Share this

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၄.၂.၂၀၂၀)

Monday, February 24, 2020 - 14:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဘုန်တလန်ကျေးရွာတွင် သောက်သုံးရေ ရှားပါးသည့်အတွက်  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေသန့် သွယ်ယူပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေသွယ်ယူ ပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် များ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ဘုန်တလန်ကျေးရွာ ဟောင်းရေရရှိနိုင်ရေးအတွက် ဖြစ်နိုင်စွမ်းရှိသော နည်းလမ်းရှာဖွေ၍ ကုန်ကျ မည့်ရန်ပုံငွေအား ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သင့်တော်မည့် ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ ဒေါဖု - ဘိုးလျား ကျေးရွာ ချင်းဆက် မြေသားလမ်းအား (၁၂)ပေအကျယ် ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျောက်လမ်း(၂/၀)မိုင်နှင့် Box Culvert (၂)စင်းတို့ကို လျာထားတင်ပြသွားမည်ဖြစ်ပြီး ကျန်ရှိသည့်အပိုင်းကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

  (ဂ) ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စင်ကြိုင် - ဂူခန် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းလျာထားချက်တွင် အဆိုပြုထည့်သွင်းလျာထားပြီး  ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်း ဦးစားပေးအစီအစဉ်အရသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ လိပ်ကုန်း(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၃၀x၃၀)ပေ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က (၁၂၀x၃၀)ပေ Steel Structure တစ်ထပ်ဆောင်(၁)ဆောင် ဆောက်လုပ်ရန် အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင်  မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

  (င) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၊ လေးတောင်မြို့၊ ဇရပ်ပြင် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သည် အန္တရာယ်ရှိသော ကျောင်းဆောင်အဖြစ် ရောက်ရှိနေပါသဖြင့် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည့် ကျောင်းဆောင် များအား နှစ်အလိုက် ဦးစားပေးပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းနှင့်ကိုက်ညီသည့် (၁၅၀ x ၃၀)ပေ သို့မဟုတ် စံကိုက် နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က (၁၅၀x၃၀)ပေ RC နှစ်ထပ်ဆောင်(၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ် အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ “ဝ”ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင် နွေရာသီကာလ သောက်သုံးရေ သိုလှောင်နိုင်မည့် ရေဂါလန်(၃၃)သိန်းဆံ့ ကြာကန် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့် ရေဂါလန်(၈)သိန်းဆံ့ ကျောက်စီရေလှောင်ကန်(၁)လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကြာကန်ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းနှင့် ကျောက်စီရေလှောင်ကန်(၁)လုံး တည်ဆောက်ရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရန်ပုံငွေလုံလောက်မှုမရှိ အကန့်အသတ် ရှိနေသည့်အတွက် လတ်တလောမှာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားထားမှုကို ကိုယ်စား ရှင်းလင်းဖြေကြားသည်။ 

(ဆ)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်း မြို့နယ်၊ ကာဘိုးဆည်ရေ၊ လှတောလက်တံ(၅)တူးမြောင်း ရေဖျားသောက် လယ်ကွင်းများအား မူးမြစ် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြေပြင်တိုင်းတာခြင်း၊ အသေးစိတ် တိုင်းတာခြင်းနှင့် ပုံထုတ်ခြင်း၊ စီမံကိန်းတည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှုအပေါ်မူတည်၍ မြစ်ရေတင်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြေကြားချက်ဖြင့် ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။ 

(ဇ)ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာရှိ ရေတင်စက်၊ ရေပိုက်များနှင့် ဝက်ရှုကျေးရွာရှိ စက်ရေတွင်းအား ပြန်လည်ပြင်ဆင် မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  ကွန်းတောင်းကျေးရွာရေတင်စက်နှင့် ရေပိုက်လဲလှယ်ခြင်းလုပ်ငန်းကို နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေလျာထားရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဝက်ရှုကျေးရွာတွင် စက်ရေတွင်းအသစ်တူးဖော်ရန် မြေအောက်ရေသေချာမှု ရှိ/မရှိတိုင်းတာပြီး ဖြစ်နိုင်ခြေရှိပါက ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လျာထားစီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားထားမှုကို ကိုယ်စားရှင်းလင်း ဖြေကြားသည်။

(ဈ) ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ SME ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရနှင့် JICA, KFW အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများမှ ချေးငွေများကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် ချေးငွေပမာဏ မည်မျှကို စီမံထား၍ SME များသို့ ထုတ်ချေးပြီးပမာဏ မည်မျှရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  JICA Two Step Loan အပြင် မြန်မာ့စီးပွားရေးဘဏ်၏ အများပြည်သူစုဆောင်းအပ်နှံငွေမှ MSMEs လုပ်ငန်းများသို့ ထုတ်ချေးရန် အစီအစဉ်ရေးဆွဲ ထုတ်ချေးလျက်ရှိကြောင်း၊ SME ချေးငွေပမာဏသက်တမ်းအား ယခင်ကထက် တိုးတက်ထုတ်ချေးလျက်ရှိပြီး ဖြေလျော့နိုင်သည့် စည်းကမ်းချက်များကိုလည်း ဖြေလျော့ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ည)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူလယ်သမားများအတွက် “ဝ”ဥ စိုက်ပျိုးရေးချေးငွေ ထုတ်ချေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လုံလောက်သော အာမခံမတင်သွင်းနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားပြီး နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဋ)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်အစိုးရ အနေဖြင့် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ သို့မဟုတ် နုတ်ထွက်သည့်အခါ စုဆောင်းငွေ တစ်ရပ်ရရှိရန် General Provident Fund (GPF) ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း  က  ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (General Provident Fund) တည်ထောင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။  

(ဌ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် နှစ်စဉ် တစ်လတစ်ကြိမ် (၁)ရက်နေ့တိုင်း ဖွင့်လှစ် ပေးနေသည့် အောင်ဘာလေဆုမဲများကို ထီကံစမ်းထားသည့် အများပြည်သူ ထီပေါက်ခွင့်(ကံထူးခွင့်)အခွင့်အလမ်းများ ပိုမိုလာစေရန် ယခုလက်ရှိ ဖွင့်လှစ် ပေးနေသည့်ဆုမဲများမှ ထပ်ဆောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  က ခွဲဝေချီးမြှင့်လျက်ရှိသော ထီလက်မှတ် ရောင်းရငွေ၏ ၆၀% အတွင်း ပထမအဆင့်အနေဖြင့် အမြင့်ဆုံးအထူးဆုကြီး၏ အက္ခရာမတူ၊ ဂဏန်းတူထီလက်မှတ်များအား ထီဆုငွေထည့်သွင်းချီးမြှင့်နိုင် ရန်ကိစ္စကို ဦးစွာသုံးသပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဍ)ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏    ၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြင်ဆင်ပြီးခဲ့သော       မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေများအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်ရာခိုင်နှုန်းများ လျော့ချပြင်ဆင်ခဲ့သည့်အပေါ် ယနေ့အချိန်ထိရရှိသော ပုံမှန်ဝင်ငွေခွန်၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန် များရရှိမှုအခြေအနေနှင့် သက်ဆိုင်ရာ ပြည်တွင်းအခွန်များဦးစီးဌာနတို့က အခွန်တိမ်းရှောင်မှုအပေါ် ဥပဒေပြဋ္ဌာန်းပြီးသည်မှ ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်မှု အရေအတွက်နှင့် အခြေအနေတို့ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  က  ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပထမ(၃)လတွင် စည်းကြပ် မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်ထမ်းဦးရေ၊ အခွန်ပေးဆောင်သည့် ပမာဏနှင့် တံဆိပ်ခေါင်းခွန်ပေး ဆောင်သည့်ပမာဏတို့ကို တိုးတက်ပေးဆောင် လာသည်ကို တွေ့ရှိရပြီး ဥပဒေပြဋ္ဌာန်းပြီးသည်မှ ယနေ့အချိန်အထိ အခွန်တိမ်း ရှောင်မှုများ ပေါ်ပေါက်မှုမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

  

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အသိပေးတင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ၊ အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၅။ အစည်းအဝေးကို ၁၂:၂၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၆-၃-၂၀၂၀ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်