Share this

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၃.၂.၂၀၂၀)

Monday, February 3, 2020 - 12:21
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံဟော်လုံ (ဟော်နန်း) မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ် က ဌာနက တရားဝင် အငှားချထားသည့်စာချုပ်များ သက်တမ်း ကုန်ဆုံးခြင်း မရှိသေးသဖြင့် ယင်းစာချုပ်များ သက်တမ်းကုန်ဆုံးချိန်တွင် ပြည်သူပိုင်သိမ်း အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ လိုက်နာရမည့် ညွှန်ကြားချက် များနှင့်အညီ စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင်း မြို့ရှောင်လမ်း ၁၈ ပေ အကျယ်မှ ၅၀ ပေအကျယ်တာချဲ့ခြင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးသိန်းလွင်၊  ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်မှ စင့်ကင်ကျေးရွာသို့ တာပိန်ချောင်းကို ဖြတ်၍ ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်တံတား ဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က တံတားဒီဇိုင်းပုံစံထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ရန်ပုံငွေတင်ပြတောင်းခံပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ထောက်ကြန့် မြို့ရှောင်ကတ္တရာလမ်း အရှည်(၁)မိုင်(၇)ဖာလုံအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် လမ်းနယ်ကျူးကျော် အဆောက်အဦများကို စနစ်တကျ ဖယ်ရှားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာကွန်ကရစ်ဖြင့် လမ်းပေါက်များဖာထေးခြင်းလုပ်ငန်း နှင့် ကျောက်ကတ္တရာဖြင့် မျက်နှာပြင်ညှိလွှာခင်းခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်းနယ်အတွင်းကျူးကျော် ဝင်ရောက်နေသူ များအား လမ်းဦးစီးဌာနမှ Notice စာများကို ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် သတိပေးအကြောင်းကြားစာ ပေးပို့ပြီးဖြစ်၍ ဖယ်ရှားရှင်းလင်း ပေးခြင်းမရှိပါက လမ်းမကြီးများဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်း - တပ်တောင် လမ်းတွင် လမ်းချဲ့ရန် ကျန်ရှိနေသည့် ၂ မိုင် ၂ ဖာလုံနှင့် လမ်းခင်းရန် ကျန်ရှိနေသော ၂ မိုင် ၃ ဖာလုံ၊ လုပ်ငန်းကျန် Over Lay ၄ ဖာလုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက် ပေးရန်နှင့် အမ်းမြို့နယ်အတွင်း ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိလမ်းဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာငွေ (ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေ)မည်မျှသုံးစွဲခဲ့သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကတ္တရာ လမ်းခင်းခြင်း၊ မြေသားတာပေါင်ချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် တည်ဆောက်ဆဲတံတား (၄)စင်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံး ပြင်ဆင်ထိန်းသိမ်းခြင်း) ဖြင့်လည်းကောင်း၊  လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရန်ကျန်ရှိသော (၁)မိုင်(၂.၅)ဖာလုံ (၄၀)ပေ အကျယ် မြေကြီးတာပေါင်ချဲ့ခြင်းနှင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသောလမ်းပိုင်းများကို  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေရရှိမှုအပေါ် နှစ်စဉ် လမ်း၊ တံတားများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်း ဖြေကြားသည်။

(စ)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ပလက်ဝ - အဘောင်သား - ခဝဲ ကားလမ်းပေါ်ရှိ ရုပ်ချောင်း ကြိုးတံတားဟောင်းအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)၊ ဦးစားပေးအဆင့်(၃)လမ်းပေါ်၌ တည်ရှိသောတံတားဖြစ်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလ များ၌  ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ခြင်း 

၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၄။ အစည်းအဝေးကို ၁၀:၄၈ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို ၅-၂-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်