ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်
(၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်)
[ သောကြာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က)ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် အခြားနိုင်ငံအများစုကဲ့သို့ တရားစီရင်ရေးဆိုင်ရာ သင်တန်းများ စနစ်တကျပို့ချနိုင်ရန် တရားရေးကောလိပ် (Judicial Collage) သို့မဟုတ် တရားရေးအကယ်ဒမီ (Judicial Academy) တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့် က Judicial College အကောင်အထည်ဖော်ရန်နှင့် အဆောက်အဦတည်ဆောက်နိုင်ရန် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေစာရင်းတွင် ထည့်သွင်းတောင်းခံထားပြီး ခွဲဝေချထားမည့် ဘတ်ဂျက်အပေါ်မူတည်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာသင်တန်းများ စနစ်တကျပို့ချနိုင်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ခ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိမ်းဆည်းထားခဲ့သော တောင်သူ(၁၅)ဦး ပိုင်ဆိုင်သည့် မြေ(၁၁.၇၄)ဧက အား ပြန်လည်စိစစ်၍ စွန့်လွှတ် သို့မဟုတ် လျော်ကြေး/နစ်နာကြေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ဌာနအမည်ပေါက်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ရရှိထားခြင်းကြောင့် လတ်တလောတွင် ပြန်လည် စွန့်လွှတ်ပေးရန် သို့မဟုတ် လျော်ကြေး/နစ်နာကြေးပေးရန် အစီအစဉ်မရှိ ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်း ဖြေကြားသည်။
(ဂ)ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ အောင်ဇေယျကလပ်နှင့် မျက်နှာချင်းဆိုင်ရှိ မြေပေး စလစ်များ၊ နှစ်(၃၀) မြေငှားဂရန်များ ထုတ်ပေးထားသော မြေကွက်များနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင် ပြည်သူများ နစ်နာမှုမရှိစေရေးနှင့် တရားဝင် နေထိုင်ပိုင်ခွင့်ရှိအောင် မည်သို့ကူညီဖြေရှင်းပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ငွေသွင်းချလန်များကို ပြန်လည်စစ်ဆေးအတည်ပြုပြီး မှန်ကန်မှုရှိပါက အစိုးရစီမံခန့်ခွဲမှုပြုလုပ်၍ နစ်နာမှုမရှိစေရေး သင့်လျော်သောမြေနေရာချထား ခွင့်ပြုနိုင်ရန်နှင့် နှစ်ရှည်မြေငှားဂရန်နှင့်ပတ်သက်၍ အစိုးရမှ စီမံခန့်ခွဲမှုမပြုရ သေးသော အခြားမြေအမျိုးအစားဖြစ်ခြင်း၊ မြေခွန်ပေးသွင်းမှုမရှိခြင်းတို့ကြောင့် ထည့်သွင်းစဉ်းစားရန်မသင့်ကြောင်း၊ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ အကြံပြု ချက်နှင့်အညီ ဆောင်ရွက်ရန်အကြောင်းကြားချက်အတိုင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆောင်ရွက်ဆဲဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်ကြီးရှိ အလင်းရောင်(၂)ရပ်ကွက်တွင် အများပြည်သူသုံးရန်ထားသောမြေကို ပုဂ္ဂလိကသို့ မမှန်မကန်ဖော်ပြ မြေပေးမိန့် ထုတ်ပေးခဲ့သည့်ကိစ္စအား တိုင်ကြားခဲ့သည့်အပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက် ခဲ့သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က မြေပေးမိန့်ကိုရုပ်သိမ်းပြီး မြေကွက် (၁)ကွက် ပြန်လည်ချထားနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွား ရန် အသီးသီးအကြောင်းကြားထားရှိပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝက်ရှုကျေးရွာအတွက် ဓာတ်အားပေးစက်၊ ဓာတ်အားလိုင်းကြိုး၊ မီးတိုင်များနှင့် စက်သုံးဆီ(ဒီဇယ်) ခွဲတမ်းများ တပ်ဆင် ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က 25 kVA မီးစက် (၁)လုံးနှင့် 400 V ဓာတ်အားလိုင်း (၁)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိပါက ဌာနလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စက်မောင်း နှင်ရန် လောင်စာဆီအား ဒေသအစီအစဉ်ဖြင့်သာ ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်တစ်ဝန်း လမ်းမကြီးများ ဖြတ်သန်းရာ ကျေးရွာများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာနှင့် လျင်မြန်စွာ ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုရန်ပုံငွေ၊ နိုင်ငံတကာချေးငွေ အထောက်အပံ့များနှင့် ပြည်နယ်အစိုးရရန်ပုံငွေတို့ဖြင့် အဆင့်လိုက် လျာထားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ) ဦးညီညီထွေး(ခ) ဦးကိုကိုလေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြည်သူများ လျှပ်စစ်မီတာခ နှုန်းထားများ အဆမတန် ကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရမှုအပေါ် သက်သာမှု ရှိစေရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က လိုအပ်သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး အပိုင်းအတွက် လိုအပ်သောဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန် စီမံချက်ရေးဆွဲထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓာတ်အား ခွဲရုံနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ပြီးပါက အများနည်းတူ ဓာတ်အားခနှုန်း ထားဖြင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဇ)ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မည်သို့ဆောင်ရွက်မည်၊ မည်သည့်နှစ် တွင် အပြီးဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က တောင်သာမြို့ရုံး ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေခွဲရုံမှ ၁၁ ကေဗွီ ဖီဒါ(၁)ခု ထပ်မံတည်ဆောက်၍ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၁၀)မိုင်နှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာ (၂၃)လုံး တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်း ဖြေကြားသည်။
(ဈ)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကရင်ပြည်နယ်၊ ဝတ်ကြီး ဒေသတွင် ဆောင်ရွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်နယ်အတွင်း ဓာတ်အား ပေးစက်ရုံများ တည်ဆောက်၍ ဓာတ်အားထုတ်လုပ်သည့် အခန်းကဏ္ဍမှာ အဓိကမဟုတ်ဘဲ ဓာတ်အားပို့လွှတ်ရေးစနစ် (Transmission System) ကောင်းမွန်စွာ ဖြန့်ကျက်ရောက်ရှိရန်သာ အဓိကဖြစ်ပြီး ယခုအချိန်၌ ၂၃၀ ကေဗွီ မြဝတီဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ မော်လမြိုင်-မြဝတီ ဓာတ်အားလိုင်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဓာတ်အားပို့လွှတ်ရေးလိုင်းများ တိုးချဲ့ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။
(ည)ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(၂)ခု ညှိနှိုင်း၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံမြို့အားလုံး၏ မြို့တွင်းရှိ ကွန်ကရစ်တိုင်များ၌ ကွန်ကရစ်တိုင် တစ်တိုင်ထဲတွင် လျှပ်စစ်ကေဘယ်ကြိုးနှင့် ဆက်သွယ်ရေး ဖိုင်ဘာကေဘယ်ကြိုးများ သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ဆက်သွယ်ရေးဖိုင်ဘာကေဘယ်အား ဖယ်ရှားရှင်းလင်း ပြီးမှ ဆောင်ရွက်ရမည်ဖြစ်၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးရန်အတွက် နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ မြန်မာနိုင်ငံ၏ များပြားလှသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ လျှောက်ထားမှုအားလုံးအား ခွင့်ပြု ဆောင်ရွက်မည်ဆိုပါက အိမ်နီးချင်းအချို့နိုင်ငံများတွင် ဖြစ်သကဲ့သို့ ဓာတ်အား လိုင်းတိုင်များ၌ ဆက်သွယ်ရေးကေဘယ်ကြိုးများ မြင်မကောင်းအောင် ရှုပ်ထွေးပြီး မျက်စိပသာဒမဖြစ်ဘဲ မြို့ပြ၏သပ်ရပ်လှပမှုပုံရိပ်ကို ကျဆင်းစေနိုင် ခြင်း၊ ဓာတ်အားလိုင်းတိုင်များ၏ ကြံ့ခိုင်မှုကိုပါ ထိခိုက်နိုင်ခြင်း စသည့်အချက် များကိုပါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းစဉ်းစားပြီးမှ ခွင့်ပြုနိုင်ရန် လိုအပ်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက် သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ အတည်ပြုသဖြင့် ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၄။ အစည်းအဝေးကို ၁၂:၄၀ နာရီ အချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၂၇-၅-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်