမ်းပြီး၊ ပျက်ပြယ်ပြီးဖြစ်သည့် ကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ဖြေကြားသည်။

(ခ)ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆည်သုံးတန်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် ကိုက်ညီမှုရှိခဲ့ပါသဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (၂၅-၅-၂၀၁၈)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏ ဒေသဖွံ့ဖြိုးရေးအတွက်တာဝန်ယူ၍ ကျောင်းအဆင့်တိုးမြှင့်ပေးရန် ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် သက်ဆိုင်ရာကျောင်းအဆင့်အသီးသီးသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ဖြေကြားသည်။

(ဂ)ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် ၁၈၈၅ ခုနှစ်ကတည်းက တည်ဆောက်ဖွင့်လှစ်ခဲ့သော Government High School  အ.ထ.က(၁) မူလကျောင်းဟောင်းသို့ လက်ရှိ အ.ထ.က(၁)မှ ကျောင်းသူ /  ကျောင်းသားများကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြောင်းရွှေ့ပညာသင်ကြား နိုင်ရန် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သို့မဟုတ် မြို့သူမြို့သားများ၊ အ.ထ.က(၁) ကျောင်းသူ/ကျောင်းသားဟောင်းများ၏ အစီအစဉ် ရန်ပုံငွေဖြင့် ကျောင်းဆောင် ဟောင်းအား ကြံ့ခိုင်မှုအာမခံနိုင်အောင်ထိပြုပြင်၍ ပညာသင်ကြားနိုင်ရန် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အဆင့်မြင့်ပညာဦးစီးဌာနမှ အခြေခံပညာဦးစီး ဌာနသို့ ပြန်လည်လွှဲပြောင်းပေးထားခဲ့သော စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းဆောင်ဟောင်းအား ကျောင်းသူ/ ကျောင်းသားဟောင်းများ၏အစီအစဉ် ရန်ပုံငွေဖြင့် အာမခံနိုင်သည်အထိ ပြုပြင် မွမ်းမံဆောက်လုပ်ပြီးပါက ကျောင်းဆောင်ဟောင်း၏ ကြံ့ခိုင်မှုအား အင်ဂျင်နီယာ အတည်ပြုထောက်ခံချက်အပေါ်မူတည်၍ ကျောင်းသူ/ကျောင်းသားများ တက် ရောက်စာသင်ကြားပါက ခံနိုင်ရည်ရှိ/မရှိအား ထပ်မံစစ်ဆေးအဆည်ပြုပြီးမှသာ ပြောင်းရွှေ့သင်ကြားခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ မြို့မအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန်နှင့် မီးဝကျေးရွာနှင့် ဂုပ္ပီထောင့်ကျေးရွာ တို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းတို့ကို အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)များအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အဆင့်မြင့် ပညာဦးစီးဌာနအနေဖြင့် သတ်မှတ်ချက်မူများနှင့် ကိုက်ညီမှုရှိခဲ့သည့်အတွက်  (၂၅-၅-၂၀၁၈) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ယူ၍ ကျောင်းအဆင့်တိုးမြှင့်ပေးရန် ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် သက်ဆိုင်ရာ ကျောင်းအဆင့်အသီးသီးသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးခင်မောင်လတ်၊   ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ကျွန်းချေကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အန္တရာယ်ရှိကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းပြီး (၆၀x၃၀)ပေ Steel Structure သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင် အသစ်ဆောက် လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)(၆)လ ဘတ်ဂျက်တွင် လုပ်ငန်းတန်ဖိုး (၂၅%) အဖြစ်  ခွဲဝေဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၄။ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၁၀၂ နာရီအချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၃-၈-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်