ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလဆန်း ၁၂ ရက်
( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက် )
[အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -
(က) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ဂျပန်နှင့် တရုတ် နိုင်ငံတို့မှ ဝယ်လိုအားကောင်းသော ချင်းပြည်နယ်ထွက် ဝဥ (ခေါ်) ဖျံဥကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က “ဝဥ(ခေါ်)ဖျံဥ” ကို အခြောက်ခံ အမှုန့်ပြုလုပ်ရန် အမှုန့်ကြိတ်စက်ဝယ်ယူရရှိ နိုင်မည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ အသင်းအဖွဲ့များအားကောင်းလာခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေ ဖြင့် “ဝဥ (ခေါ်)ဖျံဥ”ကို တန်ဖိုးမြှင့် ကွင်းဆက်လုပ်ငန်းများနှင့် ပတ်သက် ၍ ဈေးကွက်နှင့်နည်းပညာ တိုးတက်ရရှိအောင် ဆောင်ရွက်လျက်ရှိခြင်း ကြောင့် ချင်းပြည်နယ်ထွက် “ဝဥ(ခေါ်)ဖျံဥ” ကို စိုက်ပျိုးထုတ်လုပ်မှုနှင့် အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် ပိုမိုမြင့်တက်လာနိုင်မည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
( ခ ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ကို မြို့တည်ဆောက်ရေး လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အမြန်ဆုံး မြို့ပြစီမံကိန်း ရေးဆွဲရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မကွီအိမ်နူးမြို့အား မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အကြောင်း ကြားလာသည့်အခါ မြို့ပြပညာရှင်အဖွဲ့များဖြင့် လာရောက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ဂ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ မော်ဟွေ့ - နောင်ဟေ့ ကွင်းအမှတ် (၁၁) ကုန်ထုတ်လမ်း ၃ မိုင် ၄ ဖာလုံနှင့် ဟင်းနား - မော်ဟွေ့ ကွင်းအမှတ် (၈)၊ (၉) ကုန်ထုတ်လမ်း ၃ မိုင် ၁ ဖာလုံတို့ကို ရာသီမရွေး ဆက်သွယ်သွားလာ အသုံးပြုနိုင်မည့် ကျောက်ချောလမ်းများအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး လမ်းလွှဲပြောင်းခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်၍ ခွင့်ပြုချက်ရရှိပါက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်းစာရင်းတွင် ထည့်သွင်းသတ် မှတ်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဖြေကြားသည်။
(ဃ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရွှေဘိုမြို့မှ မြစ်ကြီးနားမြို့သို့သွားရာ ဗျူဟာလမ်းမကြီးနှင့် ခင်ဦးမြို့သို့ ဆက်သွယ် ထားသောလမ်း ၆ မိုင် ၄ ဖာလုံ၊ ခင်ဦးမြို့နှင့်ရေဦးမြို့နယ်သို့ ဆက်သွယ်ထားသောလမ်း ၁၂ မိုင် ၃ ဖာလုံ တို့အား ၁၂ ပေအကျယ်မှ ၁၈ ပေ အကျယ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ရေဦး-ခင်ဦးလမ်းတွင် ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ရန်ပုံငွေတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သာမန်ရန်ပုံငွေ ကျပ်(၃၄.၄၈၀)သန်းဖြင့် လမ်းသာမန်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်ရန်ပုံငွေ ကျပ်(၅၃.၉၅၀) သန်းဖြင့် ကတ္တရာထပ်ပိုးလွှာတင်ခြင်း၊ (၄)ဖာလုံနှင့် လမ်းပိုင်းသာမန် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် လျာထားတင်ပြထားပါ ကြောင်းနှင့် (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဖြေကြားသည်။
(င) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ချောက်၊ စလေ၊ ပခန်းငယ်၊ ကျောက်ရဲ၊ ရေနံချောင်း တို့ကို ဖောက်လုပ်ထားသော မြို့ချင်းဆက်လမ်းအား ကတ္တရာခင်းခြင်း၊ ကျောက်ချောခင်းခြင်း၊ လမ်းပြုပြင် ထိန်းသိမ်းခြင်းများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်ရှိ လမ်းပိုင်း(၂)ခုအား လမ်းဦးစီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ယခုတင်ပြသွားခဲ့သည့်အတိုင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ဘဏ္ဍာငွေဆက်လက် လျာထား ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဥပဒေကြမ်းအတည်ပြုရန်အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး လွှတ်တော်၏ အဆုံး အဖြတ် ရယူ၍ အတည်ပြုသည်။
၅။ အစည်းအဝေးကို ၁၀၅၁ နာရီအချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို၃၀-၇-၂၀၁၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်