စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ
(ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတ က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ် သော နေ့ရက်မှ စတင် အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည် -
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည် ။
(ဂ) ကော်မတီ ဆိုသည်မှာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကော်မတီကို ဆိုသည်။
(ဃ) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနက အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ် များ ဆောင်ရွက်ရန် တာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။
(င) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ဦးစီးဌာန၏ အကြီးအမှူးကို ဆိုသည်။
(စ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရပေးအပ်သည့် အခွင့် အရေးကို ဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များလည်းပါဝင်သည်။
(ဆ) မူပိုင်ခွင့် ဆိုသည်မှာ စာပေအနုပညာလက်ရာ၏ မူလလက်ရာရှင်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီရရှိသော သီးသန့်အခွင့်အရေးများဆိုင်ရာ စာပေနှင့်အနု ပညာမူပိုင်ခွင့်ကို ဆိုသည်။
(ဇ) မူပိုင်ခွင့်နှင့်ဆက်နွယ်သည့်အခွင့်အရေးများ ဆိုသည်မှာ ဤဥပဒေပါအခန်း(၁၃) တွင် ပြဋ္ဌာန်းထားသည့် ဖျော်ဖြေသူများ၊ ဖိုနိုဂရမ်ထုတ်လုပ်သူများနှင့် ထုတ်လွှင့် သည့်အဖွဲ့အစည်းများ၏ သီးသန့်အခွင့်အရေးများကို ဆိုသည်။
(ဈ) စာပေအနုပညာလက်ရာ ဆိုသည်မှာ ပုဒ်မ ၁၀ နှင့် ၁၂ တို့တွင် ဖော်ပြထားသော စာပေအနုပညာလက်ရာများနှင့် ဆင့်ပွားလက်ရာများကို ဆိုသည်။
(ည) မူလလက်ရာရှင် ဆိုသည်မှာ ဤဥပဒေအရ အကာအကွယ်ပေးခြင်းခံရသော စာပေ အနုပညာလက်ရာတစ်ရပ်ရပ်ကို စတင်ပြုလုပ်သည့် သို့မဟုတ် ဖန်တီးသည့် လူပုဂ္ဂိုလ်ကို ဆိုသည်။
(ဋ) မူပိုင်ခွင့်ပိုင်ရှင် ဆိုသည်မှာ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးနှင့် ထိုသူ၏ အမွေဆက်ခံသူ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု ကိုဆိုသည် -
(၁) စီးပွားရေးဆိုင်ရာ အခွင့်အရေးကို အလိုအလျောက် ရရှိထားပြီးဖြစ်သော မူလလက်ရာရှင်၊
(၂) စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို မူလကပင် အလိုအလျောက် ရရှိထားပြီးဖြစ်သည့် မူလလက်ရာရှင်မဟုတ်သော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၊
(၃) စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို ပိုင်ဆိုင်သူအဖြစ် ဥပဒေနှင့်အညီ လွှဲပြောင်းပေးခြင်းခံရသော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထား သော အဖွဲ့အစည်း။
(ဌ) အခွင့်အရေးရရှိသူ ဆိုသည်မှာ မူပိုင်ခွင့်ရရှိသည့် မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်ကိုဆိုသည်။ ယင်းစကားရပ်တွင် မူပိုင်ခွင့်ကို လွှဲအပ်လုပ်ကိုင်ခွင့် ပေးခြင်းခံရသူ၊ သီးသန့်လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ရသူနှင့် တရားဝင်အမွေဆက်ခံ သူလည်း ပါဝင်သည်။
(ဍ) ဖျော်ဖြေသူ ဆိုသည်မှာ ဂီတပညာရှင်၊ အဆိုတော်၊ သရုပ်ဆောင်၊ ကချေသည်၊ သို့မဟုတ် စာပေအနုပညာလက်ရာများကိုဖြစ်စေ၊ ရိုးရာဓလေ့အမွေအနှစ် ဖော်ပြ ချက်များကိုဖြစ်စေ သရုပ်ဆောင်ခြင်း၊ တီးမှုတ်ခြင်း၊ သီဆိုခြင်း၊ ဟောပြောခြင်း၊ ဘာသာစကားပြန်ဆိုခြင်း၊ ဇာတ်ကြောင်းပြောခြင်း သို့မဟုတ် အခြားတစ်နည်း နည်းဖြင့် ဖျော်ဖြေသော လူပုဂ္ဂိုလ်ကို ဆိုသည်။
(ဎ) ဖျော်ဖြေတင်ဆက်မှု ဆိုသည်မှာ -
(၁) အရုပ်အသံလက်ရာမဟုတ်သော အခြားစာပေနှင့် အနုပညာလက်ရာ ဖြစ်ပါက ယင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ ကြားခံကိရိယာတစ်ခုခုမှ တစ်ဆင့်ဖြစ်စေ၊ လုပ်ငန်းစဉ် တစ်ရပ်ရပ်မှတစ်ဆင့်ဖြစ်စေ ရွတ်ဆိုခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ကပြခြင်း၊ သရုပ်ဆောင်ခြင်း သို့မဟုတ် တစ်နည်း နည်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊
(၂) အရုပ်အသံလက်ရာဖြစ်ပါက ပုံရိပ်တို့ကို အစီအစဉ်တကျပြသခြင်းနှင့် ယင်းနှင့်အတူ ပါဝင်သော အသံတို့ကို ကြားနိုင်အောင် ပြုလုပ်ခြင်း၊
(၃) ဖိုနိုဂရမ်ဖြစ်ပါက ဖမ်းယူထားသော အသံကို ကြားနိုင်အောင် ပြုလုပ်ခြင်း တို့ကို ဆိုသည်။
(ဏ) ထုတ်လုပ်သူ ဆိုသည်မှာ အရုပ်အသံလက်ရာ သို့မဟုတ် ဖိုနိုဂရမ်ကို ဦးဆောင်၍ တာဝန်ယူထုတ်လုပ်သည့် လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။
(တ) စုပေါင်းလက်ရာ ဆိုသည်မှာ လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ ညွှန်ကြားချက်အရ စတင်ဖန်တီးသူများ၏ အမည်ကို ဖော်ပြခြင်း မပြုဘဲ ဦးစီးဦးဆောင်ပြုသည့် လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်း၏အမည်ဖြင့်သာ ဖော်ပြသည့် တစ်ဦးထက်ပိုသော လူပုဂ္ဂိုလ်များက ဖန်တီးထားသော စာပေအနုပညာလက်ရာကို ဆိုသည်။
(ထ) ပူးတွဲမူလလက်ရာရှင်များ၏လက်ရာ ဆိုသည်မှာ နှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုသည့် မူလလက်ရာရှင်များက လက်ရာတစ်ခုဖြစ်ပေါ်လာစေရန် ပူးပေါင်းပါဝင် ဖန်တီးဆောင်ရွက်ထားသည့် စာပေအနုပညာလက်ရာကို ဆိုသည်။
(ဒ) အရုပ်အသံလက်ရာ ဆိုသည်မှာ အသံပူးတွဲပါဝင်သည်ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ ရုပ်ပုံများကို မြင်နိုင်သည့်အပြင် အသံပူးတွဲပါဝင်ပါက ကြားနိုင်သည့် ဆက်စပ်လှုပ်ရှားနေသော ရုပ်ပုံများ၏ လက်ရာကိုဆိုသည်။ အရုပ်အသံလက်ရာ တွင် ရုပ်ရှင်ဖန်တီးမှု လက်ရာလည်း အကျုံးဝင်သည်။
(ဓ) အသုံးချအနုပညာလက်ရာ ဆိုသည်မှာ လက်မှုပညာဖြင့်ပြုလုပ်၍ဖြစ်စေ၊ စက်မှု နည်းပညာဖြင့် ထုတ်လုပ်၍ဖြစ်စေ အသုံးဝင်စေရန် ဆောင်ရွက်ထားသော သို့မဟုတ် အသုံးဝင်သည့် ပစ္စည်းတစ်ခုခုတွင် ပါဝင်ပေါင်းစပ်ထားသော အနုပညာဖန်တီး မှုကို ဆိုသည်။
(န) ဖိုနိုဂရမ် ဆိုသည်မှာ အရုပ်အသံလက်ရာ ပေါင်းစပ်ထည့်သွင်းခြင်းမျိုးမဟုတ်ဘဲ ဖျော်ဖြေတင်ဆက်မှုအသံ၊ အခြားအသံ သို့မဟုတ် သဏ္ဍာန်တူအသံတို့ကို ဖိုနိုဂရမ် ဓာတ်ပြား၊ အသံသွင်းတိပ်ခွေနှင့် အခြားကြားခံပစ္စည်းတစ်ခုခုတွင် ပေါင်းစပ် ထည့်သွင်းထားခြင်းကို ဆိုသည်။
(ပ) ဓာတ်ပုံလက်ရာ ဆိုသည်မှာ ပုံရိပ်ကိုဖမ်းယူပေးနိုင်သော သို့မဟုတ် ပုံရိပ်ထုတ် ပေးနိုင်သော မည်သည့်ကြားခံနယ်ပေါ်တွင်မဆို ဓာတုဗေဒနည်းပညာဖြင့် ဖြစ်စေ၊ အီလက်ထရောနစ်နည်းပညာဖြင့်ဖြစ်စေ၊ အခြားနည်းပညာဖြင့်ဖြစ်စေ အလင်းကို ဖမ်းယူခြင်းဖြင့်လည်းကောင်း၊ အလင်းထုတ်လွှတ်ခြင်းဖြင့်လည်းကောင်း ပြုလုပ် ထားသည့် မူလဖန်တီးမှုလက်ရာကို ဆိုသည်။
(ဖ) အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်း ဆိုသည်မှာ ဖျော်ဖြေတင်ဆက်မှု၏ ရုပ်ပုံ သက်သက်ကိုဖြစ်စေ၊ အသံသက်သက်ကိုဖြစ်စေ၊ ရုပ်ပုံနှင့်အသံနှစ်ခုလုံးကိုဖြစ်စေ၊ သဏ္ဍာန်တူရုပ်ပုံနှင့် အသံတို့ကိုဖြစ်စေ၊ အခြားအသံ သို့မဟုတ် လှုပ်ရှားနေသော ပုံရိပ်များ သို့မဟုတ် ထုတ်လွှင့်ချက်တို့ကိုဖြစ်စေ မြင်နိုင်ကြားနိုင်ရန်သော် လည်းကောင်း၊ မူပွားခြင်းပြုနိုင်ရန်သော်လည်းကောင်း၊ ဆက်သွယ်ပို့လွှင့်နိုင်ရန် သော်လည်းကောင်း တိပ်ခွေ၊ ဓာတ်ပြား သို့မဟုတ် အခြားကြားခံနယ်တစ်ခုခုတွင် ပထမဦးဆုံး ပေါင်းစပ်ထည့်သွင်းပြီး မှတ်တမ်းပြုသွင်းယူခြင်းကို ဆိုသည်။
(ဗ) ထုတ်လွှင့်ခြင်း ဆိုသည်မှာ စာပေအနုပညာလက်ရာကိုဖြစ်စေ၊ ဖျော်ဖြေ တင်ဆက်မှု သို့မဟုတ် ဖိုနိုဂရမ်ကိုဖြစ်စေ ဂြိုဟ်တုမှတစ်ဆင့် ပို့လွှင့်ခြင်း အပါအဝင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခြင်းကဲ့သို့သော ဝါယာကြိုး ဖြင့်ဖြစ်စေ၊ ဝါယာကြိုးမဲ့နည်းဖြင့်ဖြစ်စေ အများပြည်သူသို့ ဆက်သွယ်ပို့လွှင့် ခြင်းကို ဆိုသည်။
(ဘ) ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များ ဆိုသည်မှာ ထိတွေ့ကိုင်တွယ်၍ ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုနှင့် အသိပညာများကိုဖော်ပြသော၊ ပြသသော၊ ပေါ်လွင်စေသော အောက်ပါဖော်ပြချက်တစ်ခုခု သို့မဟုတ် ယင်းတို့၏ ပေါင်းစပ်ဖော်ပြချက်များ ပါဝင်သော အသွင်ပုံစံတစ်ခုခုကို ဆိုသည် -
(၁) နှုတ်ရေးနှုတ်ရာဖော်ပြချက်များဖြစ်သော ပုံဝတ္ထုများ၊ ဝတ္ထုများ၊ ဒဏ္ဍာရီ ပုံပြင်များ၊ ကဗျာများ၊ စကားထာများနှင့် အခြားသော ဇာတ်ကြောင်း ပြောခြင်းများ၊ စကားလုံးများ၊ အမှတ်အသားများ၊ အမည်နာမများနှင့် သင်္ကေတများ၊
(၂) ဂီတဆိုင်ရာဖော်ပြချက်များဖြစ်သော တေးသီချင်းများနှင့် ဂီတတီးလုံး များ၊
(၃) အပြုအမူဆိုင်ရာ ဖော်ပြချက်များဖြစ်သော အက၊ ပြဇာတ်၊ အခမ်းအနား များ၊ ဓလေ့ထုံးစံများ၊
(၄) ထိတွေ့ကိုင်တွယ်၍ရသော ဖော်ပြချက်များ (အနုပညာအရ သီးခြား ဖန်တီးထုတ်လုပ်ခြင်းများ) ဖြစ်ကြသော ရေးဆွဲခြင်း၊ အလှဆင်ပြုလုပ် ထားသည့် ပုံစံလက်ရာ၊ ဆေးခြယ်ခြင်း (ခန္ဓာကိုယ်ပေါ်တွင် ဆေးခြယ် ခြင်းအပါအဝင်)၊ ပန်းပုထုခြင်း၊ ထုဆစ်သွန်းလုပ်ခြင်း၊ အိုးထိန်းသည့် အတတ်ပညာဖြင့် ပြုလုပ်သည့်လက်ရာ၊ မြေထည်၊ ရောင်စုံဖန်မှန် ကျောက်မျက်ရတနာစသည်တို့ဖြင့် စီခြယ်ခြင်း၊ သစ်သားဖြင့်ပြုလုပ်သည့် လက်ရာ၊ သတ္တုထည်၊ လက်ဝတ်ရတနာ၊ ကျောက်ပုံနှိပ်ခြင်း၊ ရက်လုပ် ခြင်း ပြုထားသည့်လက်ရာ၊ ဇာထိုးပန်းထိုးအတတ်ဖြင့် ပြုလုပ်သည့် လက်ရာ၊ အဝတ်အထည်များ၊ ဖန်ထည်များ၊ ကော်ဇောများ၊ ရှေးခေတ် ဝတ်စုံများ၊ လက်မှုပစ္စည်းများ၊ တူရိယာပစ္စည်းများနှင့် ဗိသုကာပုံစံများ၊ ရိုးရာအမွေအနှစ်လက်ရေးစာများဖြစ်သော ပေစာ၊ ပုရပိုက်စာ၊ ကျောက်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ နံရံဆေးရေးမင်စာများ။
(မ) ကွန်ပျူတာပရိုဂရမ် ဆိုသည်မှာ ကွန်ပျူတာဖြင့် သီးသန့်လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်နိုင်ရန် သို့မဟုတ် ရလဒ်ကို ရရှိစေရန် ကွန်ပျူတာမှဖတ်ရှုနိုင်သည့် ကြားခံပစ္စည်းတစ်ခုခုတွင် ပေါင်းစပ်ထည့်သွင်းထားသော စာလုံး၊ သင်္ကေတ၊ အစီအစဉ် သို့မဟုတ် အခြားပုံစံတစ်မျိုးမျိုးဖြင့် ဖော်ပြထားသော ညွှန်ကြားမှု အစီအစဉ်တစ်ရပ်ကို ဆိုသည်။
(ယ) မူပိုင်ခွင့်အခွင့်အရေးရရှိသူကိုဖော်ပြသည့်သတင်းအချက်အလက်များ ဆိုသည်မှာ စာရေးသူ၊ စာပေအနုပညာလက်ရာ၊ ဖျော်ဖြေတင်ဆက်သူ၊ ဖျော်ဖြေတင်ဆက်မှု၊ ဖိုနိုဂရမ်ထုတ်လုပ်သူ၊ ဖိုနိုဂရမ်၊ ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြားမှ ဟောပြော ဆွေးနွေးသူ၊ ထုတ်လွှင့်ချက်၊ ဤဥပဒေအရ မူပိုင်ခွင့်အခွင့်အရေးတစ်ခုခု ပိုင်ဆိုင်သူတို့ကို ခွဲခြားသတ်မှတ်ပေးသော သတင်းအချက်အလက်များ သို့မဟုတ် စာပေအနုပညာလက်ရာ၊ ဖျော်ဖြေတင်ဆက်မှု၊ ဖိုနိုဂရမ်၊ ထုတ်လွှင့်ချက်တို့ကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် စည်းကမ်းချက်ဆိုင်ရာ သတင်းအချက်အလက် များနှင့် ဖော်ပြပါလက်ရာတို့၏ မိတ္တူတွင် ထည့်သွင်းဖော်ပြရာ၌ဖြစ်စေ၊ ထုတ် လွှင့်ခြင်းနှင့် အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း သို့မဟုတ် အများပြည်သူ အသုံးပြုနိုင်စေရန် ပြုလုပ်ခြင်းတို့တွင် ဆက်စပ်ဖော်ပြရာ၌ဖြစ်စေ ယင်းသတင်း အချက်အလက်များကို ကိုယ်စားပြုသော နံပါတ်၊ သင်္ကေတ တစ်ခုခုကို ဆိုသည်။
(ရ) နည်းပညာဖြင့်ကာကွယ်ထားသောအစီအမံများ ဆိုသည်မှာ အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ စာပေအနုပညာလက်ရာများ သို့မဟုတ် မူပိုင်ခွင့်နှင့် ဆက်စပ် သည့် အခွင့်အရေးဆိုင်ရာလက်ရာများကို အသုံးပြုခြင်းနှင့် ရယူခြင်းမှ ကာကွယ်ရန် သို့မဟုတ် ကန့်သတ်ရန် ပုံမှန်ဆောင်ရွက်ရာတွင် စီမံ ပြုလုပ်ထားသော နည်းပညာ၊ စက်ပစ္စည်းကိရိယာ သို့မဟုတ် ယင်း၏အစိတ် အပိုင်း တစ်ခုခုကို ဆိုသည်။
(လ) မူပွားခြင်း ဆိုသည်မှာ စာပေအနုပညာလက်ရာ သို့မဟုတ် ဖိုနိုဂရမ်ကို အီလက် ထရောနစ်နည်းပညာဖြင့် ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ သိမ်းဆည်းထားခြင်း အပါအဝင် ယင်းလက်ရာ သို့မဟုတ် ဖိုနိုဂရမ်ကို မည်သည့်နည်းလမ်း၊ ပုံစံဖြင့် မဆို မိတ္တူကူးခြင်း၊ တုပခြင်း၊ ပုံတူကူးခြင်း စသည်ဖြင့် မိတ္တူတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်ခြင်းကို ဆိုသည်။
(ဝ) အများပြည်သူသို့ဆက်သွယ်ပို့လွှင့်ခြင်း ဆိုသည်မှာ စာပေအနုပညာလက်ရာ၊ ဖျော်ဖြေတင်ဆက်မှု၊ ဖိုနိုဂရမ် သို့မဟုတ် ထုတ်လွှင့်ချက်ကို အသုံးပြုခွင့်ရှိသူ တစ်ဦးချင်းစီက ရယူအသုံးပြုလိုသည့်နေရာနှင့်အချိန်တွင် အသုံးပြုနိုင်ရန် ပြုလုပ်ခြင်းအပါအဝင် ယင်းတို့ကို ဝါယာကြိုးဖြင့်ဖြစ်စေ၊ ဝါယာကြိုးမဲ့နည်းဖြင့် ဖြစ်စေ ဆက်သွယ်ရေးနည်းလမ်းတစ်ရပ်ရပ်ဖြင့် အများပြည်သူသို့ ဆက်သွယ် ပို့လွှင့်ခြင်းကို ဆိုသည်။
(သ) အများပြည်သူသို့ဖြန့်ချိခြင်း ဆိုသည်မှာ စာပေအနုပညာလက်ရာ၊ အရုပ်အသံ ပေါင်းစပ်ထည့်သွင်းထားသော ဖျော်ဖြေတင်ဆက်မှု သို့မဟုတ် ဖိုနိုဂရမ်တို့၏မူရင်း သို့မဟုတ် မိတ္တူကို ထိတွေ့ကိုင်တွယ်၍ရသော ပုံစံအသွင်ဖြင့် ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် မူပိုင်ခွင့်ပိုင်ရှင်လွှဲပြောင်း၍ ဖြန့်ချိခြင်းကို ဆိုသည်။ ယင်းတွင် ဖြန့်ချိရန်အလို့ငှာ တင်သွင်းခြင်း၊ အများပြည်သူသို့ ရောင်းချခြင်းနှင့် တစ်နည်းနည်းဖြင့် မူပိုင်ခွင့်ပိုင်ရှင် လွှဲပြောင်းခြင်းတို့ ပါဝင်သည်။
(ဟ) ထုတ်ဝေသည့်လက်ရာ ဆိုသည်မှာ စာပေအနုပညာလက်ရာဖြစ်ပါက မူပိုင်ခွင့် ပိုင်ရှင် သို့မဟုတ် မူလလက်ရာရှင်၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ ဖိုနိုဂရမ် ဖြစ်ပါက ထုတ်လုပ်သူ၏ သဘောတူညီချက်ဖြင့်လည်းကောင်း စာပေအနုပညာ လက်ရာ သို့မဟုတ် ဖိုနိုဂရမ်၏မိတ္တူကို အများပြည်သူသို့ ရောင်းချရန်၊ ငှားရမ်းရန်၊ တစ်နည်းနည်းဖြင့် မူပိုင်ခွင့်ပိုင်ရှင်လွှဲပြောင်းရန် သို့မဟုတ် လက်ဝယ် ပိုင်ဆိုင်ရန်အတွက် သင့်လျော်သော အရေအတွက်ဖြင့် မိတ္တူပွားထားသော စာပေအနုပညာလက်ရာ သို့မဟုတ် ဖိုနိုဂရမ်ကို ဆိုသည်။
(ဠ) အမြင်အာရုံချို့တဲ့သောပုဂ္ဂိုလ် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် -
(၁) မွေးရာပါအမြင်အာရုံချို့တဲ့သောပုဂ္ဂိုလ်၊
(၂) အမြင်အာရုံ သို့မဟုတ် အသိဉာဏ်စွမ်းရည် သို့မဟုတ် ဖတ်နိုင်စွမ်းရည် ချို့တဲ့ခြင်းမရှိသူများနှင့်တန်းတူ အမြင်အာရုံဆိုင်ရာ လုပ်ဆောင်ချက်များ တိုးတက်လာခြင်းမရှိသောပုဂ္ဂိုလ်၊
(၃) ကိုယ်ခန္ဓာမသန်စွမ်းမှုကြောင့် စာအုပ်ကိုပင် ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသောပုဂ္ဂိုလ် သို့မဟုတ် စာဖတ်ရန်အတွက် ပုံမှန်သတ်မှတ်ထားသော အကွာအဝေးအတွင်း မျက်လုံးကိုစူးစိုက်ခြင်း သို့မဟုတ် ရွေ့လျားခြင်း မပြုနိုင်သော ပုဂ္ဂိုလ်။
(အ) တာဝန်ရှိအဖွဲ့အစည်း ဆိုသည်မှာ အမြင်အာရုံချို့တဲ့သောပုဂ္ဂိုလ်များ အသုံးပြုနိုင် ရန် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ထားသော စာအုပ်စာပေများ သို့မဟုတ် သတင်းအချက်အလက်များ၊ ပညာပေးခြင်း၊ လေ့ကျင့်သင်ကြားခြင်းတို့ကို အကျိုးအမြတ်အတွက်မရည်ရွယ်ဘဲ ထောက်ပံ့ပေးရန် ပြည်ထောင်စုအစိုးရက တရားဝင်ခွင့်ပြုထားသည့် အဖွဲ့အစည်းကိုဆိုသည်။ ယင်းစကားရပ်တွင် ဖော်ပြပါ လုပ်ငန်းများကို အကျိုးအမြတ်မပါဘဲ ဆောင်ရွက်ပေးသော အဖွဲ့အစည်း သို့မဟုတ် အစိုးရအဖွဲ့အစည်းများလည်း ပါဝင်သည်။
(ကက)မူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေ အခန်း(၁၈)အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို ဆိုသည်။
(ခခ) မူပိုင်ခွင့်ချိုးဖောက်ထားသောပစ္စည်းများ ဆိုသည်မှာ အခွင့်အရေးရရှိသူ၏ သဘောတူညီချက်မပါဘဲ ပြုလုပ်ထားသော မိတ္တူများနှင့် ဤဥပဒေပါ မူပိုင်ခွင့် အခွင့်အရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်လျက် ပြုလုပ် ထားသော မိတ္တူများကို ဆိုသည်။
(ဂဂ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သည့် ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးအောက်မနိမ့်သောအရာရှိကို ဆိုသည်။
(ဃဃ)တရားရုံး ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် ဥပဒေအရ တည်ထောင်သော တရားရုံးကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေအရ တရားရုံးများ တည်ထောင်ခြင်းမပြုမီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည့် တရားရုံးများလည်း ပါဝင်သည်။
(ငင) အဖွဲ့ဝင်နိုင်ငံ ဆိုသည်မှာ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များ သို့မဟုတ် သဘောတူညီချက်များ သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို ဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) စာပေအနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများ နှင့် ထုတ်လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေအနုပညာဆိုင်ရာ ထုတ်လုပ်မှုအဆင့်အတန်း မြင့်မားတိုးတက်စေရန်၊
(ခ) မူလလက်ရာရှင်နှင့် မူပိုင်ခွင့်ပိုင်ရှင်တို့၏ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်များကို ဤဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်၊
(ဂ) ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်းတို့၏ မူပိုင်ခွင့် နှင့်ဆက်နွယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊
(ဃ) ရိုးရာယဉ်ကျေးမှုဖော်ပြချက်များနှင့် ရိုးရာဓလေ့အမွေအနှစ်များကို ကာကွယ်မြှင့် တင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်။
အခန်း(၃)
ကော်မတီဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ
၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ သို့မဟုတ် ညွှန်ကြားရေးမှူး ချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် သူများနှင့် ပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဌနှင့် တွဲဖက်အတွင်း ရေးမှူးတို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။
(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင် သည်။
၅။ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) နိုင်ငံတော်တွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာ များ၊ လုပ်ငန်းစီမံချက်များ ချမှတ်ခြင်းနှင့် ယင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြီးကြပ်လမ်းညွှန်မှုပေးခြင်း၊
(ခ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘောတူ ညီချက်များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် အကြံပြု တင်ပြခြင်း၊
(ဂ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေး ယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း၊
အခန်း(၄)
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၆။ ဦးစီးဌာနသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -
(က) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် ပေးခြင်း၊
(ခ) ကော်မတီက ချမှတ်သော အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျုဟာများနှင့် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဂ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘော တူညီချက်များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် ကော်မတီ သို့ လေ့လာတင်ပြခြင်း၊
(ဃ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေး ယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်ရန်နှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်နိုင်ရန်အတွက် ကော်မတီသို့ အကြံပြု တင်ပြခြင်း၊
(င) နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန် ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘောတူညီချက်များပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(စ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ပြည်တွင်းရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း များ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) သတ်မှတ်ထားသည့် စာပေနှင့်အနုပညာဆိုင်ရာမူပိုင်ခွင့်ကဏ္ဍအလိုက် စုပေါင်း စီမံခန့်ခွဲသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်ပြုခြင်း၊ ယင်းအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် လိုအပ်ပါက ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊
(ဇ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ခွင့်ပြုရာတွင် အသုံးပြုမည့် တံဆိပ်တုံးကို အတည်ပြု သတ်မှတ်ခြင်း၊
(စျ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန် များကို သတ်မှတ်ခြင်း၊
(ည) ဤဥပဒေနှင့်အညီ ကောက်ခံရမည့် အခကြေးငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(ဋ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ ကို ထုတ်ပြန်ကြေညာခြင်း၊
(ဌ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်စာရင်းများကို ထိန်းသိမ်းထား ရှိခြင်း၊
(ဍ) ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာနနှင့် ကော်မတီတို့က အခါအားလျော်စွာ ပေးအပ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်း ဆောင်ခြင်း။
အခန်း(၅)
မှတ်ပုံတင်အရာရှိခန့်အပ်ခြင်းနှင့် လုပ်ငန်းတာဝန်များ
၇။ ညွှန်ကြားရေးမှူးချုပ်သည် ဦးစီးဌာနတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်သည့် မှတ်ပုံတင်အရာရှိကို ဝန်ကြီးဌာန၏ သဘောတူညီ ချက်ဖြင့် တာဝန်ပေးအပ်နိုင်သည်။
၈။ မှတ်ပုံတင်အရာရှိ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ခ) မူပိုင်ခွင့်မှတ်ပုံတင်ပေးရန် လျှောက်ထားချက်များကို စစ်ဆေးခြင်း၊
(ဂ) မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ် သူများကို ခေါ်ယူမေးမြန်းခြင်းနှင့် စာရွက်စာတမ်း အထောက်အထားများကို တောင်းခံခြင်း၊
(ဃ) မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို ဆုံးဖြတ် ခြင်း၊
(င) ကော်မတီနှင့် ဦးစီးဌာနတို့က ပေးအပ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း(၆)
သက်ဆိုင်သည့်နယ်ပယ်
၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အောက်ပါစာပေအနုပညာလက်ရာများကိုလည်း ကောင်း၊ ဖျော်ဖြေသူနှင့် ဖျော်ဖြေတင်ဆက်မှု၊ ဖိုနိုဂရမ်၊ ထုတ်လွှင့်ခြင်းနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်းတို့ကိုလည်းကောင်း အကာအကွယ်ပေးခြင်းနှင့် သက်ဆိုင်ရမည် -
(က) စာပေအနုပညာလက်ရာဖြစ်ပါက-
(၁) နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၏ နိုင်ငံသားဖြစ်သော သို့မဟုတ် နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် အခြေပြုနေထိုင်သော မူလလက်ရာရှင်၏ လက်ရာဖြစ်ခြင်း၊
(၂) စာပေအနုပညာလက်ရာကို နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ တစ်ခုခုတွင် ပထမအကြိမ် ထုတ်ဝေခြင်း သို့မဟုတ် စာပေအနုပညာလက်ရာကို အခြားအဖွဲ့ဝင်မဟုတ်သည့်နိုင်ငံတွင် ပထမအကြိမ် ထုတ်ဝေပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ တစ်ခုခုတွင် ထုတ်ဝေခြင်း၊
(၃) နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၌ ရုံးစိုက်သော သို့မဟုတ် အခြေပြုနေထိုင်သော အရုပ်အသံလက်ရာ ထုတ်လုပ်သူ၏ လက်ရာ ဖြစ်ခြင်း၊
(၄) နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာနှင့် နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် တည်ရှိသော အဆောက်အအုံ သို့မဟုတ် အခြားအဆောက်အအုံပုံစံတွင် ပါဝင်ပေါင်းစပ်ထားသည့် အနုပညာလက်ရာဖြစ်ခြင်း။
(ခ) ဖျော်ဖြေသူသည် မြန်မာနိုင်ငံသား သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၏ နိုင်ငံသား ဖြစ်ပါက -
(၁) နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ တစ်ခုခုအတွင်း ဖျော်ဖြေမှုဖြစ်ခြင်း၊
(၂) ဖျော်ဖြေမှုကို ပုဒ်မခွဲ(ဂ)အရ အကာအကွယ်ပေးရမည့် ဖိုနိုဂရမ်တွင် ပါဝင်ပေါင်းစပ်ထားခြင်း သို့မဟုတ် ဖျော်ဖြေမှုကို ဖိုနိုဂရမ်တွင် အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်း မပြုရသေးသော်လည်း ပုဒ်မခွဲ(ဃ)အရ အကာ အကွယ်ပေးရေးအတွက် အရည်အချင်း ပြည့်မီသည့် ထုတ်လွှင့်မှုတွင် ပါဝင်ခြင်း။
(ဂ) ဖိုနိုဂရမ်ထုတ်လုပ်သူသည် မြန်မာနိုင်ငံသား သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၏ နိုင်ငံသားဖြစ်ပါက နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၌ ပထမဦးစွာ ဖိုနိုဂရမ်အား အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်း သို့မဟုတ် နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၌ ပထမဦးစွာ ဖိုနိုဂရမ်ကို ထုတ်ဝေခြင်း။
(ဃ) ထုတ်လွှင့်သည့်အဖွဲ့အစည်းဖြစ်ပါက ထုတ်လွှင့်သည့်အဖွဲ့အစည်း၏ ရုံးချုပ်သည် နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၌ တည်ရှိခြင်း သို့မဟုတ် ပို့လွှင့်စက်သည် နိုင်ငံတော် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံတစ်ခုခု၌ တည်ရှိခြင်း။
အခန်း (၇)
အကာအကွယ်ပေးခြင်းခံရသည့် စာပေအနုပညာလက်ရာများနှင့် အကာအကွယ်ပေးခြင်း
မခံရသည့် စာပေအနုပညာဆိုင်ရာ ကိစ္စရပ်များ
၁၀။ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူလဖန်တီးမှုများဖြစ်သော အောက်ပါစာပေအနုပညာလက်ရာ များကို အကာအကွယ်ပေးရမည် -
(က) စာအုပ်၊ လက်ကမ်းစာစောင်၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ကွန်ပျူတာပရိုဂရမ်နှင့် အခြားရေးသားချက်များ၊
(ခ) ပြောကြားချက်၊ ပို့ချချက်၊ မိန့်ခွန်း၊ တရားဓမ္မဟောကြားချက်နှင့် အခြား ဟောပြောချက်များ၊
(ဂ) ပြဇာတ်နှင့် ပြဇာတ်ဂီတလက်ရာ၊ ကိုယ်ဟန်အမူအရာဖြင့်သာ သရုပ်ဆောင်ချက်၊ ကကွက်စီစဉ်မှုလက်ရာနှင့် စင်မြင့်ပေါ်တွင် တင်ဆက်သည့် အခြားစာပေအနု ပညာလက်ရာများ၊
(ဃ) စာသားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တေးဂီတလက်ရာ၊
(င) ရုပ်ရှင်ဖန်တီးမှုလက်ရာ အပါအဝင် အရုပ်အသံလက်ရာ၊
(စ) ဗိသုကာလက်ရာ၊
(ဆ) ရေးဆွဲခြင်း၊ ရေးခြစ်ခြင်း၊ ဆေးခြယ်ခြင်း၊ ပန်းပုထုခြင်း၊ ထုဆစ်သွန်းလုပ်ခြင်း၊ ထွင်းထုခြင်း၊ ရောင်စုံဖန်မှန် ကျောက်မျက်ရတနာစသည်တို့ဖြင့် စီခြယ်ခြင်း ပြုထားသည့်လက်ရာ၊ သစ်သားဖြင့်ပြုလုပ်သည့်လက်ရာ၊ အိုးထိန်းအတတ်ပညာ ဖြင့် ပြုလုပ်သည့်လက်ရာ၊ သတ္တုထည်၊ မြေထည်၊ လက်ဝတ်ရတနာ၊ လက်မှု ပစ္စည်း၊ ရှေးခေတ်ဝတ်စုံ၊ တိုင်းရင်းသား ရိုးရာအဝတ်အထည်၊
(ဇ) ကျောက်ပုံနှိပ်ခြင်း၊ ရက်လုပ်ခြင်းပြုထားသည့်လက်ရာ၊ ရွှေချည်ထိုးနှင့် အနုစိတ် သည့် အခြားအနုပညာလက်ရာများ၊
(ဈ) ဓာတ်ပုံလက်ရာ၊
(ည) အသုံးချအနုပညာလက်ရာ၊
(ဋ) အထည်အလိပ်ဒီဇိုင်း၊
(ဌ) ပထဝီအနေအထားနှင့်ဖြစ်စေ၊ မျက်နှာသွင်ပြင်ဖော်ပြချက်နှင့်ဖြစ်စေ၊ ဗိသုကာ လက်ရာနှင့်ဖြစ်စေ၊ သိပ္ပံပညာနှင့်ဖြစ်စေ သက်ဆိုင်သည့် ရုပ်ပြနမူနာ၊ မြေပုံ၊ စီမံချက်၊ ပုံကြမ်းနှင့် သုံးဖက်မြင်လက်ရာ၊
၁၁။ ပုဒ်မ ၁၀ ပါ စာပေအနုပညာလက်ရာများ၏ ဖော်ပြချက်နည်းလမ်း သို့မဟုတ် ပုံသဏ္ဍာန်၊ ယင်းတို့၏ပါရှိမှု၊ အရည်အသွေးနှင့် ရည်ရွယ်ချက်တို့ မည်သို့ပင်ရှိစေကာမူ ဖန်တီးမှုပါရှိပါက ယင်းစာပေအနုပညာလက်ရာကို အကာအကွယ်ပေးရမည်။
၁၂။ ပုဒ်မ ၁၀ ပါ မူလရှိပြီး စာပေအနုပညာလက်ရာများကို မထိခိုက်စေဘဲ အောက်ဖော်ပြပါ ဆင့်ပွားလက်ရာများ၏ မူပိုင်ခွင့်ကို အကာအကွယ်ပေးရမည် -
(က) စာပေအနုပညာလက်ရာများကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ်ခြင်းနှင့် အခြားနည်းဖြင့် ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်း၊
(ခ) ရွေးချယ်ခြင်း သို့မဟုတ် စီစဉ်ခြင်းဖြင့် စာပေအနုပညာလက်ရာများကို စုပေါင်း ခြင်း၊ စာပေအနုပညာလက်ရာများပါဝင်သည့် မူရင်းအချက်အလက်အစုအဝေးကို ဖတ်၍ရသည့်စက်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ စုပေါင်းခြင်းနှင့် မူရင်း ရိုးရာဓလေ့ အမွေအနှစ် ဖော်ပြချက်များကို စုပေါင်းခြင်း။
၁၃။ ပုဒ်မ ၁၀၊ ၁၁ နှင့် ၁၂ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေအနုပညာလက်ရာသည် အောက်ပါအချက်အလက်တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် မူပိုင်ခွင့်အတွက် အကာအကွယ် မရရှိစေရ -
(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ်အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက် များ၊
(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက် ဟု သတ်မှတ်နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊
(ဃ) လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများ၊ ညွှန်ကြားလွှာများ၊ အမိန့်ကြော်ငြာစာ များ၊ ရှင်းလင်းချက်များနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ ညွှန်ကြားလွှာများ၊ ဦးစီးဌာန သို့မဟုတ် အခြားသော အစိုးရအဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပြန်စာများ၊
(င) တရားရုံးစီရင်ချက်များ၊ အမိန့်စာများ၊ စီရင်ချက်များနှင့် ဌာနဆိုင်ရာ ထုတ်ပြန် ကြေညာချက်များ၊
(စ) ပုဒ်မခွဲ (ဂ)မှ (င)ပါ အချက်အလက်များအား ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။
အခန်း (၈)
မူပိုင်ခွင့်သက်တမ်း
၁၄။ စာပေအနုပညာလက်ရာများနှင့်စပ်လျဉ်း၍ ဤဥပဒေအရ မှတ်ပုံတင်ခြင်း မရှိစေကာမူ-
(က) စီးပွားရေးဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးမှုသက်တမ်းသည် အောက်ပါအတိုင်းဖြစ်သည် -
(၁) မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးသည့် နေ့ရက်မှ နှစ် ၅၀၊
(၂) ပူးတွဲမူလလက်ရာရှင်၏ စာပေအနုပညာလက်ရာဖြစ်ပါက နောက်ဆုံး မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ၎င်းကွယ်လွန်ပြီးသည့် နေ့ရက်မှ နှစ် ၅၀၊
(၃) အသုံးချအနုပညာလက်ရာမှတစ်ပါး အခြားစုပေါင်းလက်ရာနှင့် အရုပ် အသံလက်ရာတို့ဖြစ်ပါက စတင်ဖန်တီးခြင်း၊ အများပြည်သူသို့ သိရှိစေရန် ပထမအကြိမ် စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ပထမအကြိမ် ထုတ်ဝေခြင်း တစ်ရပ်ရပ်အနက် နောက်ကျရာ နေ့ရက်မှ နှစ် ၅၀၊
(၄) အမည်မဖော်ပြဘဲဖြစ်စေ၊ အမည်ဝှက်၊ အမည်ပွားဖြင့်ဖြစ်စေ ထုတ်ဝေပြီး ဖြစ်သည့် စာပေအနုပညာလက်ရာဖြစ်ပါက စတင်ဖန်တီးခြင်း၊ အများ ပြည်သူသို့ သိရှိစေရန် ပထမအကြိမ် စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ပထမအကြိမ်ထုတ်ဝေခြင်း တစ်ရပ်ရပ်အနက် နောက်ကျရာ နေ့ရက်မှ နှစ် ၅၀၊ သို့ရာတွင် အဆိုပါ သက်တမ်းမကုန်ဆုံးမီ မူလလက်ရာရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း ထင်ရှားခဲ့ပြီးဖြစ်ပါက ဤပုဒ်မခွဲ၏ ပုဒ်မခွဲငယ် (၁)နှင့် (၂)တို့တွင် ဖော်ပြသည့်ကာလ၊
(၅) အစိုးရဌာန၊ အဖွဲ့အစည်း၏ စာပေအနုပညာလက်ရာဖြစ်ပါက ယင်းအစိုးရ ဌာန၊ အဖွဲ့အစည်းသည် ပထမမူပိုင်ခွင့်ပိုင်ရှင်အဖြစ် စာပေအနုပညာ လက်ရာကို စတင်ဖန်တီးခြင်း၊ အများပြည်သူသို့ သိရှိစေရန် ပထမအကြိမ် စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ပထမအကြိမ် ထုတ်ဝေခြင်း တစ်ရပ်ရပ် အနက် နောက်ကျရာ နေ့ရက်မှ နှစ် ၅၀၊
(၆) အသုံးချအနုပညာလက်ရာဖြစ်ပါက ယင်းလက်ရာ ပြုလုပ်သည့်နေ့ရက်မှ ၂၅ နှစ်၊
(ခ) ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးမှု သက်တမ်း သည် မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးသည့် နေ့ရက်မှ အကန့်အသတ်မရှိ ကာလအထိ ဖြစ်သည်။
(ဂ) ပုဒ်မခွဲ(က)ပါ ကုန်ဆုံးမည့် ကာလသက်တမ်းကို အခြားနည်းဖြင့် ဖော်ပြထားခြင်း မရှိပါက ထိုသက်တမ်းကုန်ဆုံးမည့် နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ရက်အထိ ဖြစ်သည်။
အခန်း (၉)
စီးပွားရေးဆိုင်ရာ အခွင့်အရေးများနှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးများ
၁၅။ ဤဥပဒေ၏ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်သည် အောက်ဖော်ပြပါ ပြုလုပ်မှုများကို ကိုယ်တိုင်ဆောင်ရွက်ရန် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးအား ဆောင်ရွက်ခွင့်ပြုရန် စီးပွားရေးဆိုင်ရာ သီးသန့် အခွင့်အရေးကို ရရှိစေရမည် -
(က) မူပွားခြင်း၊
(ခ) ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ်ခြင်း၊ အခြားနည်းဖြင့်ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း၊
(ဂ) မူရင်း သို့မဟုတ် မိတ္တူကို ရောင်းချခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပိုင်ဆိုင်မှုကို လွှဲပြောင်းခြင်းဖြင့် အများပြည်သူသို့ ဖြန့်ချိခြင်း၊
ခြွင်းချက်။ မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်သည် ၎င်း၏ခွင့်ပြုချက် ဖြင့် မည်သည့်နိုင်ငံတွင်မဆို ရောင်းချပြီးသော သို့မဟုတ် ပိုင်ဆိုင် ခွင့်ကို လွှဲပြောင်းထားပြီးသော စာပေအနုပညာလက်ရာ မူရင်း သို့မဟုတ် မိတ္တူအပေါ်တွင် ဖြန့်ချိသည့် အခွင့်အရေးကို မရရှိစေရ။
(ဃ) ကွန်ပျူတာပရိုဂရမ်၊ အရုပ်အသံလက်ရာ၊ ဖိုနိုဂရမ်တွင် ထည့်သွင်းထားသည့် စာပေအနုပညာလက်ရာ၊ အချက်အလက်အစုအဝေး သို့မဟုတ် သင်္ကေတပုံစံ ဖြစ်သည့်ဂီတလက်ရာတို့၏ မူရင်း သို့မဟုတ် မိတ္တူကို အများပြည်သူသို့ အခကြေးငွေဖြင့် ငှားရမ်းခြင်း၊
ခြွင်းချက်။ သို့ရာတွင် ငှားရမ်းခြင်း၌ ကွန်ပျူတာပရိုဂရမ်သည် ငှားရမ်းခြင်း ၏ အဓိကအချက်မဟုတ်ပါက အခကြေးငွေဖြင့် ငှားရမ်းခြင်း၏ အခွင့်အရေးနှင့် သက်ဆိုင်ခြင်း မရှိစေရ။
(င) အများပြည်သူအား ဖျော်ဖြေခြင်း၊
(စ) ထုတ်လွှင့်ခြင်း၊
(ဆ) အခြားတစ်နည်းနည်းဖြင့် အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း။
၁၆။ မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်သည် ယင်း၏ စီးပွားရေးဆိုင်ရာ အခွင့်အရေး များကို ပုဂ္ဂိုလ်တစ်ဦးဦးအား ဤဥပဒေ အခန်း(၁၂)ပါပြဋ္ဌာန်းချက်များနှင့်အညီ လွှဲပြောင်းခြင်း ပြုနိုင်သည်။
၁၇။ မူလလက်ရာရှင်သည် စာပေအနုပညာလက်ရာနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၅ ပါ အခွင့်အရေး များကို ပိုင်ဆိုင်ခြင်းမရှိစေကာမူ အောက်ဖော်ပြပါ ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးများကို သီးသန့်အခွင့်အရေးအဖြစ် ရရှိစေရမည် -
(က) အများပြည်သူအသုံးပြုသည့် စာပေအနုပညာလက်ရာ မိတ္တူများပေါ်တွင် မိမိ၏ အမည်ကို ထင်ရှားပေါ်လွင်စွာ ဖော်ပြခွင့် အခွင့်အရေး၊
(ခ) အများပြည်သူအသုံးပြုသည့် စာပေအနုပညာလက်ရာမိတ္တူများပေါ်တွင် မူလက အမည်ဝှက်၊ အမည်ပွားဖြင့် ဖော်ပြထားလျှင် ယင်းအမည်ဝှက်၊ အမည်ပွားဖော်ပြခွင့် အခွင့်အရေး၊
(ဂ) စာပေအနုပညာလက်ရာနှင့်စပ်လျဉ်း၍ မိမိ၏ဂုဏ်သိက္ခာနှင့် ထင်ရှားကျော်ကြားမှု ကိုထိခိုက်စေရန် တစ်နည်းနည်းဖြင့် မူလပုံပန်းသဏ္ဍာန်နှင့် အနှစ်သာရပျက်စေ ခြင်း၊ ချို့ယွင်းစေခြင်း သို့မဟုတ် ပြုပြင်ခြင်းကိုသော်လည်းကောင်း၊ ရုတ်လျော့ သေးသိမ်စေရန် အခြားတစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းကိုသော်လည်းကောင်း ကန့်ကွက်ပိုင်ခွင့် အခွင့်အရေး။
၁၈။ မူလလက်ရာရှင်သည် -
(က) သက်ရှိထင်ရှားရှိပါက ပုဒ်မ ၁၇ ပါ ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေး တစ်ရပ်ရပ်ကို လွှဲပြောင်းခွင့် မရှိစေရ။
(ခ) ကွယ်လွန်ပြီးဖြစ်ပါက သေတမ်းစာဖြင့် တရားဝင် အမွေဆက်ခံသူကဖြစ်စေ၊ မူလ လက်ရာရှင်နှင့်သက်ဆိုင်သည့် ဥပဒေအရ အမွေဆက်ခံသူကဖြစ်စေ ပုဒ်မ ၁၇ ပါ ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးတစ်ရပ်ရပ်ကို အရေးဆိုပိုင်ခွင့်ရှိသည်။
(ဂ) သီးသန့်အသုံးပြုမှုများအတွက် ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးကို စွန့်လွှတ်နိုင်သည်။ ယင်းသို့စွန့်လွှတ်ကြောင်းကို စာဖြင့်ရေးသား လက်မှတ် ရေးထိုး၍ ပြုလုပ်ရမည်။
အခန်း (၁၀)
စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို မူလပိုင်ရှင်အဖြစ်ရရှိသူ
၁၉။ စာပေအနုပညာလက်ရာကို ဖန်တီးသည့် မူလလက်ရာရှင်သည် စီးပွားရေးဆိုင်ရာ အခွင့် အရေးများ၏ မူလပိုင်ရှင်ဖြစ်ရမည်။ သို့ရာတွင် -
(က) ပူးတွဲမူလလက်ရာရှင်များ၏ စာပေအနုပညာလက်ရာဖြစ်ပါက -
(၁) ပူးတွဲမူလလက်ရာရှင်များသည် စီးပွားရေးဆိုင်ရာအခွင့်အရေး၏ မူလ ပိုင်ရှင်များ ဖြစ်ရမည်။
(၂) ပူးတွဲမူလလက်ရာရှင်၏ လက်ရာတစ်ခုတွင် သီးခြားစီ အသုံးပြုနိုင်သည့် အပိုင်းများပါဝင်ပြီး အပိုင်းတစ်ခုချင်းစီ၏ မူလလက်ရာရှင်ကို ခွဲခြား သတ်မှတ်နိုင်ပါက ထိုသူဖန်တီးသည့် အပိုင်းအတွက် စီးပွားရေးဆိုင်ရာ အခွင့်အရေး၏ မူလပိုင်ရှင် ဖြစ်ရမည်။
(ခ) အရုပ်အသံလက်ရာဖြစ်ပါက -
(၁) ထုတ်လုပ်သူသည် အခြားနည်းဖြင့် သဘောတူညီချက်မရှိလျှင် စီးပွားရေး ဆိုင်ရာ အခွင့်အရေးများ၏ မူလပိုင်ရှင် ဖြစ်ရမည်။
(၂) အရုပ်အသံလက်ရာ၏ ပူးတွဲမူလလက်ရာရှင်များနှင့် အရုပ်အသံလက်ရာ ပြုလုပ်ရေးအတွက် မူလကပင်ရှိထားပြီးဖြစ်သော အရုပ်အသံဆိုင်ရာ လက်ရာများပါဝင်သည့် သို့မဟုတ် မှီငြမ်းပြုခြင်းခံထားရသည့် မူလ လက်ရာရှင်များသည် ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုများအတွက် သော် လည်းကောင်း၊ အသုံးပြုထားသည့် မူလကပင်ရှိထားပြီးဖြစ်သော အရုပ် အသံလက်ရာများအတွက် သော်လည်းကောင်း အရုပ်အသံလက်ရာမှ စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို သီးခြားစီ ရရှိရမည်။
(၃) ပုဒ်မခွဲငယ်(၂) အရ ရရှိသော စီးပွားရေးဆိုင်ရာ အခွင့်အရေးများသည် အရုပ်အသံလက်ရာတွင် ယင်းတို့၏ပါဝင်ဆောင်ရွက်ထားသမျှ သို့မဟုတ် မူလကပင်ရှိထားပြီးဖြစ်သော အရုပ်အသံဆိုင်ရာလက်ရာ ပါရှိသမျှသာ ရရှိရမည်။
(ဂ) စုပေါင်းလက်ရာဖြစ်ပါက စာပေအနုပညာလက်ရာကို ဦးစီးဦးဆောင်ပြုသည့် လူ ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် စီးပွားရေး ဆိုင်ရာ အခွင့်အရေး၏ မူလပိုင်ရှင် ဖြစ်ရမည်။
(ဃ) ဓာတ်ပုံလက်ရာဖြစ်ပါက -
(၁) မူလဖန်တီးရိုက်ကူးသည့် ဓာတ်ပုံဆရာသည် စီးပွားရေးဆိုင်ရာအခွင့် အရေးများ၏ မူလပိုင်ရှင် ဖြစ်ရမည်။
(၂) ဓာတ်ပုံဆရာသည် အခြားတစ်စုံတစ်ယောက်၏စာဖြင့်ရေးသားထားသော သီးခြားသဘောတူညီချက်ဖြင့် အဖိုးအခယူ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါသဘောတူညီချက်မှာ ဆန့်ကျင်ကွဲလွဲမှုမရှိခဲ့လျှင် ဓာတ်ပုံလက်ရာကို ဖန်တီးရန်စေခိုင်းသူမှာ စီးပွားရေးဆိုင်ရာအခွင့်အရေးများ၏ မူလပိုင်ရှင် ဖြစ်ရမည်။
(င) စာပေအနုပညာလက်ရာကို ဖန်တီးရန် အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သဘော တူညီချက်အရဖြစ်စေ၊ ထိုသဘောတူညီချက်၏ အကျိုးဆက်အရဖြစ်စေ လုပ်ခ လစာဖြင့် အလုပ်ခန့်ထားသော အလုပ်သမားဖြစ်သူက အလုပ်ချိန်အတွင်း စာပေ အနုပညာလက်ရာကို ဖန်တီးခြင်းဖြစ်ပါက အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင် အလုပ်ရှင်သည် စီးပွားရေးဆိုင်ရာအခွင့်အရေး၏ မူလပိုင်ရှင်ဖြစ်ရမည်။
ရှင်းလင်းချက်။ အလုပ်ရှင်ဆိုရာတွင် အလုပ်ရှင်၏ တရားဝင်စီမံခန့်ခွဲမှု ဆိုင်ရာကိုယ်စားလှယ်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းတွင် အလုပ်ရှင် ကွယ်လွန်ပါက ယင်း၏ အမွေဆက်ခံသူနှင့် အစုရှယ်ယာ တရားဝင်လက်ခံရရှိသူတို့လည်း ပါဝင်သည်။
၂၀။ မူလလက်ရာရှင်နှင့် ၎င်းကို ကိုယ်စားပြုသူနှင့် စပ်လျဉ်း၍ -
(က) စာပေအနုပညာလက်ရာတစ်ရပ်ရပ်တွင် မူလလက်ရာရှင်က အသုံးပြုနေကျ အမည်ဖြင့်ဖြစ်စေ၊ အမည်ဝှက်၊ အမည်ပွားဖြင့်ဖြစ်စေ ဖော်ပြချက်နှင့်စပ်လျဉ်း၍ ဆန့်ကျင်ကွဲလွဲသည့် အထောက်အထားမရှိလျှင် သို့မဟုတ် သံသယဖြစ်ဖွယ်ရာ မရှိလျှင် ယင်းပုဂ္ဂိုလ်ကို စာပေအနုပညာလက်ရာ၏ မူလလက်ရာရှင် ဖြစ်သည်ဟု မှတ်ယူရမည်။
(ခ) အမည်ဝှက်၊ အမည်ပွား သို့မဟုတ် အမည်မဖော်ပြသည့် စာပေအနုပညာလက်ရာ တွင် -
(၁) ထုတ်ဝေသူ၏အမည်ပေါ်လွင်သည့်အပြင် ဆန့်ကျင်ကွဲလွဲသည့် အထောက် အထားမရှိပါက ထုတ်ဝေသူသည် မူလလက်ရာရှင်ကို ကိုယ်စားပြုသည်ဟု မှတ်ယူရမည်ဖြစ်ပြီး မူလလက်ရာရှင်၏ စီးပွားရေးဆိုင်ရာ အခွင့်အရေး နှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးများ ရရှိရမည်။
(၂) မူလလက်ရာရှင် မည်သူမည်ဝါဟု ထင်ရှားပေါ်ပေါက်လာပါက ပုဒ်မခွဲငယ် (၁)ပါ အခွင့်အရေးသည် ရပ်စဲပြီး ဖြစ်ရမည်။
အခန်း (၁၁)
စီးပွားရေးဆိုင်ရာ အခွင့်အရေးများ၏ ကန့်သတ်ချက်နှင့် ကင်းလွတ်ချက်များ
၂၁။ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်တိုင် အသုံးပြုရေးအတွက် ထုတ်ဝေပြီးသော စာပေအနုပညာလက်ရာ၏ မိတ္တူတစ်ခုကို အခွင့်အရေး ရရှိသူ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ မူပွားခြင်းပြုနိုင်သည်။ ထိုသို့မူပွားခြင်းပြုရာတွင် စာပေ အနုပညာလက်ရာတစ်ခုခုကို သာမန်အသုံးပြုမှုနှင့် မဆန့်ကျင်စေမည့် သို့မဟုတ် အခွင့်အရေး ရရှိသူတစ်ဦးဦး၏ တရားဝင်အကျိုးခံစားခွင့်ကို မလျော်ကန်သော အခြားနည်းဖြင့် ထိခိုက်ခြင်း မရှိသည့် မူပွားခြင်းဖြစ်ရမည်။ သို့ရာတွင် ဤကင်းလွတ်ချက်သည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်းမရှိစေရ -
(က) အဆောက်အအုံ သို့မဟုတ် အခြားဆောက်လုပ်မှုပုံစံ ဗိသုကာလက်ရာကို မူပွားခြင်း၊
(ခ) စာအုပ် သို့မဟုတ် သင်္ကေတပုံစံဖြစ်သည့် ဂီတလက်ရာ၏ တစ်ခုလုံးကိုဖြစ်စေ၊ အဓိကအပိုင်းကိုဖြစ်စေ မူပွားခြင်း၊
(ဂ) အချက်အလက်အစုအဝေး တစ်ခုလုံးကိုဖြစ်စေ၊ အဓိကအစိတ်အပိုင်းကိုဖြစ်စေ ဒီဂျစ်တယ်ပုံစံဖြင့် မူပွားခြင်း၊
(ဃ) ပုဒ်မ ၂၇ တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်နှင့် ညီညွတ်ခြင်းမရှိသော ကွန်ပျူတာ ပရိုဂရမ်ကိုမူပွားခြင်း။
၂၂။ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ အောက်ပါအချက်များနှင့် ညီညွတ် ပါက စာပေအနုပညာလက်ရာအား ယာယီမူပွားခြင်းကို ခွင့်ပြုရမည် -
(က) စာပေအနုပညာလက်ရာကို ဒီဂျစ်တယ်ပို့လွှင့်သည့် လုပ်ငန်းစဉ်ပြုလုပ်ရာတွင် ဖြစ်စေ၊ ဒီဂျစ်တယ်နည်းဖြင့် သိမ်းဆည်းထားသည့် စာပေအနုပညာလက်ရာအား ထင်ရှားစွာသိမြင်နိုင်စေရန်ပြုလုပ်ရာတွင်ဖြစ်စေ မူပွားခြင်း၊
(ခ) ပုဒ်မခွဲ (က)အရ မူပွားခြင်းပြုလုပ်ရန် အခွင့်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးမှ ဆောင်ရွက်ခြင်း။
၂၃။ (က) ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ ထုတ်ဝေသည့် စာပေအနုပညာ လက်ရာ၏ တစ်စိတ်တစ်ဒေသကို ကိုးကားသည့်အနေဖြင့် အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ မူပွားခြင်းပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ မူပွားခြင်းသည် သင့်လျော်မျှတသည့် လက်တွေ့အသုံးပြုမှုနှင့် ကိုက်ညီရမည့်အပြင် မိမိအသုံးပြုလိုသည့် သင့်လျော်သော အရေအတွက်ထက် ကျော်လွန်ခြင်းမရှိစေရ။
(ဂ) ကောက်နုတ်ကိုးကားသည့် စာပေအနုပညာလက်ရာတွင် မူလလက်ရာရှင်၏ အမည်ဖော်ပြပါရှိပါက ထိုမူလလက်ရာရှင်၏အမည်နှင့် ရည်ညွှန်းသည့် အချက် အလက် အထောက်အထားတို့ကို ကိုးကားချက်တွင် ဖော်ပြရမည်။
၂၄။ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ အောက်ဖော်ပြပါ အချက်များနှင့် ညီညွတ်သော မူပွားခြင်းကို အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ ပြုလုပ်ခွင့်ရှိသည်။ သို့ရာတွင် ထိုသို့မူပွားခြင်းသည် သင့်လျော်မျှတသည့် လက်တွေ့အသုံးပြုမှုနှင့် ကိုက်ညီသည့် အပြင် မိမိအသုံးပြုလိုသည့် သင့်လျော်သောအရေအတွက်ထက် ကျော်လွန်မှုမရှိစေရ။ ထို့ပြင် မိတ္တူများပေါ်တွင် မူလလက်ရာရှင်၏အမည်နှင့် မူပွားခြင်းပြုသော စာပေအနုပညာလက်ရာ အား ရည်ညွှန်းသည့် အချက်အလက်အထောက်အထားတို့ကို ဖြစ်နိုင်သမျှ ဖော်ပြရမည် -
(က) ထုတ်ဝေပြီးလက်ရာကိုဖြစ်စေ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပါဝင်သော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပညာသင်ကြားရန်ရည်ရွယ်ချက် အတွက် စာအရေးအသား၊ အသံ သို့မဟုတ် မြင်နိုင်သည့်မှတ်တမ်းဖြင့် မူပွားခြင်း၊
(ခ) ပုဒ်မခွဲ(က)အရ အသုံးပြုခြင်းတွင် ကွန်ပျူတာကွန်ရက်အား အသုံးပြုခွင့်ရှိသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှသာ အဆိုပါကွန်ရက်မှ တစ်ဆင့် အသုံးပြုခြင်း၊
(ဂ) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ စီးပွားရေးအတွက် အကျိုးအမြတ်မဖြစ် စေဘဲ ထုတ်ဝေပြီးဆောင်းပါး၊ စာပေအနုပညာလက်ရာ၏ တစ်စိတ်တစ်ဒေသ သို့မဟုတ် ကောက်နုတ်ချက်ကို ပညာသင်ကြားရေးအတွက် မိမိအသုံးပြုလိုသည့် အရေအတွက်နှင့် အတိုင်းအတာအထိ မူပွားခြင်း၊
(ဃ) ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် ၎င်းတို့၏ သင်ရိုးညွှန်းတမ်းများကို သင်ကြားပို့ချသူများနှင့် သင်ယူမည့်သူများသာ အသုံးပြုနိုင်သည့် လုံခြုံစိတ်ချရ သော ကွန်ပျူတာကွန်ယက်ပေါ်တွင် ဝဘ်ဆိုက်မှတစ်ဆင့် ပညာသင်ကြားသည့် နယ်ပယ်၊ သုတေသနလုပ်ငန်း အထောက်အကူပြုနယ်ပယ်နှင့် စာကြည့်တိုက် နယ်ပယ်တို့၌လည်းကောင်း၊ သင်ကြားပို့ချနေသည့် သင်တန်းများ၌လည်းကောင်း အသုံးပြုမည့် အီလက်ထရောနစ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို ပုဒ်မခွဲ (က) အရ ပြုလုပ်ထားသော ပုံနှိပ်မိတ္တူများတွင် ပေါင်းစပ်အသုံးပြုခြင်း၊
(င) ယင်းသင်ရိုးညွှန်းတမ်းများကို သင်ယူမည့်ပုဂ္ဂိုလ်များသည် ၎င်းတို့ကိုယ်ပိုင် အသုံးပြုရန်အတွက်လည်းကောင်း၊ စာကြည့်တိုက်တွင် အပ်နှံရန်အတွက် လည်းကောင်း ပုံနှိပ်ပုံစံဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်ပုံစံဖြင့်ဖြစ်စေရှိသော စာပေအနုပညာလက်ရာများ၏ အစိတ်အပိုင်းများကို မိမိတို့မှတ်တမ်း ပြုစုထား သောစာစဉ်၊ သုတေသနစာတမ်းများအတွက် ပေါင်းစပ်အသုံးပြုခြင်း။
၂၅။ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ စာကြည့်တိုက်နှင့် မော်ကွန်းတိုက် တစ်ခုခုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ စီးပွားရေးအကျိုးအမြတ်မဖြစ်စေဘဲ စာပေအနုပညာလက်ရာ တစ်ရပ်ရပ်အား အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ အောက်ပါတို့အတွက် မူပွား၍ မိတ္တူတစ်ခုကို ပြုလုပ်နိုင်သည် -
(က) မူပွားခြင်းသည် စာပေအနုပညာလက်ရာဖြစ်လျှင် ထုတ်ဝေပြီးသော ဆောင်းပါး၊ အခြားစာပေအနုပညာလက်ရာ၏ တစ်စိတ်တစ်ဒေသ သို့မဟုတ် ကောက်နုတ် ချက်ဖြစ်ရမည်ဖြစ်ပြီး မူပွားခြင်း၏ ရည်ရွယ်ချက်မှာ ပုဂ္ဂိုလ်တစ်ဦးဦး၏ တောင်းဆိုချက်အရဖြစ်ရမည်။ သို့ရာတွင် ထိုသို့မူပွားခြင်းမှာ -
(၁) ယင်းမိတ္တူကို လေ့လာရေး၊ ပညာသင်ကြားရေး သို့မဟုတ် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သုတေသနပြုလုပ်ရေးအတွက်သာဖြစ်ကြောင်း စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်က ကျေနပ်လက်ခံမှုရှိခြင်း၊
(၂) တစ်ခုနှင့်တစ်ခုကွဲပြားပြီး ဆက်စပ်မှုမရှိပါက သီးခြားစီမူပွားခြင်း။
(ခ) မိတ္တူတစ်ခုကို ထိန်းသိမ်းထားရန်နှင့် လိုအပ်ပါက အစားထိုးရန် ပြုလုပ်ခြင်း ဖြစ်လျှင်သော်လည်းကောင်း၊ မိတ္တူတစ်ခုမှာ အခြားအလားတူ စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်က စုဆောင်းရှာဖွေ ထိန်းသိမ်းရာ၌ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ ငှားရမ်းခြင်းပြုရန် အသုံးမပြုနိုင်ခြင်းကြောင့် မိတ္တူတစ်ခုကို အစားထိုးရန်အတွက်သော်လည်းကောင်း မူပွားခြင်းဖြစ်ရမည်။ သို့ရာတွင် ထိုသို့ မူပွားခြင်းမှာ -
(၁) မိတ္တူတစ်ခုကိုရရှိရန် ကြိုးစားရှာဖွေသော်လည်း မရရှိနိုင်ကြောင်း ခိုင်လုံသော အခြေအနေရှိခြင်း၊
(၂) တစ်ခုနှင့်တစ်ခုကွဲပြားပြီး ဆက်စပ်မှုမရှိပါက သီးခြားစီ မူးပွားခြင်း။
(ဂ) စာပေအနုပညာလက်ရာများကို မိတ္တူပွားရန်နှင့် ထိန်းသိမ်းထားရှိရန် ရည်ရွယ် ချက်အတွက် အောက်ပါအတိုင်း မိတ္တူများကို ပြုလုပ်နိုင်သည် -
(၁) စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်တစ်ခုခုသည် အဖွဲ့အစည်း အတွက် စုဆောင်းမှုပြုလုပ်ရာတွင် စာပေအနုပညာလက်ရာ သို့မဟုတ် ယင်း၏မိတ္တူ မပြည့်စုံခဲ့လျှင်ဖြစ်စေ၊ ဈေးကွက် သို့မဟုတ် ထုတ်ဝေသူထံ မှ မရရှိနိုင်လျှင်ဖြစ်စေ လိုအပ်သောအပိုင်းများကို အခြားစာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်မှ မိတ္တူကူးယူခြင်း သို့မဟုတ် မိတ္တူကိုရရှိ အောင် ဆောင်ရွက်ခြင်း ပြုနိုင်သည်။
(၂) စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်သည် အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်သော်လည်း မရရှိနိုင် လျှင်ဖြစ်စေ၊ ဈေးကွက် သို့မဟုတ် ထုတ်ဝေသူထံမှ မရရှိနိုင်လျှင်ဖြစ်စေ စာပေအနုပညာလက်ရာများကို မိတ္တူ ပြုလုပ်နိုင်သည်။
(၃) ပုဒ်မခွဲငယ်(၁)နှင့် (၂)တို့နှင့်အညီ ပြုလုပ်ထားသော မိတ္တူများကို အသုံးပြုသူများမှ စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက် ပရဝုဏ် အတွင်း လေ့လာခြင်းပြုနိုင်သည်။ ထို့ပြင် စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်သည် အဆိုပါမိတ္တူများကို အသုံးပြုသူများအား ကိုယ်ပိုင် သုံးရန်နှင့် ယင်းပရဝုဏ်အတွင်း လေ့လာခြင်းပြုရန် ငှားရမ်းနိုင်သည်။
(ဃ) စာကြည့်တိုက်များသည် စာတိုက်၊ ဖက်စ် သို့မဟုတ် လုံခြုံစိတ်ချရသော အီလက်ထရောနစ်ဆက်သွယ်ရေးဖြင့် တစ်ခုနှင့်တစ်ခု အချင်းချင်း ထောက်ပံ့ ပေးနိုင်သည်။ သို့ရာတွင် စာပေအနုပညာလက်ရာ၏ အီလက်ထရောနစ်ပုံစံဖိုင် မိတ္တူအား စာရွက်မိတ္တူအဖြစ် ထုတ်ယူပြီးနောက် ယင်းအီလက်ထရောနစ်ပုံစံဖိုင် မိတ္တူအား ချက်ချင်းဖျက်ပစ်ရမည်။ ထို့ပြင်လက်ခံရရှိသော စာကြည့်တိုက်သည် ယင်းစာကြည့်တိုက်အသုံးပြုသူအား စာရွက်မိတ္တူကို ထောက်ပံ့ပေးနိုင်သည်။
(င) စာကြည့်တိုက် သို့မဟုတ် မော်ကွန်းတိုက်တစ်ခုခုသည် အသုံးပြုသူများအတွက် စာပေအနုပညာလက်ရာများအား လိုအပ်သော ဘာသာစကားဖြင့် မရရှိနိုင်သော အခြေအနေတွင် ပညာသင်ကြားရေး သို့မဟုတ် သုတေသနပြုလုပ်ရေးအတွက် တရားဝင်ရရှိထားသော သိုမဟုတ် တရားဝင်အသုံးပြုခွင့်ရရှိထားသော စာပေ အနုပညာလက်ရာများကို ဘာသာပြန်ဆိုနိုင်သည်။ အဆိုပါ ဘာသာပြန်ဆိုခြင်း သည် အခြားသော ရည်ရွယ်ချက်အတွက် အသုံးပြုခွင့်မရှိစေရ။
(စ) လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် လူနည်းစုသာပြောဆိုသော ဘာသာစကားမှလည်းကောင်း၊ ယင်းဘာသာစကားသို့လည်းကောင်း၊ စီးပွားရေး အလို့ငှာမဟုတ်ဘဲ အများပြည်သူတို့အား သတင်းအချက်အလက်ပေးရန်အတွက် စာပေ အနုပညာလက်ရာများကို ဘာသာပြန်ဆိုနိုင်သည်။
၂၆။ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)၊ (စ)နှင့် (ဆ)တို့တွင် မည်သို့ပင်ပါရှိစေကာမူ မူလလက်ရာရှင်၏ အမည်နှင့် အချက်အလက်အထောက်အထားတို့ကို ရနိုင်သမျှ ရည်ညွှန်းဖော်ပြပါက အခွင့်အရေး ရရှိသူ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ အောက်ပါတို့ကို ပြုလုပ်နိုင်သည် -
(က) ထုတ်ဝေပြီးသည့် သတင်းစာတွင်ဖြစ်စေ၊ ပုံမှန်ထုတ်ဝေသည့် စာစောင်တွင် ဖြစ်စေ ပါရှိသည့် မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးဆိုင်ရာ သတင်းဆောင်းပါးများ သို့မဟုတ် အလားတူသတင်းဆောင်းပါး ထုတ်လွှင့်ချက် များကို သတင်းစာနှင့် ပုံမှန်ထုတ်ဝေသည့်စာစောင်တွင် မူပွားခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်း၊ အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း။
ခြွင်းချက်။ ဤသို့ပြုလုပ်ပိုင်ခွင့်သည် အခွင့်အရေးရရှိသူက မူပွားခြင်းအတွက် သော်လည်းကောင်း၊ စာပေအနုပညာလက်ရာကို သက်ဆိုင်ရာ အဖွဲ့အစည်းက ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အများ ပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်းအတွက် သော်လည်းကောင်း အတိအလင်း တားမြစ်ထားပါက ထိုသို့ မူပွားခြင်း မပြုရ။
(ခ) လတ်တလော အဖြစ်အပျက်များကို တင်ပြရန်အလို့ငှာ ထုတ်လွှင့်ဖြန့်ချိပြီး ဖြစ်သော စာပေအနုပညာလက်ရာများ၏ ကောက်နုတ်ချက် တစ်စိတ်တစ်ဒေသ ကို သင့်လျော်စွာ မူပွားခြင်းနှင့် ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အများ ပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း။
(ဂ) လတ်တလော သတင်းအချက်အလက်များကို ဖော်ပြရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူသို့ ဟောကြားခဲ့သည့် နိုင်ငံရေးပြောကြားချက်၊ ပို့ချချက်၊ မိန့်ခွန်း ပြောကြားချက်၊ တရားဓမ္မဟောကြားချက် သို့မဟုတ် အခြားအလားတူ စာပေ အနုပညာဆိုင်ရာ ဇာတ်လမ်းဇာတ်ကွက် သုတရသ ဟောပြောချက်များကို သတင်းစာတွင်ဖြစ်စေ၊ ပုံမှန်ထုတ်ဝေသည့် စာစောင်တွင်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပုံနှိပ်ထုတ်ဝေခြင်း၊ မူပွားခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်း၊ အခြားနည်းဖြင့် အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း။ သို့ရာတွင် ဤသို့ပြုလုပ်ခြင်းသည် စီးပွားရေးအလို့ငှာ မဟုတ်ဘဲ လိုအပ်သမျှ အတိုင်းအတာထိသာ ဖြစ်ရမည်။
၂၇။ ကွန်ပျူတာပရိုဂရမ်နှင့် စပ်လျဉ်း၍ -
(က) ပုဒ်မ ၁၅ ပုဒ်မခွဲ(က)နှင့် (ခ)တို့တွင် မည်သို့ပင်ပါရှိစေကာမူ ကွန်ပျူတာပရိုဂရမ် မိတ္တူ၏ တရားဝင်ပိုင်ရှင်သည် အောက်ဖော်ပြပါအချက်တစ်ခုခုနှင့် ညီညွတ်ပါက အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်မပါဘဲ ကွန်ပျူတာပရိုဂရမ်၏ မိတ္တူတစ်ခုကို မူပွားခြင်း သို့မဟုတ် မှီငြမ်းခြင်းပြုနိုင်သည်။
(၁) ကွန်ပျူတာပရိုဂရမ်ကို ရယူခဲ့ပြီးသည့် ရည်ရွယ်ချက်နှင့် အတိုင်းအတာ အထိ ယင်းကွန်ပျူတာပရိုဂရမ်အား အသုံးပြုခြင်း၊
(၂) ကွန်ပျူတာပရိုဂရမ် မိတ္တူကို မှတ်တမ်းအဖြစ်ထားရှိရန်နှင့် ကွန်ပျူတာ ပရိုဂရမ် မိတ္တူမှာ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ အသုံးမပြုနိုင်သည့် အခြေအနေရောက်ရှိခြင်းတို့ ဖြစ်ပေါ်သည့်အခါ တရားဝင်ပိုင်ဆိုင်သည့် ကွန်ပျူတာပရိုဂရမ်မိတ္တူကို ပြန်လည်အစားထိုးရန် လိုအပ်ခြင်း၊
(၃) မိမိကိုယ်တိုင် အသုံးပြုရန်အတွက် အရန်အဖြစ်ထားရှိရန် ကွန်ပျူတာ ပရိုဂရမ်ကို မူပွားခြင်း၊
(ခ) ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့်ကိစ္စများမှအပ အခြားရည်ရွယ်ချက် တစ်ခုခု အတွက် ကွန်ပျူတာပရိုဂရမ်၏ မည်သည့်မိတ္တူ သို့မဟုတ် မူရင်းလက်ရာကိုမျှ မှီငြမ်းခြင်းမပြုရ။ ထို့ပြင် ယင်းကွန်ပျူတာပရိုဂရမ်၏ မိတ္တူကို ဆက်လက်၍ တရားဝင်လက်ဝယ်ထားပိုင်ခွင့် ရပ်စဲသည့်အခါ အဆိုပါမိတ္တူကိုဖြစ်စေ၊ မှီငြမ်း ထားသည့် ကွန်ပျူတာပရိုဂရမ်ကိုဖြစ်စေ ဖျက်ဆီးရမည်။
၂၈။ လူပုဂ္ဂိုလ်တစ်ဦးဦးသည် စီးပွားရေးအကျိုးအမြတ်အတွက်မဖြစ်စေဘဲ အခွင့်အရေးရရှိ သူ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ စာပေအနုပညာလက်ရာ၏ မိတ္တူကို ပြည်တွင်းသို့ တင်သွင်းခြင်း ပြုနိုင်သည်။
၂၉။ (က) ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ ထုတ်လွှင့်သည့် အဖွဲ့အစည်း သည် ကိုယ်ပိုင်အထောက်အကူပစ္စည်း ကိရိယာများဖြင့် ကိုယ်ပိုင်ထုတ်လွှင့်ခြင်း အတွက် ခွင့်ပြုထားသည့် စာပေအနုပညာလက်ရာ တစ်ခုခု၏ ယာယီမှတ်တမ်း တင်ခြင်းကို ပြုလုပ်နိုင်သည်။ ထိုသို့ ယာယီမှတ်တမ်း ပြုလုပ်ထားသည့် မိတ္တူ အားလုံးကို ပြုလုပ်သည့်နေ့မှ ၆ လအတွင်း သို့မဟုတ် မူလလက်ရာရှင်နှင့် သဘောတူထားသော ၆ လထက်ပိုသည့် ကာလအတွင်း ဖျက်ဆီးရမည်။
(ခ) ထူးခြားသောလက္ခဏာရှိသည့် စာပေအနုပညာလက်ရာဖြစ်ပါက အဆိုပါ ယာယီ မှတ်တမ်းအား အစိုးရမော်ကွန်းတိုက်သို့ ထိန်းသိမ်းထားရန် ပေးပို့နိုင်သည်။
၃၀။ (က) ပုဒ်မ ၁၅ ပုဒ်မခွဲ (က)၊ (ဂ)၊ (င)၊ (ဆ)ပါ ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိ စေကာမူ အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ စာပေအနုပညာလက်ရာကို အသုံးပြု၍ရသော ပုံစံမိတ္တူပြုလုပ်ရန်၊ အမြင်အာရုံချို့တဲ့သူများအတွက် ဆောင်ရွက်ပေးသော တာဝန်ရှိအဖွဲ့အစည်းတစ်ခုခုထံမှ ယင်းပုံစံမိတ္တူကို ရရှိရန် နှင့် စီးပွားရေးအလို့ငှာမဟုတ်ဘဲ ငှားရမ်းခြင်း၊ ဝါယာကြိုးဖြင့် သို့မဟုတ် ဝါယာကြိုးမဲ့နည်းဖြင့် ဆက်သွယ်ခြင်းအပါအ၀င် မည်သည့်နည်းလမ်းဖြင့်မဆို အမြင်အာရုံချို့တဲ့သောပုဂ္ဂိုလ်များအား အဆိုပါမိတ္တူများကို ထောက်ပံ့နိုင်ရေး အတွက် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီပါက တာဝန်ရှိအဖွဲ့အစည်း အား ခွင့်ပြုရမည် -
(၁) ပုဒ်မခွဲ(က)ပါလုပ်ငန်းများကို ဆောင်ရွက်ရန် ဆန္ဒရှိသော တာဝန်ရှိ အဖွဲ့အစည်းသည် ယင်းစာပေအနုပညာလက်ရာ သို့မဟုတ် မိတ္တူကို တရားဝင် အသုံးပြုခွင့်ရှိခြင်း၊
(၂) စာပေအနုပညာလက်ရာများကို အသုံးပြု၍ရသော ပုံစံမိတ္တူသို့ပြောင်းလဲ ရာတွင် အမြင်အာရုံချိုတဲ့သောပုဂ္ဂိုလ် နားလည်စေရန် ဆောင်ရွက်ခြင်း မှတစ်ပါး အခြားပြောင်းလဲခြင်းများ မပါဝင်ဘဲ အသုံးပြု၍ရသောပုံစံတွင် ပါ၀င်သည့် အချက်အလက်များကို လမ်းညွှန်ပေးခြင်း၊
(၃) ယင်းပုံစံမိတ္တူများကို အမြင်အာရုံချို့တဲ့သူများ သီးသန့်အသုံးပြုနိုင်စေရန် ထောက်ပံ့ပေးခြင်း၊
(၄) အကျိုးအမြတ်မပါဘဲ လှုပ်ရှားဆောင်ရွက်ခြင်း။
(ခ) အမြင်အာရုံချို့တဲ့သော ပုဂ္ဂိုလ်ကိုယ်တိုင်ကဖြစ်စေ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစု စောင့်ရှောက်သူအပါအဝင် ကိုယ်စားဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်တစ်ဦးဦးက ဖြစ်စေ ၎င်းပုဂ္ဂိုလ်များ ကိုယ်ပိုင်အသုံးပြုရေးအတွက် ပုံစံမိတ္တူကို ပြုလုပ်နိုင် သည့်အပြင် တရားဝင်အသုံးပြုခွင့်ရှိသည့် လက်ရာကိုလည်းကောင်း၊ လက်ရာ၏ မိတ္တူကိုလည်းကောင်း အသုံးပြု၍ရသော ပုံစံမိတ္တူပြုလုပ်ရန်နှင့် အသုံးပြုရန် တို့ကို ကူညီနိုင်သည်။
(ဂ) ထုတ်ဝေပြီးသည့် လက်ရာများကို အမြင်အာရုံချို့တဲ့သောပုဂ္ဂိုလ်များ ရယူသုံးစွဲနိုင် စေရန် အခွင့်အရေးပေးသည့် မာရာကက်ရှ် သဘောတူစာချုပ် ((Marakesh Treaty) ၏ အဖွဲ့ဝင်ဖြစ်သော အခြားနိုင်ငံတစ်ခုရှိ တာဝန်ရှိအဖွဲ့အစည်းထံ ၎င်းပုဂ္ဂိုလ်များ အသုံးပြု၍ရသော ပုံစံမိတ္တူများကို ဖြန့်ချိရန် သို့မဟုတ် ၎င်းပုဂ္ဂိုလ်များ သီးသန့်အသုံးပြုခွင့်ရရန် အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်မပါဘဲ တာဝန်ရှိအဖွဲ့အစည်းအား ခွင့်ပြုရမည်။
(ဃ) ထုတ်ဝေပြီးသည့် လက်ရာများကို အမြင်အာရုံချို့တဲ့သောပုဂ္ဂိုလ်များ ရယူသုံးစွဲနိုင် စေရန် အခွင့်အရေးပေးသည့် မာရာကက်ရှ် သဘောတူစာချုပ် (Marakesh Treaty) ၏ အဖွဲ့ဝင်ဖြစ်သော အခြားနိုင်ငံတစ်ခုရှိ အမြင်အာရုံချို့တဲ့သော ပုဂ္ဂိုလ်များထံ အသုံးပြု၍ရသော ပုံစံမိတ္တူများကို ဖြန့်ချိရန် သို့မဟုတ် အဆိုပါ ပုံစံမိတ္တူများကို သီးသန့်အသုံးပြုခွင့်ရရန် အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက်မပါဘဲ တာဝန်ရှိအဖွဲ့အစည်းအား ခွင့်ပြုရမည်။
(င) အမြင်အာရုံချို့တဲ့သော ပုဂ္ဂိုလ်များမှအပ အခြားသူများအတွက် အသုံးပြု၍ ရသော ပုံစံမိတ္တူကို အသုံးပြုနိုင်ရန် မသိ၍ဖြစ်စေ၊ သိရန်အကြောင်း တစ်စုံ တစ်ရာမရှိ၍ဖြစ်စေ ကြိုတင်ဖြန့်ချိခြင်း သို့မဟုတ် အသုံးပြုနိုင်ရန် ပြုလုပ်ခြင်း တို့ကို စတင်ဆောင်ရွက်သော တာဝန်ရှိအဖွဲ့အစည်း၏ ဆောင်ရွက်ချက်အပေါ် ပုဒ်မခွဲ (ဂ)နှင့် (ဃ) အရ ခွင့်ပြုထားသောအချက်များ သက်ရောက်မှုရှိသည်။
အခန်း(၁၂)
စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို လွှဲပြောင်းခြင်း
၃၁။ (က) မူပိုင်ခွင့်ပိုင်ရှင်သည် စီးပွားရေးဆိုင်ရာ အခွင့်အရေးတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်း ထားသော အဖွဲ့အစည်းအား လွှဲပြောင်းခြင်း ပြုနိုင်သည်။ လွှဲပြောင်းခြင်းတွင် လွှဲအပ်လုပ်ကိုင်ခွင့်ပေးခြင်းနှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းတို့ ပါဝင် သည်။
(ခ) မူပိုင်ခွင့်ပိုင်ရှင်သည် စီးပွားရေးဆိုင်ရာ အခွင့်အရေးကို အခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းအား အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း ပြုနိုင်သည် -
(၁) တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ အမွေ ဆက်ခံခြင်း၊
(၂) သေတမ်းစာရေးခွင့်ရှိသူက သေတမ်းစာဖြင့် ပေးခြင်း၊
(၃) ပေးကမ်းခြင်း (သို့မဟုတ်) လှူဒါန်းခြင်း၊
(၄) ပိုင်ဆိုင်ခွင့်ကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လွှဲပြောင်းခြင်း၊
(ဂ) စီးပွားရေးဆိုင်ရာအခွင့်အရေးကို မူပိုင်ခွင့်ပိုင်ရှင်က လွှဲပြောင်းခြင်းကို စာဖြင့် ရေးသား လက်မှတ်ရေးထိုး၍ ပြုလုပ်ရမည်။
၃၂။ မှတ်ပုံတင်ထားသော မူပိုင်ခွင့်အား လွှဲပြောင်းခြင်းကို ပြုလုပ်သည့်အခါ -
(က) လွှဲပြောင်းပေးခြင်းခံရသူသည် ထိုသို့လွှဲပြောင်းခြင်းကို မှတ်တမ်းတင်ပေးရန် သတ်မှတ်ထားသော အခကြေးငွေပေးသွင်းပြီး ဦးစီးဌာနသို့ လျှောက်ထားနိုင် သည်။
(ခ) လွှဲပြောင်းခြင်းပြုသည့် မှတ်တမ်းများအား ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် ရှိသည့်အခါ နှစ်ဦးနှစ်ဖက်က အထောက်အထား စာရွက်စာတမ်းများနှင့်အတူ သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။
၃၃။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၃၂ အရ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ လွှဲပြောင်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို မှတ်တမ်း တင်ပြီး သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
အခန်း(၁၃)
မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် အခွင့်အရေးများနှင့် အကာအကွယ်ပေးသည့် သက်တမ်းများ
၃၄။ ဖျော်ဖြေသူသည် အောက်ပါပြုလုပ်မှုတစ်ခုခုကို ကိုယ်တိုင်ဆောင်ရွက်ရန် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးအား ဆောင်ရွက်ခွင့်ပြုရန် သီးသန့်အခွင့်အရေးကို ရရှိစေရမည် -
(က) အောက်ပါအချက်တစ်ရပ်ရပ်ကိုပြုလုပ်၍ ထုတ်လွှင့်ခြင်း သို့မဟုတ် ဆက်သွယ် ပို့လွှင့်ခြင်းမှတစ်ပါး အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်း မပြုရသေးသည့် မိမိ၏ဖျော်ဖြေတင်ဆက်မှုကို ထုတ်လွှင့်ခြင်း သို့မဟုတ် အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း၊
(၁) ဖျော်ဖြေသူ၏ ခွင့်ပြုချက်ဖြင့် ဖျော်ဖြေတင်ဆက်မှုကို အရုပ်အသံ ပေါင်းစပ်ထည့်သွင်းပြုလုပ်ထားခြင်း သို့မဟုတ် သက်ဆိုင်ရာ ဖျော်ဖြေသူ ၏ ခွင့်ပြုချက်မပါဘဲ ပုဒ်မ ၃၈ ပါ ကိစ္စရပ်များကို ပြုလုပ်ခြင်း၊
(၂) ဖျော်ဖြေတင်ဆက်မှုကို စတင်ထုတ်လွှင့်သည့်အဖွဲ့အစည်းက ကိုယ်တိုင် ဖြစ်စေ၊ ယင်း၏ခွင့်ပြုချက်ဖြင့်ဖြစ်စေ ထပ်မံထုတ်လွှင့်ခြင်း၊
(ခ) အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်း မပြုရသေးသည့် မိမိ၏ ဖျော်ဖြေတင်ဆက် မှုကို အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်း၊
(ဂ) မိမိ၏ဖျော်ဖြေတင်ဆက်မှုအား အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်းကို နည်းလမ်း သို့မဟုတ် ပုံစံတစ်မျိုးမျိုးဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မူပွားခြင်း၊
(ဃ) ဖျော်ဖြေသူက မိမိ၏ ဖျော်ဖြေတင်ဆက်မှုအား အရုပ်အသံပေါင်းစပ်ထည့်သွင်း ထားသည့် မိတ္တူကို ယင်း၏ခွင့်ပြုချက်ဖြင့် မည်သည့်နိုင်ငံတွင်မဆို ရောင်းချ ခြင်း သို့မဟုတ် ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်း ပြုလုပ်ထားသည်မှတစ်ပါး မိမိ၏ဖျော်ဖြေတင်ဆက်မှုအား အရုပ်အသံပေါင်းစပ် ထည့်သွင်းခြင်းကိုဖြစ်စေ၊ ယင်း၏ မိတ္တူများကိုဖြစ်စေ အများပြည်သူသို့ ဖြန့်ချိခြင်း၊
(င) အခကြေးငွေဖြင့် ငှားရမ်းထားသည့် မိတ္တူ၏ ပိုင်ဆိုင်မှုသည် မည်သို့ပင်ရှိစေ ကာမူ မိမိ၏ဖျော်ဖြေတင်ဆက်မှုအား အရုပ်အသံပေါင်းစပ် ထည့်သွင်းခြင်းကို ဖြစ်စေ၊ ယင်း၏မိတ္တူများကိုဖြစ်စေ အများပြည်သူသို့ အခကြေးငွေဖြင့်ငှားရမ်းခြင်း၊
(စ) အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်း ပြုထားသည့် မိမိ၏ဖျော်ဖြေတင်ဆက်မှုကို အသုံးပြုခွင့်ရှိသူတစ်ဦးချင်းစီက ရယူအသုံးပြုလိုသည့် နေရာနှင့် အချိန်၌ ဝါယာကြိုးဖြင့် သို့မဟုတ် ဝါယာကြိုးမဲ့နည်းဖြင့် သို့မဟုတ် အခြားဆက်သွယ်မှု နည်းစနစ်တစ်ခုခုဖြင့် အများပြည်သူသို့ ရရှိခံစားနိုင်စေရန် ပြုလုပ်ခြင်း၊
၃၅။ ဖျော်ဖြေသူ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ -
(က) အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်းပြုရာတွင် ဖျော်ဖြေသူက မိမိ၏ ဖျော်ဖြေ တင်ဆက်မှုကို ပါဝင်ထည့်သွင်းရန် တစ်ကြိမ်သဘောတူပြီးဖြစ်ပါက ဖျော်ဖြေသူနှင့် ထုတ်လုပ်သူတို့အကြား ဆန့်ကျင်ကွဲလွဲသောသဘောတူညီချက်မရှိလျှင် ဖျော်ဖြေသူ သည် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်များနှင့် ထပ်မံ၍ သက်ဆိုင်ခြင်းမရှိစေရ။
(ခ) ဖျော်ဖြေသူသည် မိမိ၏ စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို လွှဲပြောင်းပြီးစေ ကာမူ မိမိ၏ တိုက်ရိုက်သီဆိုဖျော်ဖြေတင်ဆက်မှုနှင့် ဖိုနိုဂရမ်တွင် အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်းပြုသည့် သီဆိုဖျော်ဖြေတင်ဆက်မှုနှင့်စပ်လျဉ်း၍ အသုံး ပြုသည့်နည်းလမ်းအရ စည်းကမ်းချက်ဖြင့် ချန်လှပ်ထားချက်မှအပ မိမိမှာ ဖျော်ဖြေသူဖြစ်ကြောင်း တောင်းဆိုခွင့်ရှိသည်။ ထို့ပြင် မိမိ၏ ထင်ပေါ်ကျော်ကြား မှုကို ထိခိုက်နိုင်သည့် ဖျော်ဖြေသူ၏ မူလပုံပန်းသဏ္ဍာန်နှင့် အနှစ်သာရ ပျက်ယွင်းစေခြင်း၊ ချို့ယွင်းစေခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပြုပြင်ခြင်းကိုလည်း ကန့်ကွက်ပိုင်ခွင့်ရှိသည်။
(ဂ) ဤပုဒ်မအရ ဖျော်ဖြေသူများ၏ အခွင့်အရေးများအား အကာအကွယ်ပေးရမည့် ကာလသည် ဖျော်ဖြေတင်ဆက်မှုကို ဖိုနိုဂရမ်တွင် အရုပ်အသံပေါင်းစပ်ထည့်သွင်း ခြင်းပြုသည့်နှစ်နှင့် တစ်ဆက်တည်းဖြစ်သော နှစ်ပေါင်း ၅၀ ကုန်ဆုံးသည့် နေ့ရက် အထိသော်လည်းကောင်း၊ ထိုသို့ အရုပ်အသံပေါင်းစပ် ထည့်သွင်းခြင်း မပြုသည့် ကိစ္စတွင် ဖျော်ဖြေသည့်နှစ် ကုန်ဆုံးသည့်အချိန်မှစ၍ နှစ်ပေါင်း ၅၀ ကုန်ဆုံးသည့် နေ့ရက်အထိသော်လည်းကောင်း ဖြစ်ရမည်။
(ဃ) ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် ဖျော်ဖြေသူများအား ၎င်းတို့၏ဖျော်ဖြေမှုနှင့် စပ်လျဉ်း၍ ပိုမိုဦးစားပေးသည့် စည်းကမ်းချက်များ သတ်မှတ်ပြီး ပဋိညာဉ် စာချုပ်ချုပ်ဆိုခြင်းအပေါ် သက်ရောက်မှုမရှိစေရ။
၃၆။ ဖိုနိုဂရမ် ထုတ်လုပ်သူ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ -
(က) ထုတ်လုပ်သူသည် အောက်ပါပြုလုပ်မှုတစ်ခုခုကို ကိုယ်တိုင်ဆောင်ရွက်ရန် သို့မဟုတ် အခြားသူတစ်ဦးဦးအား ဆောင်ရွက်ခွင့်ပြုရန် သီးသန့်အခွင့်အရေးများ ရရှိရမည် -
(၁) ဖိုနိုဂရမ်ကို မည်သည့်နည်းလမ်း သို့မဟုတ် ပုံစံနှင့်မဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မူပွားခြင်း၊
(၂) ဖိုနိုဂရမ်မိတ္တူများကို ပြည်တွင်းသို့ တင်သွင်းခြင်း၊
(၃) ထုတ်လုပ်သူသည် မိမိ၏ခွင့်ပြုချက်ဖြင့် မည်သည့်နိုင်ငံတွင်မဆို ရောင်းချ ပြီးသော သို့မဟုတ် ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းထားပြီးဖြစ်သော ဖိုနိုဂရမ် မူရင်း သို့မဟုတ် မိတ္တူမှတစ်ပါး ဖိုနိုဂရမ်၏မူရင်း သို့မဟုတ် မိတ္တူများကို အများပြည်သူသို့ ဖြန့်ချိခြင်း၊
(၄) အခကြေးငွေဖြင့် ငှားရမ်းထားသည့် ဖိုနိုဂရမ်မိတ္တူ၏ ပိုင်ဆိုင်မှုသည် မည်သို့ပင်ရှိစေကာမူ ယင်းမိတ္တူများကို အများပြည်သူသို့ အခကြေးငွေ ဖြင့် ငှားရမ်းခြင်း၊
(၅) ဖိုနိုဂရမ်ကို အသုံးပြုခွင့်ရှိသူ တစ်ဦးချင်းစီက ရယူအသုံးပြုလိုသည့်နေရာ နှင့်အချိန်၌ ဝါယာကြိုးဖြင့် သို့မဟုတ် ဝါယာကြိုးမဲ့နည်းဖြင့် အများ ပြည်သူသို့ ရရှိခံစားနိုင်စေရန် ပြုလုပ်ခြင်း။
(ခ) ဖိုနိုဂရမ်ကို ထုတ်ဝေသည့် အချိန်မှစတင်၍ ထိုသို့ထုတ်ဝေသည့်နှစ်နှင့် တစ်ဆက် တည်းဖြစ်သော နှစ်ပေါင်း ၅၀ ကုန်ဆုံးသည့် နေ့ရက်အထိသော်လည်းကောင်း၊ ဖိုနိုဂရမ်ကို ထုတ်ဝေခြင်းမပြုရသေးလျှင် ဖိုနိုဂရမ်ကို အရုပ်အသံ ပေါင်းစပ် ထည့်သွင်းခြင်းပြုသည့်နှစ်နှင့် တစ်ဆက်တည်းဖြစ်သော နှစ်ပေါင်း ၅၀ ကုန်ဆုံး သည့် နေ့ရက်အထိသော်လည်းကောင်း ဤဥပဒေအရ ဖိုနိုဂရမ် ထုတ်လုပ်သူများ ၏ အခွင့်အရေးများကို အကာအကွယ်ပေးရမည်။
၃၇။ ထုတ်လွှင့်သည့် အဖွဲ့အစည်း၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ -
(က) ထုတ်လွှင့်သည့် အဖွဲ့အစည်းသည် အောက်ပါပြုလုပ်မှုတစ်ခုခုကို ကိုယ်တိုင် ဆောင်ရွက်ရန် သို့မဟုတ် အခြားသူတစ်ဦးဦးအား ဆောင်ရွက်ခွင့်ပြုရန် သီးသန့် အခွင့်အရေးများကို ရရှိစေရမည် -
(၁) ထုတ်လွှင့်ချက်ကို ထပ်မံထုတ်လွှင့်ခြင်း၊
(၂) ထုတ်လွှင့်ချက်ကို အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း၊
(၃) ထုတ်လွှင့်ချက်ကို အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်း၊
(၄) ထုတ်လွှင့်ချက်ကို အရုပ်အသံ ပေါင်းစပ်ထည့်သွင်းခြင်းအား မူပွားခြင်း။
(ခ) အများပြည်သူမှ တိုက်ရိုက်ဖမ်းယူကြည့်ရှုနိုင်ရန် မရည်ရွယ်သည့် ဂြိုဟ်တုမှ ထုတ်လွှင့်ချက်ကို တရားဝင် လက်ခံရယူနိုင်သည့် အဖွဲ့အစည်းမှ ဖမ်းယူပြီး ကေဘယ်လ်ကြိုးဖြင့်ဖြစ်စေ၊ ဆက်သွယ်ပို့လွှင့်ခြင်းဖြင့်ဖြစ်စေ ဆက်သွယ်ပို့လွှင့် နိုင်သည်။ ထိုသို့ဆက်သွယ်ပို့လွှင့်ခြင်းကို အဆိုပါအဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် သာ ဆောင်ရွက်နိုင်သည်။
(ဂ) ဤပုဒ်မအရ ထုတ်လွှင့်သည့်အဖွဲ့အစည်းများ၏ အခွင့်အရေးများကို စတင် ထုတ်လွှင့်သည့်အချိန်မှစ၍ ထိုနှစ်နှင့် တစ်ဆက်တည်းဖြစ်သော နှစ်ပေါင်း ၅၀ ကုန်ဆုံးသည့် နေ့ရက်အထိ အကာအကွယ်ပေးရမည်။
၃၈။ ပုဒ်မ ၃၄၊ ၃၅၊ ၃၆၊ ၃၇ နှင့် ၃၉ တို့ပါ အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များသည် အောက်ပါပြုလုပ်မှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ -
(က) လတ်တလော သတင်းအချက်အလက်များကို သတင်းအဖြစ် ပေးပို့ရန် သင့်လျော် မျှတသည့် ကောက်နုတ်ချက် တစ်စိတ်တစ်ဒေသကို အသုံးပြုခြင်း၊
(ခ) သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနပြုလုပ်ရန်အတွက်သာ မူပွားခြင်း၊
(ဂ) ပညာသင်ကြားရေးနှင့် သင်ကြားမှု အထောက်အကူပစ္စည်းအဖြစ် ထုတ်ဝေပြီး ဖြစ်သော ဖျော်ဖြေတင်ဆက်မှုနှင့် ဖိုနိုဂရမ်တို့အတွက်မှတစ်ပါး မျက်နှာချင်းဆိုင် ပညာသင်ကြားရေးအတွက်သာ ရည်ရွယ်လျက် မူပွားခြင်း၊
(ဃ) ဤဥပဒေ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များအရ အသုံးပြုသည့် စာပေအနုပညာ လက်ရာများတွင် ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ် သို့မဟုတ် ထုတ်လွှင့်ချက် များကို ထည့်သွင်းအသုံးပြုခြင်း။
၃၉။ (က) စီးပွားရေးအလို့ငှာ ရည်ရွယ်၍ ဖြန့်ချိထားသော သို့မဟုတ် ပြန်လည်ထုတ်လုပ် ထားသော ဖိုနိုဂရမ်တစ်ခုကို အသံလွှင့်ခြင်း သို့မဟုတ် အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း သို့မဟုတ် အများပြည်သူကို ဖျော်ဖြေတင်ဆက်ခြင်း တို့တွင် အသုံးပြုပြီးပါက ဖျော်ဖြေသူ သို့မဟုတ် ဖျော်ဖြေသူများနှင့် ဖိုနိုဂရမ် ထုတ်လုပ်သူတို့အား မျှတသည့်အခကြေးငွေကို အသုံးပြုသူက တစ်ကြိမ် ပေးဆောင်ရမည်။
(ခ) ဖျော်ဖြေသူများနှင့် ဖိုနိုဂရမ်ထုတ်လုပ်သူတို့ အချင်းချင်း အခြားနည်းဖြင့်သဘော တူညီမှုမရှိလျှင် ပုဒ်မခွဲ(က)အရ အသုံးပြုမှုအတွက်ရရှိသည့် အခကြေးငွေအား ထုတ်လုပ်သူမှ ဖျော်ဖြေသူများအား တစ်ဝက်ပေးရမည်။
(ဂ) ဤပုဒ်မအရ ဖိုနိုဂရမ် အသုံးပြုမှုအတွက် ရရှိမည့် အခကြေးငွေဆိုင်ရာ အခွင့် အရေးများကို ဖိုနိုဂရမ်စတင်ထုတ်ဝေသည့် အချိန်မှစ၍ ထိုနှစ်နှင့်တစ်ဆက်တည်း ဖြစ်သော နှစ်ပေါင်း ၅၀ ကုန်ဆုံးသည့်နေ့ရက်အထိ အကာအကွယ်ပေးရမည်။ အဆိုပါဖိုနိုဂရမ်ကိုမူ ပုဒ်မ ၃၅(ဂ) အရ ဆက်လက်ကာကွယ်မှုပေးမည်။
(ဃ) ဤပုဒ်မအရ ဝါယာဖြင့်ဖြစ်စေ၊ ဝါယာကြိုးမဲ့နည်းဖြင့်ဖြစ်စေ အများပြည်သူရရှိ ခံစားနိုင်စေရန် ပြုလုပ်ထားသော ဖိုနိုဂရမ်များကို အသုံးပြုခွင့်ရှိသူ တစ်ဦးချင်း စီက ရယူအသုံးပြုလိုသည့်နေရာနှင့်အချိန်တို့၌ အသုံးပြုနိုင်ရန် ပြုလုပ်ခြင်းအား စီးပွားရေးအလို့ငှာ ထုတ်ဝေခြင်းဟု မှတ်ယူရမည်။
(င) ပုဒ်မ ၃၄ ပုဒ်မခွဲ(စ) အရ ဖိုနိုဂရမ် အသုံးပြုမှုအတွက် အကာအကွယ်ပေးထား သော သီးသန့်အခွင့်အရေးသည် ဤပုဒ်မ၏ပုဒ်မခွဲ(က)နှင့် မသက်ဆိုင်စေရ။
အခန်း(၁၄)
မူပိုင်ခွင့်အခွင့်အရေးရရှိသူကိုဖော်ပြသည့်သတင်းအချက်အလက်များနှင့် နည်းပညာဖြင့် ကာကွယ်ထားသောအစီအမံများကို အကာအကွယ်ပေးခြင်း
၄၀။ (က) မူပိုင်ခွင့် အခွင့်အရေးရရှိသူကိုဖော်ပြသည့် သတင်းအချက်အလက်များနှင့် စပ်လျဉ်း၍ -
(၁) အီလက်ထရောနစ်ဆိုင်ရာ မူပိုင်ခွင့်အခွင့်အရေးရရှိသူကို ဖော်ပြသည့် သတင်းအချက်အလက်တစ်ရပ်ရပ်ကို အခွင့်အရေးရရှိသူ၏ သဘော တူညီချက်မပါဘဲ ဖယ်ရှားခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရ၊
(၂) ဤဥပဒေအရ အကာအကွယ်ပေးထားသည့် မူပိုင်ခွင့် လက်ရာများ သို့မဟုတ် အခြားကိစ္စရပ်များအပေါ် ပုဒ်မခွဲငယ် (၁) အရ ဖယ်ရှားခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ပြီးနောက် ဖြန့်ချိခြင်း၊ ဖြန့်ချိရန် တင်သွင်းခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်းမပြုရ။
(ခ) ပုဒ်မခွဲ(က)ပါ အချက်များသည် ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒ သို့မဟုတ် လုံခြုံမှုအတွက် ဥပဒေအရ ခွင့်ပြုထားသော အစိုးရ၏ မည်သည့် ဆောင်ရွက်မှုကိုမျှ မသက်ဆိုင်စေရ။
၄၁။ နည်းပညာဖြင့် ကာကွယ်ထားသော အစီအမံများနှင့်စပ်လျဉ်း၍ -
(က) ထိရောက်သောနည်းပညာဖြင့် ကာကွယ်ထားသော အစီအမံများမှ ရှောင်လွှဲခြင်း၊ ရှောင်ရှားခြင်း၊ ဖယ်ရှားခြင်း၊ သက်ရောက်မှု မရှိစေခြင်း၊ ပျက်စီးစေခြင်း မပြုရ၊
ရှင်းလင်းချက်။ နည်းပညာဖြင့် ကာကွယ်ထားသော အစီအမံများမှ ရှောင် လွှဲခြင်း ဆိုရာတွင် ပုံစံဖျက်ထားသော မူပိုင်ခွင့် လက်ရာများ၊ မူပိုင်ခွင့်နှင့်ဆက်စပ်သည့် အခွင့်အရေးဆိုင်ရာလက်ရာများ အား မူရင်းပုံစံ ပြန်လည်ရရှိစေရန် ပြုလုပ်ခြင်းတို့ ပါဝင် သည်။
(ခ) ထိရောက်သော နည်းပညာဖြင့် ကာကွယ်ထားသော အစီအမံများမှ ရှောင်လွှဲရန်၊ ရှောင်လွှဲမှုကို ဖြစ်မြောက်စေရန် သို့မဟုတ် ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ စီးပွားရေး အလို့ငှာ ပြုလုပ်ထားသည့် ပစ္စည်းကိရိယာများ၊ ထုတ်ကုန်များ၊ ပစ္စည်း အစိတ်အပိုင်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရန် သို့မဟုတ် ငှားရမ်းရန် အတွက် ကြော်ငြာခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း မပြုရ။
၄၂။ (က) ပုဒ်မ ၄၁ တွင် မည်သို့ပင်ဆိုစေကာမူ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)၊ (ဂ)၊ ပုဒ်မ ၂၅ ပုဒ်မခွဲ(ခ) နှင့် ပုဒ်မ ၃၀ ပါ အချက်များနှင့်ကိုက်ညီသော ကန့်သတ်ချက်နှင့် ကင်းလွတ်ချက်ကို ခံစားခွင့်ရှိသူများသည် နည်းပညာဖြင့်ကာကွယ်ထားသော အစီအမံများဖြင့် ပြုလုပ်ထားသည့် လက်ရာကို အသုံးပြုနိုင်ရန်အတွက် အဆိုပါ အစီအမံများမှ ရှောင်လွှဲနိုင်သည့် အခွင့်အရေးကို ခံစားခွင့်ရှိသည်။
(ခ) ပုဒ်မခွဲ(က)ပါ အချက်များသည် သဘောတူစာချုပ်ပါ စည်းကမ်းချက်အရ အသုံးပြုခွင့်ရှိသူ တစ်ဦးချင်းစီက ရယူအသုံးပြုလိုသည့်နေရာနှင့်အချိန်၌ အသုံး ပြုနိုင်ရန် ပြုလုပ်ထားသော စာပေအနုပညာလက်ရာများ သို့မဟုတ် အခြားစာပေ အနုပညာဆိုင်ရာ ကိစ္စရပ်များအပေါ် သက်ဆိုင်ခြင်းမရှိစေရ။
အခန်း(၁၅)
မူပိုင်ခွင့်ကို မှတ်ပုံတင်ခြင်း
၄၃။ မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်တစ်ဦးဦးသည် မူပိုင်ခွင့်အခွင့်အရေးရရှိကြောင်း ခိုင်လုံသော သက်သေအထောက်အထားရှိစေရန်အလို့ငှာ မူပိုင်ခွင့်လက်ရာကို မှတ်ပုံတင်လိုပါက သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။
၄၄။ မှတ်ပုံတင်အရာရှိသည် မူပိုင်ခွင့်လက်ရာကို မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို စိစစ်ပြီး သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိသော လျှောက်ထားချက်နှင့်စပ်လျဉ်း၍ လိုအပ် သလို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်တင်ပြရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။
၄၅။ မူပိုင်ခွင့်မှတ်ပုံတင်ရန် လျှောက်ထားသူသည် -
(က) မှတ်ပုံတင်အရာရှိက မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်မချမှတ်မီ ဖြစ်စေ၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ချက် မချမှတ်မီဖြစ်စေ လျှောက်ထားချက် သို့မဟုတ် စာရွက်စာတမ်း အထောက်အထားတစ်ခုခုတွင်ပါရှိသည့် စာအရေးအသား အမှားနှင့် သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများ ကို ပြင်ဆင်လိုပါက သတ်မှတ်ထားသော အခကြေးငွေပေးသွင်းပြီး ပြင်ဆင်ပေး ရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(ခ) မှတ်ပုံတင်အရာရှိက မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် မချမှတ်မီ ဖြစ်စေ၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ချက် မချမှတ်မီဖြစ်စေ စာပေအနုပညာ လက်ရာကို မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ရုပ်သိမ်းနိုင်သည်။
၄၆။ ပုဒ်မ ၄၄ အရ အကြောင်းကြားစာ လက်ခံရရှိသော်လည်း လျှောက်ထားသူက အကြောင်းကြားစာ လက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း လိုအပ်ချက်များကို ဆောင်ရွက်တင်ပြခြင်းမရှိလျှင် စာပေအနုပညာလက်ရာကို မှတ်ပုံတင်ပေးရန် လျှောက်ထား ချက်ကို ရုပ်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။
၄၇။ သတ်မှတ်ချက်နှင့်ညီညွတ်သော စာပေအနုပညာလက်ရာကို မှတ်ပုံတင်ပေးရန် လျှောက်ထားချက် နှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိသည် -
(က) ပုဒ်မ ၁၃ တွင်ပါရှိသည့် အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိမရှိစစ်ဆေးပြီး နောက် မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို မူပိုင်ခွင့်မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင်ပြီး လျှောက်ထားသူထံ အကြောင်းကြားရမည့်အပြင် မှတ်ပုံတင်ရန် ခွင့်ပြုပါက သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ထုတ်ပြန် ကြေညာရမည်။
(ဂ) မှတ်ပုံတင်ရန်ခွင့်ပြုပါက မူပိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။
၄၈။ (က) မှတ်ပုံတင်ပိုင်ရှင်သည် ယင်း၏ မူပိုင်ခွင့်မှတ်ပုံတင်လက်မှတ်မူရင်း ပျက်စီး သို့မဟုတ် ပျောက်ဆုံးပါက မိတ္တူမှန် ထုတ်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်ထားသော အခကြေးငွေ ပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(ခ) မှတ်ပုံတင်အရာရှိသည် စစ်ဆေး၍ မူပိုင်ခွင့်မှတ်ပုံတင် လက်မှတ်မိတ္တူမှန်ကို ထုတ်ပေးရမည်။
၄၉။ လျှောက်ထားသူသည် စာပေအနုပညာလက်ရာကို မှတ်ပုံတင်ပေးရန် လျှောက်ထားချက် နှင့်စပ်လျဉ်း၍ ရုပ်သိမ်းခြင်းပြုလျှင်သော်လည်းကောင်း၊ မှတ်ပုံတင်ရန် ငြင်းပယ်ခြင်း ခံရလျှင်သော်လည်းကောင်း ပေးသွင်းထားသည့် မှတ်ပုံတင်ကြေးကို ပြန်လည်ရထိုက်ခွင့် မရှိစေရ။
၅၀။ မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် အခွင့်အရေးပိုင်ရှင်သည် မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် အခွင့်အရေးရရှိကြောင်း ခိုင်လုံသော သက်သေအထောက်အထားရရှိစေရန်အလို့ငှာ ဖျော်ဖြေ တင်ဆက်မှုနှင့် ဖိုနိုဂရမ်တို့ကို မှတ်ပုံတင်လိုပါက ဤအခန်းပါ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။
၅၁။ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်သည်လည်းကောင်း၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ် ထုတ်လုပ်သူ နှင့်ထုတ်လွှင့်သည့်အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် အခွင့်အရေးများသည် လည်းကောင်း ဤဥပဒေအရ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ဤဥပဒေပါ အခွင့်အရေးများကို ရရှိစေရမည်။
အခန်း (၁၆)
မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ခြင်း
၅၂။ မှတ်ပုံတင်ထားသော မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် အခွင့်အရေးတစ်ခုခုသည် ပုဒ်မ ၁၃ ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသဖြင့် မိမိ သို့မဟုတ် အများအကျိုးကို ထိခိုက်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် အဆိုပါ မှတ်ပုံတင်ထားခြင်း တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပယ်ဖျက်ရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၅၃။ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ လျှောက်ထား ချက်အရ အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိပါက မူပိုင်ခွင့်မှတ်ပုံတင် ထားခြင်း တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပယ်ဖျက်နိုင်သည် -
(က) ပုဒ်မ ၁၃ ပါ အကာအကွယ်ပေးခြင်းမခံရသည့် စာပေအနုပညာလက်ရာဖြစ်ကြောင်း ပေါ်ပေါက်လာခြင်း၊
(ခ) မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်သည် မှတ်ပုံတင်ခွင့်ရထိုက်သူ မဟုတ်ကြောင်း ပေါ်ပေါက်လာခြင်း၊
(ဂ) မူပိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ မမှန်မကန် တင်ပြ၍ဖြစ်စေ၊ သတ်မှတ်ထားသော အရေးပါသည့် အချက်အလက် တစ်ရပ် ရပ်ကို ထိန်ချန်၍ဖြစ်စေ ရယူထားကြောင်း ပေါ်ပေါက်လာခြင်း၊
(ဃ) တရားရုံးက မူပိုင်ခွင့်မှတ်ပုံတင် ပျက်ပြယ်ခြင်းနှင့် စပ်လျဉ်းသည့် အပြီးသတ် ဆုံးဖြတ်ချက် သို့မဟုတ် စီရင်ချက်၊ အမိန့်နှင့် ဒီကရီ ချမှတ်ခြင်း။
၅၄။ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုအပေါ် ပြစ်မှုကြောင်းဖြင့်ဖြစ်စေ၊ တရားမကြောင်းဖြင့်ဖြစ်စေ၊ ပြစ်မှုကြောင်းနှင့် တရားမကြောင်း နှစ်ရပ်လုံးဖြင့်ဖြစ်စေ တရားစွဲဆိုထားကြောင်း သက်ဆိုင်သူက တင်ပြလာသည့်အခါ မှတ်ပုံတင်အရာရှိသည် အဆိုပါအမှု မပြီးပြတ်မီ ကာလအတွင်း၌ မူပိုင်ခွင့်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းကို ဆိုင်းငံ့ထားရမည်။
၅၅။ မှတ်ပုံတင်အရာရှိသည် မူပိုင်ခွင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီးပါက သို့မဟုတ် ဖယ်ရှားပြီးပါက အဆိုပါ ပယ်ဖျက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းကို မှတ်တမ်းတင်၍ မူပိုင်ခွင့်မှတ်ပုံတင်ပိုင်ရှင်ထံ အကြောင်းကြားပြီး သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
အခန်း (၁၇)
အယူခံခြင်း
၅၆။ (က) မှတ်ပုံတင်အရာရှိက ဤဥပဒေအရချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာသည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံဝင်နိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ အယူခံမှုတွင် ညွှန်ကြားရေးမှူးချုပ်သည် မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် သက်သေခံအထောက်အထားများ ထပ်မံရယူရန် ညွှန်ကြားခြင်း ပြုနိုင်သည်။
၅၇။ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ် ချက် အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ဤကိစ္စ အလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည့် တရားရုံးသို့ အယူခံလျှောက်ထားနိုင်သည်။
အခန်း (၁၈)
မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းကို ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၅၈။ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းကို ဖွဲ့စည်းလိုသူသည် -
(က) သတ်မှတ်ထားသည့် စာပေအနုပညာ မူပိုင်ခွင့်ကဏ္ဍအလိုက် စုပေါင်းစီမံခန့်ခွဲ သည့် မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းကို တည်ထောင်ခွင့်ပြုရန် ဦးစီးဌာနသို့ မိမိတို့ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အတူ လျှောက်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းကို ဖွဲ့စည်းရေးအတွက် လျှောက်ထားရာတွင် စာပေအနုပညာ မူပိုင်ခွင့်ကဏ္ဍအလိုက် မူလလက်ရာရှင်၊ မူပိုင်ခွင့်ပိုင်ရှင်၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူနှင့် သက်ဆိုင်ရာကျွမ်းကျင်သောပညာရှင်တို့ကို အဖွဲ့ဝင်အဖြစ် ပါဝင်လျက် ဖွဲ့စည်း နိုင်သည်။
၅၉။ ဦးစီးဌာနသည် -
(က) ပုဒ်မ ၅၈ အရ လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) သတ်မှတ်ထားသည့် စာပေအနုပညာမူပိုင်ခွင့်ကဏ္ဍအလိုက် ဖွဲ့စည်းခွင့်ပြုထား သော မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊ လိုအပ်ပါက ညှိနှိုင်းပေါင်းစပ်ပေးခြင်း ပြုနိုင်သည်။
၆၀။ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းသည် သက်ဆိုင်ရာမူပိုင်ခွင့်ကဏ္ဍအလိုက် -
(က) စာပေအနုပညာဆိုင်ရာ ဖန်တီးမှုများကို အားပေးမြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။
(ခ) မူလလက်ရာရှင်နှင့် မူပိုင်ခွင့်ပိုင်ရှင်တို့၏ အခွင့်အရေးများ ရရှိရေးအတွက် လည်းကောင်း၊ ယင်းအခွင့်အရေးများ ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ အကာအကွယ်ပေးရေးအတွက်လည်းကောင်း စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခြင်း ပြုနိုင်သည်။
(ဂ) မူလလက်ရာရှင်နှင့် မူပိုင်ခွင့်ပိုင်ရှင်တို့က အပ်နှံသည့် စာပေအနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်များကို လက်ခံခြင်းနှင့် အသုံးပြုသူများထံမှ သင့်တင့်မျှတသော အခကြေးငွေကောက်ခံပြီး ထိုသူတို့အား ပြန်လည်ခွဲဝေ ပေးခြင်း ပြုနိုင်သည်။
(ဃ) လိုအပ်သော စာပေအနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ် များကို မပျောက်ပျက်စေရေးအတွက် မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့် ပိုင်ရှင်၏ ဆန္ဒအရသော်လည်းကောင်း၊ ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း ပြုနိုင်သည်။
(င) ပြည်ပရှိ မူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ အကူအညီ များ ရယူခြင်းနှင့် အကူအညီပေးခြင်းတို့ ပြုနိုင်သည်။
(စ) ဝန်ကြီးဌာနမှ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းအတွက် သတ်မှတ်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များကို လိုက်နာရမည်။
အခန်း (၁၉)
မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကောက်ခွန်ရုံးက အကာအကွယ်ပေးခြင်း
၆၁။ အခွင့်အရေးရရှိသူသည် မူပိုင်ခွင့်အခွင့်အရေး ချိုးဖောက်ထားသည်ဟု စွပ်စွဲခံရသော ပစ္စည်းကို နိုင်ငံတော်နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်း လျက်ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်ရာ ခိုင်လုံသော အထောက်အထားရှိပါက အဆိုပါပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့်ထုတ်ပေးရန် သတ်မှတ်ချက်နှင့်အညီ အကောက်ခွန် အာဏာပိုင်များထံ လျှောက်ထားနိုင်သည်။
၆၂။ (က) အကောက်ခွန်အာဏာပိုင်များသည် -
(၁) ပုဒ်မ ၆၁ အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ရုံးဖွင့်ရက် ၃၀ ရက်အတွင်း ယင်းလျှောက်လွှာကို လက်ခံကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း လျှောက်ထားသူထံ အကြောင်းကြားရမည်။
(၂) လျှောက်ထားချက်ကို စိစစ်ရန် လိုအပ်သောသတင်းအချက်အလက်များ မပြည့်စုံခဲ့လျှင် လျှောက်ထားသူမှ အကြောင်းကြားစာ ထုတ်ပြန်သည့် နေ့ရက်မှ ရုံးဖွင့်ရက် ၁၀ ရက်အတွင်း သတင်းအချက်အလက်များ ထပ်မံ ဖြည့်စွက်ပေးပို့နိုင်စေရန်အလို့ငှာ ယင်း၏ဆုံးဖြတ်ချက်ကို လျှောက်ထားသူ ထံ အကြောင်းကြားစာ ပေးပို့၍ ရွှေ့ဆိုင်းရမည်။
(၃) လျှောက်ထားချက်ကိုလက်ခံရာတွင် အာမခံချက်တစ်ရပ်ကို လျှောက် ထားသူမှပေးရန် သတ်မှတ်နိုင်သည်။
(၄) လျှောက်ထားချက်ကို ငြင်းပယ်ခဲ့လျှင် အကြောင်းပြချက်ကို ရှင်းလင်းစွာ ဖော်ပြရမည်၊၊
(ခ) အခွင့်အရေးရရှိသူသည် ပိုမိုတိုတောင်းသော အချိန်ကာလတစ်ခုကို တောင်းဆို ခြင်းမပြုလျှင် ပုဒ်မခွဲ(က)ပါလုပ်ဆောင်မှုများသည် ခြောက်လအထိ သက် ရောက်မှုရှိစေရမည်၊၊
၆၃။ (က) အကောက်ခွန်အာဏာပိုင်များသည် ပုဒ်မ ၆၂ အရ လျှောက်ထားချက်ကို လက်ခံပြီးနောက် မူပိုင်ခွင့်ချိုးဖောက်ပြီး တင်သွင်းထားသော ပစ္စည်းဖြစ်သည်ဟု ယူဆနိုင်သော သေချာသည့် အထောက်အထားများရှိလျှင် အဆိုပါပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့ထားရမည်။ ယင်းသို့ ဆိုင်းငံ့ထားခြင်းကို လျှောက်ထားသူနှင့် တင်သွင်းသူတို့အား ချက်ချင်းအကြောင်းကြားရမည်။
(ခ) အဆိုပါပစ္စည်းသည် မူပိုင်ခွင့်ချိုးဖောက်ထားသော ပစ္စည်းဖြစ်ကြောင်း လျှောက်ထားသူ၏ တောင်းဆိုချက် မှန်ကန်ကြောင်း သက်သေပြရန်အလို့ငှာ အကောက်ခွန်အာဏာပိုင်များသည် လျှို့ဝှက်သတင်းအချက်အလက်များအား မပေါက်ကြားစေဘဲ ဆိုင်းငံ့ထားသောပစ္စည်းများကို လျှောက်ထားသူနှင့် တင်သွင်းသူတို့အား လုံလောက်သော စစ်ဆေးခွင့်ပြုရမည်။
၆၄။ (က) လျှောက်ထားသူထံ ဆိုင်းငံ့မိန့်ကို အသိပေးအကြောင်းကြားပြီးနောက် ရုံးဖွင့်ရက် ၁၀ ရက်အတွင်း လျှောက်ထားသူမှ အမှုကိစ္စအမှားအမှန်အပေါ် ဆုံးဖြတ်နိုင်ရန် အရေးယူဆောင်ရွက်ခြင်းကို စတင်ဆောင်ရွက်နေကြောင်း သို့မဟုတ် တရားရုံးမှ ပစ္စည်းစီးဆင်းမှု ဆိုင်းငံ့သည့် ယာယီအရေးယူဆောင်ရွက်ချက်များသည် ကြန့်ကြာနေကြောင်း အကောက်ခွန်အာဏာပိုင်များထံ အကြောင်းကြားခဲ့ခြင်း မရှိလျှင် ယင်းပစ္စည်းကို ကင်းလွတ်ခွင့်ပြုရမည်။ သင့်လျော်သော ကိစ္စရပ်များ တွင် ထိုသတ်မှတ်ထားသော အချိန်ကာလကို ပထမ ရုံးဖွင့်ရက် ၁၀ ရက် မကုန်ဆုံးမီ အကောက်ခွန်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် နောက်ထပ် ရုံးဖွင့်ရက် ၁၀ ရက် ထပ်မံတိုးချဲ့နိုင်သည်။
(ခ) ပျက်စီးလွယ်သော ပစ္စည်းဖြစ်ပါက သတ်မှတ်ထားသော အချိန်ကာလကို ရုံးဖွင့် ရက် ၁၀ ရက်မှ ၃ ရက်သို့ လျှော့ချရမည်။ အဆိုပါ ၃ ရက်အား ထပ်မံ တိုးချဲ့ခြင်း မပြုနိုင်။
၆၅။ ဆိုင်းငံ့မိန့်အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် တင်သွင်းသူသည် ဆိုင်းငံ့မိန့်အား ပြန်လည်စိစစ်ရန်နှင့် ကြားနာခွင့်ပြုရန် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် ပြန်လည်စိစစ်ရန် အခွင့်အရေး တောင်းဆိုသည့်ရက်မှ ရုံးဖွင့်ရက် ၂၀ ရက်အတွင်း ဆိုင်းငံ့ကာလကို ပြင်ဆင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုလုပ်ရမည်။
၆၆။ တရားရုံးက မူပိုင်ခွင့်ချိုးဖောက်ထားသော ပစ္စည်းမှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့လျှင် တင်သွင်းသူသည် အဆိုပါပစ္စည်းများအား ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်း တို့ အတွက် ကုန်ကျစရိတ်များကို အကောက်ခွန်ရုံးသို့ ပေးဆောင်ရမည်။ အကောက်ခွန်အာဏာပိုင် များအနေဖြင့် တင်သွင်းသူထံမှ အဆိုပါကုန်ကျစရိတ်များကို မရရှိခဲ့လျှင် လျှောက်ထားသူသည် အဆိုပါကုန်ကျစရိတ်များအား ပေးဆောင်ရန် တာဝန်ရှိပြီး တင်သွင်းသူထံမှ ထိုသို့ ပေးဆောင် ရမည့် မည်သည့်စရိတ်ကိုမဆို ပြန်လည်ရပိုင်ခွင့် ရှိစေရမည်။
၆၇။ တရားရုံးက မူပိုင်ခွင့်ချိုးဖောက်ထားသော ပစ္စည်းမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့လျှင် အဆိုပါပစ္စည်းများကို မှားယွင်းစွာဆိုင်းငံ့ခြင်းနှင့် ယာယီထိန်းသိမ်းခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် နစ်နာကြေးကို တရားရုံးမှ သတ်မှတ်ဆုံးဖြတ်သည့် ပမာဏအတိုင်း လျှောက်ထားသူမှ တင်သွင်းသူထံ ပေးဆောင်ရမည်။
၆၈။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် မူပိုင်ခွင့်ချိုးဖောက်ထားသော ပစ္စည်းများကို စီးပွားရေး အလို့ငှာမဟုတ်ဘဲ ပစ္စည်းတင်သွင်းသူက ကိုယ်ပိုင်သုံးရန် ရည်ရွယ်၍ ခရီးသည်ဝန်စည်အနေ ဖြင့် ယူဆောင်လာသော ပစ္စည်းများနှင့်သော်လည်းကောင်း၊ အနည်းငယ်မျှသာ တင်သွင်းတင်ပို့ လာသော ပစ္စည်းများနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ။
၆၉။ အကောက်ခွန်အာဏာပိုင်များသည် မူပိုင်ခွင့်ချိုးဖောက်ခြင်းနှင့်သက်ဆိုင်သော ပစ္စည်း နှင့်စပ်လျဉ်း၍ ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့်သော်လည်းကောင်း၊ အခြားသောနိုင်ငံများမှ အကောက်ခွန်အာဏာပိုင်များနှင့်သော်လည်းကောင်း၊ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများနှင့်လည်းကောင်း သတင်းအချက်အလက်များ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက် နိုင်သည်။
အခန်း(၂၀)
တရားရုံးတည်ထောင်ခြင်း
၇၀။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် -
(က) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သော နယ်မြေဒေသတွင် တရားရုံးများတည်ထောင်၍ တရားသူကြီး များကို ခန့်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ခန့်ထားသည့်တရားသူကြီးများအား အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်နိုင်ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) အရ တရားရုံးများကို တည်ထောင်ခြင်းမပြုမီ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် အပ်နှင်းသည့် တရားရုံး အား အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။
(ဃ) တရားရုံးများက ချမှတ်သောစီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ၏ စီရင်ပိုင်ခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။
(င) ညွှန်ကြားရေးမှူးချုပ်က ချမှတ်သော ဆုံးဖြတ်ချက်အပေါ် အယူခံမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သည့်တရားရုံးသို့ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့် များ အပ်နှင်းရမည်။
အခန်း (၂၁)
မူပိုင်ခွင့်အခွင့်အရေးကို ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ လုပ်ပိုင်ခွင့်များ
၇၁။ (က) မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ နစ်နာသူမည်သူ မဆို ပုဒ်မ ၇၂ နှင့် ၇၃ ပါပြဋ္ဌာန်းချက်များအရ ယာယီအရေးယူ ဆောင်ရွက် ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(ခ) မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ နစ်နာသူ မည်သူမဆို ပြစ်မှုကြောင်းဖြင့်ဖြစ်စေ၊ တရားမကြောင်းဖြင့်ဖြစ်စေ အရေးယူ ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။
၇၂။ (က) တရားရုံးသည် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ ပုဒ်မ ၇၁ ပုဒ်မခွဲ(က)အရ လျှောက်ထားလာပါက တရားမကြောင်းအရ ကုစား ဆောင်ရွက်ရန် အောက်ပါယာယီအရေးယူဆောင်ရွက်သည့် အမိန့်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(၁) မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းအား ကာကွယ်တားဆီး ရန်နှင့် အကောက်ခွန်ရှင်းလင်းပြီးသည့် သွင်းကုန်ပစ္စည်းများအပါအဝင် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်သည့်ပစ္စည်းများ နိုင်ငံတော် ၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ် တားဆီးရန်အတွက် သင့်သည် ထင်မြင်သည့်အမိန့်၊
(၂) စွပ်စွဲခံရသော မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်မှုနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထားများကို မူလအခြေအနေ မပျက် ထိန်းသိမ်းထားရန်အတွက် သင့်သည် ထင်မြင်သည့် အမိန့်၊
(၃) သက်ဆိုင်ရာအကောက်ခွန်ရုံးက ထုတ်ထားသည့် ဆိုင်းငံ့မိန့်ကို ပြင်ဆင် ရန်၊ ပယ်ဖျက်ရန် သို့မဟုတ် အတည်ပြုရန် အမိန့်။
(ခ) တရားရုံးသည် ယာယီအရေးယူဆောင်ရွက်ပေးရန်အတွက် လျှောက်ထားသူထံမှ အောက်ပါတို့ကို တောင်းဆိုနိုင်သည် -
(၁) လျှောက်ထားသူမှာ အခွင့်အရေးရရှိသူဖြစ်ကြောင်း၊ ယင်း၏အခွင့်အရေး ကို ထိပါးချိုးဖောက်ခံနေရကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ခံရရန် အလားအလာရှိကြောင်း ခိုင်လုံသေချာစေရန်အလို့ငှာ သင့်လျော်လုံ လောက်သည့် မည်သည့်သက်သေခံ အထောက်အထားများကိုမဆို တင်ပြစေခြင်း၊
(၂) ယာယီအရေးယူဆောင်ရွက်မှုကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်တား ဆီးရန်အတွက် လုံလောက်သည့် အာမခံတင်သွင်းစေခြင်း၊
(ဂ) တရားရုံးက ထုတ်ပြန်ထားသောအမိန့်အရ ယာယီအရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်ရာတွင် တရားရုံးသည် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက် သည်ဟု စွပ်စွဲခံရသော ပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်ရန် နောက်ထပ်လိုအပ် သော မည်သည့်သတင်းအချက်အလက်ကိုမဆို တင်သွင်းရန် လျှောက်ထားသူကို ထပ်မံညွှန်ကြားနိုင်သည်။
(ဃ) တရားရုံးသည် လျှောက်ထားသူတောင်းဆိုခဲ့သည့် ယာယီအရေးယူ ဆောင်ရွက် ချက်များကို စတင်ဆောင်ရွက်ခဲ့သည့့်နေ့မှစ၍ ထိခိုက်နစ်နာမှုအပေါ် အမှုကို အပြီးအပြတ် ဆုံးဖြတ်နိုင်ရန်အတွက် တရားမကြောင်းအရ တရားစွဲဆိုခြင်းကို တရားရုံးက သတ်မှတ်ထားသည့် သင့်လျော်သော ကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ထားခြင်းမရှိခဲ့လျှင် ယာယီအရေးယူဆောင်ရွက်ရန် အမိန့်ချမှတ်သည့်နေ့ရက်မှ ရုံးဖွင့်ရက် ရက်ပေါင်း၂၀ ရက် သို့မဟုတ် ပြက္ခဒိန်ရက်ပေါင်း ၃၁ ရက်တို့အနက် ပိုမိုကြာမြင့်သည့်အချိန်အတွင်း တရား စွဲဆိုမှုကို စတင်ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် ပုဒ်မ ၇၃ ပုဒ်မခွဲ(ခ) ကို မထိခိုက်စေဘဲ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၇၃ ပုဒ်မခွဲ(က) တို့အရ ချမှတ်ထားသော ယာယီအရေးယူ ဆောင်ရွက်ချက်များကို လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ ရုပ်သိမ်းရမည် သို့မဟုတ် အကျိုးသက်ရောက်မှုကို ရပ်စဲရမည်။
(င) တရားရုံးသည် ယာယီအရေးယူ ဆောင်ရွက်ချက်များကို ရုပ်သိမ်းလျှင်ဖြစ်စေ၊ လျှောက်ထားသူ၏ ပျက်ကွက်မှု သို့မဟုတ် ပြုလုပ်မှုတစ်ရပ်ရပ်ကြောင့် ရပ်စဲ လျှင်ဖြစ်စေ၊ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းမရှိကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာမရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ အဆိုပါ အရေးယူဆောင်ရွက်ချက် များကြောင့် ပေါ်ပေါက်သော ထိခိုက်နစ်နာမှုများအတွက် သင့်လျော်မျှတသော လျော်ကြေးကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန် အမိန့် ချမှတ်နိုင်သည်။
၇၃။ (က) တရားရုံးသည် အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် တစ်ဖက်သတ်ယာယီ အရေးယူဆောင်ရွက်သည့် အမိန့်များကို ချမှတ်နိုင်သည် -
(၁) အခွင့်အရေးရရှိသူအား ကုစား၍မရနိုင်သော ထိခိုက်နစ်နာမှုကို ဖြစ်စေ တန်ရာသည့် နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာရှိခြင်း၊
(၂) သက်သေခံအထောက်အထားများကို ဖျက်ဆီးခံရမည့် အန္တရာယ် ကျရောက်မည်ဟု စိုးရိမ်ဖွယ်ရာရှိခြင်း၊
(ခ) တရားရုံးသည် တစ်ဖက်သတ်ယာယီအရေးယူ ဆောင်ရွက်ရာတွင်-
(၁) ဆောင်ရွက်ပြီးလျှင်ပြီးချင်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ယာယီအရေး ယူဆောင်ရွက်သည့်အမိန့်ကို လျှောက်ထားခံရသူထံ အသိပေးအကြောင်း ကြားရမည်။
(၂) တရားရုံးက သတ်မှတ်သည့် သင့်လျော်သော အချိန်ကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ချက်မရှိခဲ့လျှင် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့ရက်မှ ရုံးဖွင့်ရက် ရက်ပေါင်း ၂၀ အတွင်း အကြောင်း ကြားခံရသူက လိုက်နာခြင်းမရှိလျှင် ယင်းအရေးယူ ဆောင်ရွက်ချက် များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။
(၃) ယင်းယာယီအရေးယူဆောင်ရွက်ချက်များအပေါ် ပြင်ဆင်ခြင်း၊ ပယ်ဖျက် ခြင်း သို့မဟုတ် အတည်ပြုခြင်းတို့အား ဆုံးဖြတ်ပေးရန် လျှောက်ထား ခံရသူများ၏ တောင်းဆိုချက်အရ နှစ်ဖက်ကြားနာ၍ ပြန်လည်စစ်ဆေး ခြင်းတစ်ရပ်ကို သင့်လျော်သည့် ကာလအတွင်း ဆောင်ရွက်ရမည်။
၇၄။ (က) မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားမဆိုင်ရာ ဥပဒေများနှင့် တရားမကျင့်ထုံးဥပဒေတို့ကို မထိခိုက်စေဘဲ တရားရုံးသည် အောက်ပါအမိန့်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ ချမှတ်နိုင်သည် -
(၁) အကောက်ခွန် ရှင်းလင်းပြီးသည့် တင်သွင်းလာသော မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ထားသည့်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ် တားဆီးခြင်းအပါအဝင် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်မှု ကို ရပ်ဆိုင်းရန်အတွက် သင့်သည် ထင်မြင်သည့်အမိန့်၊
(၂) (ကက)မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ် လာသော အခွင့်အရေးရရှိသူ၏ ထိခိုက်နစ်နာမှုများအတွက် ထိပါးချိုးဖောက်သူမှ အခွင့်အရေးရရှိသူထံ လုံလောက်သော နစ်နာကြေးကို ပေးဆောင်စေရန်အတွက် ချမှတ်သည့်အမိန့် သို့မဟုတ် သင့်လျော်သောကိစ္စရပ်များတွင် အခွင့်အရေးရရှိသူမှ ကြိုတင်သတ်မှတ် တောင်းဆိုထားသော နစ်နာကြေးကိုဖြစ်စေ၊ ချိုးဖောက်သူမှ ရယူခံစားခဲ့သော အကျိုးအမြတ်ကိုဖြစ်စေ၊ နှစ်ရပ်လုံးကိုဖြစ်စေ ပြန်လည်ပေးစေရန် အမိန့်။
(ခခ) အခွင့်အရေးရရှိသူ၏ တရားစရိတ်နှင့် ရှေ့နေစရိတ်တို့အပါအဝင် သင့်လျော်သော ကုန်ကျစရိတ်များအား ပေးဆောင်စေရန် အမိန့်။
(၃) အခွင့်အရေးရရှိသူကို ထိခိုက်နစ်နာမှုမရှိစေရန်အလို့ငှာ လျော်ကြေးတစ်စုံ တစ်ရာ ပေးဆောင်ခြင်းမရှိဘဲ မူပိုင်ခွင့်ချိုးဖောက်သောပစ္စည်းများကို ကုန်သွယ်မှုလမ်းကြောင်းမှ ဖယ်ရှားရန် သို့မဟုတ် ဖျက်ဆီးရန် ချမှတ် သည့်အမိန့်၊
(၄) မူပိုင်ခွင့် ချိုးဖောက်သောပစ္စည်းများ ပြုလုပ်ရာတွင် အဓိကအသုံးပြုသော ပစ္စည်းကိရိယာ တန်ဆာပလာများကို ကုန်သွယ်မှုလမ်းကြောင်းမှ ဖယ်ရှားရန် သို့မဟုတ် ဖျက်ဆီးရန် ချမှတ်သည့် အမိန့်။
(ခ) တရားရုံးသည် ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၃)နှင့်(၄)အရ အမိန့်တစ်ခုခုကို ချမှတ် ရန် စဉ်းစားရာတွင် အဆိုပါအမိန့်နှင့် မူပိုင်ခွင့်ချိုးဖောက်မှု အတိုင်းအတာကို အချိုးညီစွာ ချင့်ချိန်ဆုံးဖြတ်ရမည်ဖြစ်ပြီး အခြားအကျိုးသက်ဆိုင်သူများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားရမည်။
၇၅။ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခံရသည်ဟု မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်တိုင်ကြားကြောင်း ပေါ်ပေါက်လျှင် ယင်းသို့တိုင်ကြားခြင်းကြောင့် မှားယွင်းစွာ ဟန့်တားခံရသည့် တရားပြိုင်အား တိုင်တန်းသူက လျော်ကြေးပေးရမည့်အပြင် တရားပြိုင်၏ ကျသင့်သော ရှေ့နေစရိတ်အပါအဝင် တရားစရိတ်နှင့် အခြားကုန်ကျစရိတ်များကို တိုင်တန်းသူ က ပေးဆောင်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။
၇၆။ (က) တရားရုံးသည် အောက်ပါအခြေအနေများတွင် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက် များကို မထိခိုက်စေဘဲ သင့်လျော်သောကိစ္စရပ်များတွင် လျှို့ဝှက်သတင်းအချက် အလက်များကို အကာအကွယ်ပေးလျက် သက်သေခံ အထောက်အထားများကို တစ်ဖက်အမှုသည်ကတင်ပြရန် အမိန့်ချမှတ်နိုင်သည် -
(၁) အခွင့်အရေးရရှိသူက ယင်း၏တောင်းဆိုချက်များကို လုံလောက်စွာ အထောက်အကူပြုနိုင်မည့် ခိုင်လုံသည့် သက်သေခံအထောက်အထားကို တင်ပြထားသောအခါ၊
(၂) ယင်းတောင်းဆိုချက်များနှင့် စပ်ဆိုင်သည့် ခိုင်လုံသော သက်သေခံ အထောက်အထားများသည် တစ်ဖက်အမှုသည်၏ လက်ဝယ်တွင်ရှိ ကြောင်း တိကျစွာဖော်ပြထားသောအခါ၊
(ခ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မိမိအလိုအလျောက် ထိပါးချိုးဖောက်မှုတွင် တရားရုံးသည် အောက်ပါအခြေအနေများ၌ ထိခိုက်နစ်နာသူနှင့် ထိပါးချိုး ဖောက်သူတို့၏ စွပ်စွဲချက်များ သို့မဟုတ် သက်သေခံအထောက်အထားများအရ ကြားနာခွင့်ပေးပြီး ၎င်းတို့၏ အပြန်အလှန် စွပ်စွဲငြင်းဆိုသည့်အချက်များ အပါအဝင် သတင်းအချက်အလက်များအပေါ် အခြေခံ၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းစသည့် ပဏာမနှင့် အပြီးသတ် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည် -
(၁) လိုအပ်သော သတင်းအချက်အလက်များကို ရယူရာတွင် ငြင်းဆိုလျှင်၊
(၂) သင့်လျော်သော အချိန်ကာလအတွင်း လိုအပ်သော သတင်းအချက် အလက်များကို မပေးပို့နိုင်လျှင်၊
(၃) အရေးယူဆောင်ရွက်မှုနှင့်စပ်လျဉ်းသော လုပ်ထုံးလုပ်နည်းများကို သိသာ စွာ ဟန့်တားလျှင်၊
၇၇။ တရားရုံးသည် ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်တွင် ငွေဒဏ် ချမှတ်ခဲ့ပါက ယင်းချမှတ်သော ငွေဒဏ်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း နစ်နာကြေးအဖြစ် နစ်နာသူအားပေးစေရန် အမိန့်ချမှတ်နိုင်သည်။
၇၈။ တရားစွဲဆိုရန် အကြောင်းတစ်ရပ်တည်းကို အခြေပြု၍ ပြစ်မှုကြောင်းနှင့် တရားမ ကြောင်း နှစ်ရပ်လုံးဖြင့် စွဲဆိုပါက တရားရုံးသည် တရားမမှုတွင် ထိခိုက်နစ်နာမှုအတွက် နစ်နာကြေးပေးစေရန် စီရင်ချက်၊ အမိန့်နှင့် ဒီကရီချမှတ်သည့်အခါ ပုဒ်မ ၇၇ အရ ချမှတ်သည့် ငွေဒဏ်မှ နစ်နာကြေးအဖြစ်ပေးခဲ့သော ငွေကြေးကို ခုနှိမ်ပေးနိုင်သည်။
၇၉။ တရားရုံးသည် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးနှင့်စပ်လျဉ်း၍ ထိပါးချိုးဖောက်သော ပစ္စည်း များကို ဖြန့်ဖြူးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတွင် ပါဝင်ပတ်သက်သော အခြားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားစေရန် ထိပါးချိုးဖောက်သူအပေါ် အမိန့်ချမှတ် နိုင်သည်။
၈၀။ တရားရုံးသည် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းအတွက် အရေးယူ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ရန် ဤဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထား ခြင်းမရှိလျှင် သက်သေခံအက်ဥပေဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့် တရားမကျင့်ထုံးဥပဒေ တို့ပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။
အခန်း (၂၂)
ပြစ်မှုနှင့် ပြစ်ဒဏ်
၈၁။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်း အောက် မနည်းသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် -
(က) အခွင့်အရေးရရှိသူ၏ သဘောတူခွင့်ပြုချက်မပါဘဲ စီးပွားရေးအလို့ငှာ −
(၁) မူပိုင်ခွင့် အကာအကွယ်ပေးခံရသည့်လက်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မိတ္တူပွားခြင်း၊
(၂) မူပိုင်ခွင့် ချိုးဖောက်ထားသောပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်း၊
(၃) မူပိုင်ခွင့်ချိုးဖောက်ထားသောပစ္စည်းကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း ခြင်း၊
(၄) ပုဒ်မ ၄၀နှင့် ၄၁ ပါတားမြစ်ထားသော အပြုအမူတစ်ရပ်ရပ်ကို ပြုလုပ် ခြင်း။
(ခ) မူပိုင်ခွင့်ချိုးဖောက်ထားသောပစ္စည်းများ ထုတ်လုပ်ရာတွင် သို့မဟုတ် ထုတ်လုပ် ရန် အဓိကအသုံးပြုလျက်ရှိသော ပစ္စည်းကိရိယာ တန်ဆာပလာတစ်ခုခုကို လက်ဝယ်ပိုင်ဆိုင်ခြင်း။
၈၂။ မည်သူမဆို ပုဒ်မ ၈၁ ပါ ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပြီးနောက် ယင်းပြစ်မှုကိုကျူးလွန်သည့်နေ့မှ ၅ နှစ်အတွင်း ယခင်ကျူးလွန်ခဲ့သည့် ပြစ်မှုမျိုး ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၅၀ အောက်မနည်းသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၈၃။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် -
(က) မူပိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေး စေခြင်း၊
(ခ) မူပိုင်ခွင့်မှတ်ပုံတင်စာရင်း၌ မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန် ရေးသွင်း ခြင်း သို့မဟုတ် ရေးသွင်းစေခြင်း။
၈၄။ မည်သူမဆို ပုဒ်မ ၇၉ ပါ အမိန့်ကို လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၈၅။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ပူးပေါင်းကြံစည်၍ ပြစ်မှုမြောက်သော အပြုအမူကို ပြုလုပ်လျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာ၌ အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှု အတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း ချမှတ်ခြင်းခံရမည်။
အခန်း (၂၃)
အထွေထွေ
၈၆။ ဤဥပဒေအရ မူပိုင်ခွင့်အတွက် အကာအကွယ်ပေးသည့် သက်တမ်းကုန်ဆုံးလျှင် ထိုမူပိုင်ခွင့်သည် အများပြည်သူပိုင်ဟု မှတ်ယူရမည်။ ထိုအများပြည်သူပိုင် မူပိုင်ခွင့်ကို မည်သူမဆို မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်သော်လည်း အသုံးပြုသူသည် မူလလက်ရာရှင်၏အမည်နှင့် ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေးကို ထိခိုက်ခြင်း မရှိစေရ။
၈၇။ ဤဥပဒေဖြင့် ရုပ်သိမ်းသည့် The Myanmar Copyright Act, 1914 အရ သက်တမ်းမကုန်ဆုံးသေးသော မူပိုင်ခွင့်သည် ဤဥပဒေတွင် သတ်မှတ်ထားသည့် မူပိုင်ခွင့် သက်တမ်းနှင့်အညီ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ ဆက်လက် ခံစားခွင့်ရှိရမည်။
၈၈။ ဤဥပဒေအာဏာမတည်မီက ဖျော်ဖြေသူ၊ ဖိုနိုဂရမ် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့ အစည်းများ၏ မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် အခွင့်အရေးသည် ဤဥပဒေ အခန်း(၁၃) တွင် သတ်မှတ်ထားသည့် သက်တမ်းနှင့်အညီ ခံစားခွင့်ရှိရမည်။
၈၉။ ဤဥပဒေပြဋ္ဌာန်းချက်များသည် ဥပဒေအာဏာစတင်သက်ရောက်မည့် နေ့ရက်မတိုင်မီ က စာချုပ်ချုပ်ဆိုခဲ့သော လက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်များနှင့် ထုတ်လွှင့်ခြင်းတို့အတွက် စာချုပ်စာတမ်းအပေါ် သက်ရောက်မှု မရှိစေရ။
၉၀။ ဤဥပဒေအာဏာသက်ရောက်သည့် နေ့ရက်မတိုင်မီ မူပိုင်ခွင့်ပိုင်ရှင်၏အခွင့်အမိန့်မပါ ဘဲ ဥပဒေနှင့်အညီပြုလုပ်ထားသော မိတ္တူများကို ဥပဒေအာဏာသက်ရောက်သည့် နေ့ရက်မှ နှစ်နှစ်အတွင်း မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မပါဘဲ ပြည်သူလူထုသို့ ဖြန့်ချိခွင့် ပြုနိုင်သည်။
၉၁။ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်ရပ်ကို ဤဥပဒေဖြင့်သာ အရေးယူရမည်။
၉၂။ မှတ်ပုံတင်အရာရှိ၏ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တံဆိပ်ရိုက်နှိပ်ထားသော မူပိုင်ခွင့်လက်မှတ်မိတ္တူ၊ အထောက်အထားနှင့် စာရွက်စာတမ်းများကို သက်ဆိုင်ရာ တရားရုံးတွင် သက်သေခံအဖြစ် တင်ပြခွင့်ရှိသည်။
၉၃။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်သက်ဆိုင်သည့် သက်သေခံ ပစ္စည်းသည် တရားရုံးရှေ့သို့တင်ပို့ရန် မလွယ်ကူပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားသက်သေခံစာရွက်စာတမ်း အထောက်အထားများကို တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့တွင် သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူ၍ သက်ဆိုင်ရာတရားရုံးက ဤဥပဒေနှင့်အညီ အဆိုပါပစ္စည်းကို စီမံခန့်ခွဲရန် အမိန့်ချမှတ်နိုင်သည်။
၉၄။ တရားရုံးသည် မူပိုင်ခွင့်ချိုးဖောက်ထားသော ပစ္စည်းများနှင့် ပြစ်မှုကျုးလွန်ရာတွင် အဓိကအသုံးပြုလျက်ရှိသော ကိရိယာတန်ဆာပလာများကို ဖမ်းဆီးစေရန် သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် သို့မဟုတ် ဖျက်ဆီးစေရန် သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်စေရန် သင့်လျော်သည်ထင်မြင်သည့် စီမံခန့်ခွဲမှုအမိန့် တစ်ရပ်ကို ချမှတ်နိုင်သည်။
၉၅။ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ စာပေအနုပညာလက်ရာကို ပြည်သူ လူထု၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ စာအုပ်စာတမ်းများ သို့မဟုတ် သင့်လျော်သော ဆောင်ရွက်ချက်များအတွက် အသုံးပြု နိုင်သည်။
၉၆။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဟု သတ်မှတ်သည်။
၉၇။ စာပေအနုပညာမူပိုင်ခွင့်အခွင့်အရေး အငြင်းပွားသူပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာ သည့် အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက်ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်သည်။
၉၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနသည် -
(၁) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(၂) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ) အကောက်ခွန်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသော ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ဃ) ဦးစီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
၉၉။ The Myanmar Copyright Act, 1914 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
---------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)
ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်