Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၅.၂.၂၀၂၀)

Wednesday, February 5, 2020 - 12:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကော်မတီ အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီတို့တွင် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

ကော်မတီ လုပ်ပိုင်ခွင့် ဖြည့်စွက် ပြင်ဆင်ခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ပိုင်ခွင့် ဖြည့်စွက် ပြင်ဆင်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးပူဂင်ကမ်းလျန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ (ရွာသစ်) နယ်စပ်ဈေးနှင့် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် ကိစ္စနှင့်ပတ်သက်၍ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိန္ဒိယဘက်နှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ခ)ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပြည်သူ့ဆေးရုံ (Reception Counter)ရှိ ဧည့်ကြိုနေ့စား ဝန်ထမ်းများကို မည်သည့်အချိန်တွင် အတည်ပြုခန့်ထားပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က  အမြဲတမ်းဝန်ထမ်းခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ရွှေကျွန်းမြေ အားကစားရုံနှင့် ဆက်စပ် အဆောက်အဦများအား အသစ်ဆောက်လုပ်ပေးခြင်း သို့မဟုတ် အကြီးစား ပြင်ဆင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းအဆိုပြု တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခုတင်(၅၀)ဆံ့ စံကိုက်ဆေးရုံအတွက် လိုအပ်သော ဆရာဝန်များနှင့် ဆေးဘက်ကျွမ်းကျင်(ဓာတ်ခွဲ)ဝန်ထမ်း ခန့်ထားပေးရန်နှင့် သားဖွားမီးယပ်ဆောင် တစ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မြေနေရာ လွတ်ရှိိမှု၊ လူနာကုသဝန်ဆောင်မှု၊ ဆေးရုံအဆောက်အအုံများ တည်ရှိမှုအရ သားဖွားမီးယပ်လူနာဆောင် ထပ်မံလိုအပ်ခြင်းမရှိကြောင်း၊ ဓာတ်ခွဲစစ်ဆေးသူ (ဒု)တန်း သင်တန်းဆင်း(၁)ဦးကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းခန့်တွင် တာဝန်ချထား ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ ကမ္ဘာ့ဆေးဝါးလောကတွင် အသုံးပြုနေသည့် လစ်ကွာရွိုက် (Liquorice) ခေါ် နွယ်ချိုဆေးပစ္စည်းကို ကျန်းမာရေးလောကတွင် ဆက်လက် သုံးစွဲရန် သင့်/မသင့် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ရောဂါ တစ်ခုခုကို ဆေးဝါးတစ်မျိုမျိုးဖြင့် ကုသရာ၌ သက်ဆိုင်ရာကျွမ်းကျင်သူ ဆေးပညာရှင်၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်ဟု သုံးသပ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြားတွင် လမ်းဘေးနေရာများ၊ ဈေးများ၊ စာသင်ကျောင်းများ၌ ရောင်းချနေသော စားသောက်ဆိုင်များ စည်းစနစ်ကျန၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြင်ဆင်ရောင်းချနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ် စီစဉ်ပေးရန်နှင့် သင်တန်းပြီးမြောက်၍ လက်မှတ်ရရှိမှသာ ရောင်းချခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က နိုင်ငံတော်နှင့်အတူ အခြားနှီးနွှယ် ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့အစည်းများမှ ပံ့ပိုးဆောင်ရွက်မှုများ လိုအပ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း 

၅။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။ 

၆။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည် (ဥပဒေကြမ်းကော်မတီဝင်)က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။ အစည်းအဝေးကို ၁၁:၁၀ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၇-၂-၂၀၂၀ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်