Share this

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၃၀.၁.၂၀၂၀)

Thursday, January 30, 2020 - 12:55
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့်  လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သားကိုယ်စားလှယ်လောင်းများက ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်အတွင်း နေထိုင်ကြသည့် ယင်းဘော်၊ ဂေမို၊ ဂေဘား၊ ယင်းတလဲ၊ ဇယိမ်းလူမျိုးစုများအား အင်အားမလျော့နည်း မပပျောက်သွားအောင် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုး ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး က တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း စသည့် ကိစ္စရပ် များကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ အခြားသော ပြည်ထောင်စုဝန်ကြီးဌာန များကလည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကလည်း တိုင်းရင်းသားရေးရာကိစ္စရပ် များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် မြေယာ လျော်ကြေး တစ်စုံတစ်ရာမပေးဘဲ VANTAGE Co.,ltd. သို့ ပုစွန်ကန်များ အပြီးအပိုင် လွှဲပြောင်းရောင်းချခဲ့သည့် မြိတ်မြို့၊ ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  မြေသိမ်းဆည်းစဉ် ကာလက ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး သီးနှံလျော်ကြေးငွေ နှင့် မြေယာအစားထိုးဖော်ထုတ်ရန်အတွက် ငွေပေးချေခဲ့ပြီး မြေယာအစားထိုး ဖော်ထုတ်ပေးမှု အခြေအနေကိုတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက်စိစစ် သွားရန်ရှိမည်ဖြစ်ကြောင်း၊ ရောင်းချရရှိခဲ့သည့်ငွေကို မျဉ်းသားချက်လက်မှတ် ဖြင့် လှည့်ပတ်ရန်ပုံငွေသို့ ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း၊ သီးနှံလျော်ကြေးနှင့် မြေအစားထိုးဖော်ထုတ်ရန်ကုန်ကျငွေများကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ် ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)တွင် လိုအပ်လျက်ရှိသော သင်တန်းသား အိပ်ဆောင်(၁)ဆောင်နှင့် ထမင်းစားဆောင်(၁)ဆောင်တို့အား လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က သီးခြားဆောက်လုပ်ပေးရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ၌ ယခင်က “ဝါ” အကြီးအကျယ်စိုက်ပျိုးထွက်ရှိခဲ့သောဒေသများတွင် ဝါခင်းများ ပြန်လည် စိုက်ပျိုးထုတ်လုပ်စေပြီး အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ အစဉ်တစိုက် အသုံးပြု ဆောင်ရွက်နိုင်ရန် အမျိုးသားရေးမူဝါဒအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားကောင်းလာစေရန် ဖန်တီးနိုင်မှုစွမ်းအား မြင့်လာသည်နှင့်အမျှ မျှော်မှန်းထားသည့် အချိန်ကာလ တစ်ခုတွင် မြန်မာ့ဝါသီးနှံကဏ္ဍ (Cotton Industry) ဖွံ့ဖြိုးတိုးတက်လာရေး အမျိုးသားရေးမူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးမြို့ ရေရရှိရေး သီမစ်ချောင်းမှ ရေသွယ်ရေးစီမံကိန်း၏ နောက်ဆုံးအခြေအနေ၊ ဟားခါးမြို့ မြို့မဈေး တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ၂၀၁၅ ခုနှစ် ဟားခါးမြို့ မြေပြိုမှုကြောင့် သဘာဝအလှများနှင့် သစ်တောများ ပျက်စီးသွား သော RUNG တောင် ပြန်လည်ထိန်းသိမ်းသည့်အစီအစဉ်တို့အား သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်အတွင်း ပြန်လည်တူးဖော်ခြင်းနှင့် တာပေါင်ဖို့ခြင်း၊ တာပေါင်ရိုးကျောက်စီခြင်း၊ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းနှင့် ရေတံခါး အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နုံးဆယ်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ နှစ်စဉ် ဇွန်လနှင့် ဇူလိုင်လများတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ ပန်းခြံ တည်ဆောက်ခြင်းတို့ကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် စစ်မှုထမ်းဟောင်းအဖွဲ့မှ ပန်းဥယျာဉ်ပြုလုပ်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် မေတ္တာအဏ္ဏဝါကုမ္ပဏီမှ ရေကန်ပန်းခြံတည်ဆောက်ခြင်းနှင့် သစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြကြောင်း ရှင်းလင်းဖြေကြား သည်။

(စ)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့တွင် မြို့နယ်ခန်းမ (Community Center) တစ်ခု ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း 

၄။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း   

၅။ ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) (ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ)က ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၆။ အစည်းအဝေးကို ၁၁:၅၅ နာရီ အချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၃-၂-၂၀၂၀ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်