ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ----- ။ )
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(န)တွင် ပါရှိသော “ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၃။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ တွင် ပုဒ်မခွဲ(ဃ)ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(ဃ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း သို့မဟုတ် အသရေဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။”
၄။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၈၀။(က) ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
(ခ) ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ)၊ (ဃ) နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့ပါ ပြစ်မှုများမှတစ်ပါး ကျန်ပြစ်မှုများကို တရားစွဲဆိုရာတွင်ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။
(ဂ) ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံ ပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်။
(ဃ) မည်သည့်တရားရုံးမျှ ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဃ)ပါဆက်သွယ်ရေးကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်း ခံရသူကဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်