Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်(၆.၈.၂၀၁၈)

Monday, August 6, 2018 - 13:14
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက် )

[တနင်္လာနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

     (က)   ဒေါက်တာဦးကြွယ်ကြွယ်၊  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)၏ အရက်ကြော်ငြာများ စည်းကမ်းမဲ့စွာ ကျင့်ဝတ်သိက္ခာ ကင်းမဲ့စွာ အလွန်အကြူးပြုလုပ်နေခြင်းများကို ထိန်းသိမ်းကြပ်မတ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က တမျိုးသားလုံး၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည်တို့ကို ဆိုးရွားစွာ ထိခိုက်နိုင်သည့် အရက်သောက်သုံးမှုကို ထိန်းချုပ်ရန်အတွက် အခွန်စည်းကြပ်ခြင်းနှင့် ဆောင်ရွက်ရန်၊ မီဒီယာများအပိုင်းက ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်တို့ လိုအပ်ပြီး ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများကို ကိုင်တွယ် ထိန်းသိမ်းလျက်ရှိသည့် ဝန်ကြီးဌာန အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ဖြေကြားသည်။

      ( ခ )  ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ နိုင်ငံနှင့်အဝန်း တရားဝင် စိုက်ပျိုးမြေများအဖြစ် တည်ရှိလျက်ရှိသော လယ်ယာမြေ များပေါ်တွင် အခြားနည်း အသုံးချခွင့်လျှောက်ထားခြင်းမရှိဘဲ ခွင့်ပြု ထားခြင်းမပြုသေးသော လူနေအိမ်ရာကွက် များ၊ မွေးမြူရေးလုပ်ငန်းများ ဓာတ်ဆီဆိုင်ကဲ့သို့ စီးပွားရေးလုပ်ငန်းများ အလျင်အမြန် တိုးချဲ့ ဆောင်ရွက်နေသည်များကို စီမံခန့်ခွဲ၍တားမြစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုမှုများအတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ ထိရောက်စွာ တားမြစ်အရေးယူရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

              ( ဂ )   ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရေပေးဝေရေးတွင် ဖိုက်ဘာပိုက် အသုံးပြုမည့်အစား သံရေပိုက်များချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် တို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် အနေအထားအရ Pressure အလွန်များပြီး PVC ပိုက်၏ ခံနိုင်ရည် ထက်မြင့်သော  နေရာများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှု လွယ်သော နေရာများ၊ မြေသဘာဝအရ လိုင်းကျင်းတူးဖော်၍ မရသောနေရာများ၊ ထိခိုက်လွယ်သော နေရာများတွင် PVC ပိုက်အစား GI ပိုက်များဖြင့် တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(ဃ)   ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ဘဲ့ပြားကုန်းကျေးရွာအုပ်စု၊ စာစီကုန်းကျေးရွာအနီး ဧက ၁၀၀၀ ခန့်ရှိ ယခင်ကြက်ဆူစီမံကိန်း မြေနေရာကို နွားမွေးမြူရေးဇုန်အဖြစ် ခွင့်ပြုဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  ဧက (၁၀၀၀) မြေနေရာအား မြေလွတ်၊ မြေရိုင်းဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ကို ဦးစွာရယူ သွားရန် လိုအပ်ပြီး နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ လိုင်စင်မှတ်ပုံတင်ရရှိရေး၊ လိုအပ်သည့်အကြံဉာဏ်များ၊ နည်းပညာများရရှိရေး၊  ရန်ပုံငွေရရှိနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်သွားနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။   

(င)    ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ၂၀၁၁ ခုနှစ်၊ အစိုးရသစ်တက်လာသည်မှ ယနေ့ထိရခိုင်ပြည်နယ်၏ စိုက်ပျိုးရေး ကဏ္ဍ၌ UNDP , ဂျပန် ODA , World Bank , ADB , JFAD , AFD , EXIM Bank စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဘဏ်များ၏ထောက်ပံ့ငွေ သို့မဟုတ် ချေးငွေများဖြင့် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်မှုပမာဏ မည်မျှရှိကြောင်းနှင့် တိုးမြှင့်ရင်းနှီးမြှုပ်နှံ မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  ရခိုင်ပြည်နယ် အတွင်း စိုက်ပျိုး‌ရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ဆက်နွယ်လျက်ရှိသော လုပ်ငန်းစဉ်များသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ (သို့မဟုတ်) ချေးငွေများဖြင့် စိုက်ပျိုးရေးတိုးတက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို အခြေအနေပေးလာမှု အပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်အခြေအနေ ကန့်သတ်ချက်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏  စံနှုန်းနှင့်အညီဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိသေးသဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်းနှင့် အဆိုတင်သွင်းခြင်း

၃။         ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်း ကော်မတီဝင်) က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။     

၄။       အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင် ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။        

၅။     ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

အဆိုတင်သွင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၆။    ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)က မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ် ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစား နေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသောမြေလွတ်များပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိက သက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့်အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသဖြင့် လွှတ်တော်၏ဆန္ဒရယူရာ အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

၇။       အစည်းအဝေးကို ၁၁၂၁ နာရီအချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၈-၈-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်