Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၁.၂.၂၀၂၀)

Tuesday, February 11, 2020 - 12:38
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ နိုင်ငံတော် ယဉ်ကျေးမှုကဇာတ်အနေဖြင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအက တေးဂီတ တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း အပါအဝင် မြန်မာ့ရိုးရာယဉ်ကျေးမှု စစ်စစ်ပြသ သည့် ပဒေသာကပွဲများ၊ ဇာတ်တော်ကြီးများ၊ ဒီမိုကရေစီစနစ်အပြောင်းတွင် ပြုမူကျင့်ကြံစရာ အသိသညာများကို အများပြည်သူတို့ထံရောက်ရှိရန် နိုင်ငံ တစ်ဝန်း အထင်ကရ ဘုရားပွဲတော်များ၊ မြို့ကြီးများတွင် လှည့်လည်ကပြ တင်ဆက်ခြင်း အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က အနုပညာဦးစီးဌာန၏ အနုပညာရှင်အင်အား တိုးမြှင့်ခန့်ထားဖြည့်တင်းနိုင်ရန် လိုအပ်လျက်ရှိပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ မြို့ကြီးများတွင် ပိုမိုလှည့်လည်ကပြရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ ကြို့ဝန်းကြီးကျေးရွာအုပ်စု၊ တည်ဘိုကန် ကျေးရွာနေ တောင်သူ(၆၂)ဦး၏ လယ်မြေ(၁၅၉.၅၀)ဧကအား ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က သစ်တောမြေမှ ပယ်ဖျက်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ “စိမ်းမြညို” ဒေသခံအစုအဖွဲ့မှ ဦးဆောင်သူတစ်ဦး လျှောက်ထားသော စိုက်ခင်း အကျယ်(၃၅၀)ဧကအား သစ်တောဦးစီးဌာန၏ စိုက်ခင်းများအဖြစ်မှ အမြန်ဆုံး ပယ်ဖျက်ခွင့်ပြုရန်နှင့် ဝါးစိုက်ပျိုးခွင့် ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လျော့နည်းပျက်စီးစိုက်ခင်းများကို မှတ်တမ်းတင်ထားရှိခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းအရ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်း ခြင်းကို  ဆောင်ရွက်လျက်ရှိသည့်အတွက်  စိုက်ခင်းများအဖြစ်မှ ပယ်ဖျက် ပေးရန် အစီအစဉ်မရှိကြောင်း၊ ဦးဆောင်လျှောက်ထားသူအနေဖြင့် နိုင်ငံပိုင် သစ်တောစိုက်ခင်းဧရိယာနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိသည့် ဧရိယာများနှင့် လွတ်ကင်းသည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောမြေများတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်၊ ပုလဲကိုင်းကျေးရွာကို ကျေးရွာအဖြစ် အသိအမှတ်ပြုပေးနိုင်ရန်အတွက် ကျေးရွာ မြေမှာ သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ကျေးရွာဒေသသို့ ကွင်းဆင်းဆောင်ရွက်ရန် အခက်အခဲရှိကြောင်း၊ အခြေအနေပေးလာပါက အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး မြေအမျိုးအစားအလိုက် သစ်တောမြေအဖြစ်မှပယ်ဖျက်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်ခြင်း၊ နှစ်ရှည် မြေငှားရမ်း လုပ်ကိုင်ခွင့်ချပေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း 

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။ 

၅။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်) က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း 

၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများနှင့် အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများကို  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား လွှတ်တော်သို့ အသိပေး တင်ပြပြီး ယင်းနည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။ အစည်းအဝေးကို ၁၁:၀၂ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၁၄-၂-၂၀၂၀ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်