Share this

နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ

Tuesday, July 31, 2018 - 13:04
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်     ။)

၁၃၈၀ ပြည့်နှစ်၊              လ              ရက်

(၂၀၁၈ ခုနှစ်၊          လ         ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ

၁။ ဤဥပဒေကို နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်စေရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက် စေရမည်-

(က) မြေတိုင်းမှတ်တိုင်သို့မဟုတ် နယ်နိမိတ်မှတ်တိုင် ဆိုသည်မှာ နယ်နိမိတ်တိုင်းတာ ပိုင်းခြားကြပ်မတ်ရေးအရာရှိအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသူက မြေတိုင်းရာ နေရာများကိုသော်လည်းကောင်း၊ မြေတိုင်းတာရာ အမှတ်အသားများကိုသော်လည်း ကောင်း၊ ယင်းမြေနယ်နိမိတ်ပေါ်တွင်ဖြစ်စေ၊ အတွင်းတွင်ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ သို့မဟုတ် မြေကြီးအတွင်း၌ မြှုပ်နှံ၍ဖြစ်စေ စိုက်ထူတည်ဆောက်ထားသည့် အုတ်တိုင်၊ ကျောက်တိုင်၊ အခြားတိုင်တစ်မျိုးမျိုး၊ ပြွန် သို့မဟုတ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သို့မဟုတ် မြေတိုင်းတာသည့်ဌာန အဖွဲ့အစည်းတစ်ခုခုက ချမှတ် ထားသည့် မြေပြင်အမှတ်အသားတစ်ခုခုကိုဆိုသည်။

(ခ) စာချုပ်စာတမ်းဆိုသည်မှာ အကြောင်းအရာတစ်ခုခုကို မှတ်သားအသုံးပြုရန် ကြံရွယ်၍ စာဖြင့်ဖြစ်စေ၊ ဂဏန်းဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ တစ်နည်းထက်ပိုသော နည်းများဖြင့်ဖြစ်စေ အရာဝတ္ထုတစ်ခုခုပေါ်တွင် ရေးသားထားသည့် သို့မဟုတ် ဖော်ပြ ထားသည့် အရာတစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေ၌ အခြားနည်းဖြင့် သီးခြားဖော်ပြထားခြင်းမရှိလျှင် သေတမ်းစာ၊ တရားရုံးဒီကရီနှင့် အမိန့်၊ သဘောတူ စာချုပ်ဆိုသည့် ကတိစာချုပ်၊ ခံဝန်ချုပ်နှင့် အခြားစာချုပ်စာတမ်း တစ်ခုခုတို့လည်း ပါဝင်သည်။

(ဂ) နယ်နိမိတ် ဆိုသည်မှာ ဤဥပဒေအရ မြေပြင်တွင် ပိုင်းခြားသတ်မှတ်ထားသည့် နယ်မြေအပိုင်းအခြားကိုဆိုသည်။

(ဃ) နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ ဆိုသည်မှာ နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရာတွင် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင် စိုက်ထူ နိုင်ရေးအတွက် ဤဥပဒေပါ လုပ်ငန်းတာဝန်များဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုသည်။

(င) နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိ ဆိုသည်မှာ ဤဥပဒေအရ မြေပြင်တွင် ပိုင်းခြားသတ်မှတ်ထားသည့် နယ်နိမိတ်ကို စိစစ်ပိုင်းခြားသတ်မှတ်ပေး နိုင်ရေးအတွက် ဤဥပဒေအရ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူကိုဆိုသည်။

(စ) ကြော်ငြာစာ ဆိုသည်မှာ အများပြည်သူ သို့မဟုတ် သက်ဆိုင်သူများ သိရှိစေရန် ဖြစ်စေ၊ လိုက်နာဆောင်ရွက်စေရန်ဖြစ်စေ နည်းလမ်းတကျ ဆောင်ရွက်ထားသော သတင်း ပေးချက် သို့မဟုတ် အကြောင်းကြားချက်ကိုဆိုသည်။

(ဆ) အဖွဲ့အစည်း ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ကိုဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၄။ ဤဥပဒေ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအတွင်းရှိ ကွင်း၊ အကွက်များ၏ မြေနယ်နိမိတ်များ တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်စေရန်၊

(ခ)စိုက်ထူထားရှိသည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များကို ထိခိုက် ပျက်စီးခြင်း၊ ပြောင်းလဲခြင်းမရှိစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊

(ဂ)တိုင်းတာပိုင်းခြားသတ်မှတ်ထားရှိသည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ် မှတ်တိုင်တို့အား ရာသီဥတုအခြေအနေအရလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါက တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်စေရန်။

အခန်း(၃)

နယ်နိမိတ်များကိုတိုင်းတာခြင်း၊ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ခြင်း

၅။ နိုင်ငံတော်၏ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၏ နယ်နိမိတ်သည်လည်းကောင်း၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာတို့၏ နယ်နိမိတ်သည်လည်းကောင်း တည်ဆဲ ဥပဒေများနှင့်အညီ သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်။

၆။ အောက်ပါမြေနယ်နိမိတ်များ တိုင်းတာခြင်း၊ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ခြင်းများကို ဆောင်ရွက် ရာတွင် ဤဥပဒနှင့်အညီ  ဆောင်ရွက်ရမည်-

(က)မြို့၊ ရပ်ကွက်နှင့် ကျေးရွာများ၏ နယ်နိမိတ်များ၊

(ခ)မြို့နယ်၊ကျေးရွာအုပ်စုများအတွင်းရှိ ကွင်းများ၏ မြေနယ်နိမိတ်များ။

အခန်း(၄)

နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး

အရာရှိများခန့်ထားခြင်းနှင့် ယင်းတို့၏လုပ်ငန်းတာဝန်များ

၇။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သောသူသည် အောက်ပါအကြောင်းကိစ္စများပေါ်ပေါက်ပါက နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေး အရာရှိနှင့် နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး အရာရှိများကို ခန့်အပ်တာဝန် ပေးအပ်နိုင်သည်-

(၁)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းကိစ္စပေါ်ပေါက်လာခြင်း၊

(၂)သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန် အကြောင်းကိစ္စ ပေါ်ပေါက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ခံ တင်ပြလာခြင်း၊

(၃)ပြည်ထောင်စုနယ်မြေအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန် အကြောင်းကိစ္စ ပေါ်ပေါက်၍ နေပြည်တော် ကောင်စီက ထောက်ခံတင်ပြလာခြင်း၊

(၄)သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်ထောင်စုနယ်မြေအတွင်း၌ရှိသော ကျေးရွာ၊ ရပ်ကွက်၊ မြို့အတွင်းရှိ မြို့မြေ၊ ကျေးရွာမြေ တိုင်းတာရန် အကြောင်းကိစ္စပေါ်ပေါက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် နေပြည်တော်ကောင်စီက ထောက်ခံတင်ပြလာခြင်း။

(ခ)ယင်းသို့တာဝန်ပေးအပ်ရာတွင်-

(၁)နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိဖြစ်ပါက အရာရှိမြေတိုင်း သင်တန်း  သို့မဟုတ်  တန်းမြင့်မြေတိုင်းသင်တန်း တက်ရောက်အောင်မြင်ပြီး သက်ဆိုင်ရာမြို့နယ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး သို့မဟုတ် နေပြည်တော် သို့မဟုတ် ရန်ကုန်မြို့တော် သို့မဟုတ် မန္တလေး မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

(၂)နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။

နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ၏ လုပ်ငန်းတာဝန်များ

၈။ နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က)မြေနယ်နိမိတ်ကို တိုင်းတာပိုင်းခြားသတ်မှတ်နိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက် ရမည့် မြေအတွင်းသို့ဝင်ရောက်၍ လိုအပ်သောအချက်အလက်များကို ရယူခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ခြင်း၊

(ခ)တာဝန်ယူဆောင်ရွက်ရမည့် မြေကိုလည်းကောင်း၊ ယင်းမြေနှင့် တစ်ဆက်တစ်စပ်တည်း ရှိသည့် မြေကိုလည်းကောင်း စစ်ဆေးရန်လိုအပ်ပါက မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အကူအညီဖြင့် ဆင့်ခေါ်ခြင်း၊

(ဂ)တာဝန်ယူဆောင်ရွက်ရမည့်မြေကို နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရန် နယ်နိမိတ် မျဉ်းကြောင်း သို့မဟုတ် အခြားမျဉ်းကြောင်းတစ်လျှောက်တွင် သစ်ပင်၊ ပန်းပင်၊ ခြုံနွယ်၊ ခြံစည်းရိုး သို့မဟုတ် ပေါက်ရောက်လျှက်ရှိသည့် ကောက်ပဲသီးနှံများကို ခုတ်လှဲ၊ ရိတ်သိမ်း၊ ဖယ်ရှားရန်ဖြစ်စေ၊ နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရာတွင် လိုအပ်သည့် အကူအညီ ရယူရန်ဖြစ်စေ၊ သင့်လျော်သူတစ်ဦးအား တာဝန်ပေးအပ်ရန်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဃ) နယ်နိမိတ်မျဉ်းကြောင်းတစ်လျှောက် ရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ ခုတ်လှဲဖယ်ရှင်း ရသည့် သစ်ပင်၊ ပန်းပင်၊ ခြုံနွယ်၊ ခြံစည်းရိုး သို့မဟုတ် ပေါက်ရောက်လျှက် ရှိသည့် ကောက်ပဲသီးနှံများ၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို နယ်နိမိတ်တိုင်းတာ ပိုင်းခြား သတ်မှတ်ရေးအရာရှိထံ တွက်ချက်တင်ပြခြင်း၊

(င) ပုဒ်မခွဲ(ဃ)ပါကိစ္စရပ်အပေါ်ပိုင်ဆိုင်မှု သို့မဟုတ် လက်ရှိဖြစ်ခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားလျှင် အဆုံးအဖြတ် ပေးနိုင်ရေးအတွက် နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေး အရာရှိထံတင်ပြခြင်း၊

(စ) မြေနယ်နိမိတ်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူများက အထောက်အထား စာချုပ်စာတမ်း များ တင်ပြရန်ရှိပါက တင်ပြစေခြင်း၊

(ဆ)တာဝန်ယူဆောင်ရွက်ရမည့် မြေကိုလည်းကောင်း၊ ယင်းနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေသည့် မြေများကိုလည်းကောင်း ပိုင်ဆိုင်လုပ်ကိုင်နေသူ သို့မဟုတ် တစ်စုံတစ်ရာ အကျိုးစီးပွားကို ခံစားခွင့်ရှိသည့် သက်ဆိုင်သူများ၊ ယင်းမြေကို စီမံခန့်ခွဲအုပ်ချုပ်သူ သို့မဟုတ် စီမံခန့်ခွဲအုပ်ချုပ်သူနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ သိရှိစေရန် ကြော်ငြာစာကို ထုတ်ပြန်၍ သက်ဆိုင်သူများထံ ဖြန့်ဝေခြင်း သို့မဟုတ် နယ်နိမိတ်သတ်မှတ်မည့် မြေနေရာနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးတို့တွင် မြင်သာစွာကပ်ထားခြင်းတို့ကို ဆောင်ရွက်ရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တာဝန် ပေးအပ်ခြင်း၊

(ဇ) ကြော်ငြာစာပါ နေ့ရက်၊ အချိန်များတွင် တာဝန်ယူ ဆောင်ရွက်ရသည့် ဒေသ၏ မြေအပိုင်းအခြားကို ညွှန်ပြခြင်း၊ မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင် များကို စိုက်ထူခြင်း၊ ပြုပြင်ခြင်းနှင့် နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရာ၌ လိုအပ် သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လိုအပ်သည့် အကူအညီများ ရယူနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(စျ) တာဝန်ယူဆောင်ရွက်ရသည့် မြေနှင့်စပ်လျဉ်း၍ မြေနယ်နိမိတ်ကို တိုင်းတာပိုင်းခြား သတ်မှတ်ပြီးနောက် မြေရှင်တို့ကိုဖြစ်စေ၊ မြေလက်ရှိလုပ်ကိုင်နေသူတို့ကိုဖြစ်စေ ညှိနှိုင်းပြီး လိုအပ်သည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူခြင်း၊

(ည) တာဝန်ယူဆောင်ရွက်ရသည့် မြေနှင့်စပ်လျဉ်း၍ ယင်းမြေကို မည်သူက လက်ရှိ ပိုင်ဆိုင် ကြောင်း ဆုံးဖြတ်ချက်မချနိုင်၍ မြေနယ်နိမိတ်ကို မသတ်မှတ်နိုင်လျှင် နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိထံ တင်ပြအစီရင်ခံခြင်း၊

(ဋ) မိမိသုံးသပ်ချက်နှင့် သဘောထားပါဝင်သော ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာကို နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိမှတဆင့် မိမိအား ခန့်အပ် တာဝန်ပေး သူထံ တင်ပြခြင်း၊

(ဌ) ပုဒ်မခွဲ(ဋ)အရ တင်ပြသည့်အစီရင်ခံစာတွင် နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ကြောင်း အထောက်အထားခိုင်မာစွာ တွေ့ရှိပါက ထည့်သွင်းဖေါ်ပြခြင်း။

နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိ၏ လုပ်ငန်းတာဝန်များ

၉။ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က) နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိမှ တင်ပြလာသည့် နယ်နိမိတ် မျဉ်းကြောင်းတစ်လျှောက် ရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ ခုတ်လှဲ ဖယ်ရှင်းရသည့် သစ်ပင်၊ ပန်းပင်၊ ခြုံနွယ်၊ ခြံစည်းရိုး သို့မဟုတ် ပေါက်ရောက်လျှက်ရှိသည့် ကောက်ပဲ သီးနှံများ၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို စိစစ်အတည်ပြု၍ သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊ 

(ခ)ပုဒ်မခွဲ(က)ပါကိစ္စရပ်အပေါ် ပိုင်ဆိုင်မှု သို့မဟုတ် လက်ရှိဖြစ်ခြင်းနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများအပေါ် အဆုံးအဖြတ်ပေးခြင်းနှင့် ဆုံးဖြတ်၍မရရှိသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း၊

(ဂ) တာဝန်ယူဆောင်ရွက်ရမည့် မြေနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း စတင်ပြုလုပ်သည့် နေ့ရက်မတိုင်မီ ရက်ပေါင်း ၉၀အတွင်း တရားသဖြင့် လက်ရှိလုပ်ကိုင်နေထိုင်သူတို့ကို ဥပဒေနှင့်မညီဘဲ လက်လွှတ်စေ၍ လက်ဝယ်ရယူထားကြောင်း စစ်ဆေးတွေ့ရှိရလျှင် ဥပဒေနှင့်အညီမဟုတ်ဘဲ လက်လွှတ်ဆုံးရှုံးရသူကို လက်ရှိအဖြစ်ထား၍ နယ်နိမိတ် သတ်မှတ်ခြင်း၊

(ဃ) နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိက ပေးပို့သော အစီရင်ခံစာကို မည်သူ မဆို လာရောက်ကြည့်ရှုနိုင်ကြောင်းနှင့် သဘောမတူ၍ ကန့်ကွက်ငြင်းဆိုလိုလျှင် ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀အတွင်း ငြင်းဆိုလိုသော အချက် များကို စာဖြင့်ရေးသားဖေါ်ပြကန့်ကွက်နိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကြေငြာစေခြင်း၊

(င) အဆိုပါ ရက်ပေါင်း ၃၀ ကုန်ဆုံးပြီးနောက်တွင် တင်ပြလာသည့် ကန့်ကွက်လွှာများကို ငြင်းပယ်ရမည်ဖြစ်ပြီး၊ လိုအပ်ပါက ယင်းကန့်ကွက်လွှာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခြင်း၊

(စ) တာဝန်ယူဆောင်ရွက်ရမည့် မြေများနှင့်စပ်လျဉ်း၍ လိုအပ်သည့် အချက်အလက်များကို စစ်ဆေးမေးမြန်းရန်အတွက် ဤဥပဒေအရ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင် ခွင့်များအပြင် နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရပါ သက်သေတို့ကို လာရောက်စေရန်ဆင့်ခေါ်ပြီး စာချုပ်စာတမ်း များကို တင်ပြစေခြင်း၊

(ဆ) နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ၏ တင်ပြချက်အရလည်းကောင်း၊ မိမိကိုယ်တိုင် စစ်ဆေးတွေ့ရှိချက်အရလည်းကောင်း နယ်နိမိတ်အငြင်းပွားမှုတွင် မည်သူက လက်ရှိဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ရန် ခိုင်လုံမှုမရှိလျှင် စစ်ဆေး မေးမြန်းချက်များအပေါ် ခြုံငုံသုံးသပ်ပြီး လက်ရှိဖြစ်သူနှင့် ညှိနှိုင်း၍ နယ်နိမိတ် သတ်မှတ်ခြင်း၊

(ဇ) တာဝန်ယူဆောင်ရွက်ရမည့် မြေနယ်နိမိတ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခြင်း။

အခန်း(၅)

နယ်နိမိတ်မှတ်တိုင်များစိုက်ထူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

၁၀။ နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိသည် နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ် ပြီးပါက နယ်နိမိတ်တစ်လျှောက် လိုအပ်သည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင် များကို မြေရှင်တို့ကိုဖြစ်စေ၊ မြေလက်ရှိလုပ်ကိုင်နေသူတို့ကိုဖြစ်စေ စိုက်ထူစေရမည်။

၁၁။ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ပြီး နယ်နိမိတ်တစ်လျှောက် လိုအပ်သည့် မြေတိုင်း မှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူပြီးသည့်အခါ နယ်နိမိတ်တိုင်းတာပိုင်းခြားသည့် လုပ်ငန်းဆောင်ရွက်မှုမှာ အပြီးအပြတ်ဖြစ်စေရမည်။

၁၂။ နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိသည် နယ်နိမိတ်တစ်လျှောက် စိုက်ထူ ထားသည့် မြေတိုင်းမှတ်တိုင်သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မြေရှင်များနှင့် မြေလက်ရှိလုပ်ကိုင်နေသူတို့အား သတ်မှတ်ချက်နှင့်အညီ တာဝန်ပေးအပ်ရမည်။ 

၁၃။ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သို့မဟုတ် မြေရှင် သို့မဟုတ် မြေတွင် လက်ရှိလုပ်ကိုင်လျက်ရှိသူသည် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ် မှတ်တိုင်တစ်ခုခုကို ထိခိုက်ပျက်စီးခြင်း၊ ပြောင်းလဲခြင်းမရှိစေရန်တားဆီးကာကွယ်ရန် တာဝန် ရှိသည်။

၁၄။ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များကို တစ်စုံတစ်ရာ ရွှေ့ပြောင်းဖယ်ရှားခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ထိခိုက်ပျက်စီးစေခြင်း၊ ပြောင်းလဲခြင်း၊ မှတ်သားထားသည့် အမှတ်အသားတစ်ခုခုကို မထင်မရှား ဖြစ်စေခြင်းပါကိစ္စရပ်တစ်ခုခုဖြစ်ပွားကြောင်း မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ သိရှိလျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံးတင်ပြရမည်။

၁၅။ ပုဒ်မ ၁၄ အရ တင်ပြလာသည့် ကိစ္စရပ်အပေါ် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးသည် ကွင်းဆင်းစိစစ်ပြီး တွေ့ရှိချက်နှင့်တကွ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို တာဝန်ပေးအပ်ရမည်။

၁၆။ ရာသီဥတုအခြေအနေအရလည်းကောင်း၊ သဘာဝဘေးအန္တရာယ်အရလည်းကောင်း မြေတိုင်း မှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များ ထိခိုက်ပျက်စီးခြင်း၊ ပြင်ဆင်ရန် လိုအပ်ခြင်း များရှိလျှင် မြေရှင် သို့မဟုတ် မြေလက်ရှိလုပ်ကိုင်နေသူ သို့မဟုတ် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်ပြင်ဆင်ခြင်း၊ အသစ်စိုက်ထူခြင်း ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်။

၁၇။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာနယ်နိမိတ်အတွင်း ဤဥပဒေအရ စိုက်ထူထားသည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်တစ်ခုခု ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ပြင်ဆင်ရန်လိုအပ်ခြင်းကို သိရှိလျှင် မှတ်တိုင်အသစ်ကို မူလနေရာတွင် ပြန်လည် စိုက်ထူရန် ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ ဆုံးဖြတ်ချက်ချမှတ်၍ ကုန်ကျစရိတ်ငွေ ကျခံရမည့်သူကို သတ်မှတ်ရမည်။

အခန်း(၆)

တားမြစ်ချက်များ

၁၈။ မည်သူမျှ နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေးအရာရှိ၏ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)နှင့် (ခ)ပါ တာဝန်များ ဆောင်ရွက်ခြင်းကို တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အန္တရာယ်ပြုခြင်းတို့ကို မပြုရ။

၁၉။ မည်သူမျှ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိ၏ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဂ)နှင့် (စ)ပါ တာဝန်များ ဆောင်ရွက်ခြင်းကို တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အန္တရာယ်ပြုခြင်းတို့ကို မပြုရ။

၂၀။ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ပြီး နယ်နိမိတ်တစ်လျှောက် စိုက်ထူထားရှိပြီး ဖြစ်သည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင် တစ်ခုခုကို ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဖယ်ရှားခြင်း၊ ရွေ့လျားခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲခြင်း၊ မှတ်သားထားရှိသည့် အမှတ်အသား တစ်ခုခုကို မထင်မရှားဖြစ်စေခြင်းတို့ကို မပြုရ။

အခန်း(၇)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၂၁။ မည်သူမဆိုပုဒ်မ ၁၈၊ ၁၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၂၂။ မည်သူမဆို ပုဒ်မ ၂၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

အခန်း(၈)

အထွေထွေ

၂၃။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကဆောင်ရွက်သည့် ကွင်းဖွဲ့တိုင်းတာခြင်း လုပ်ငန်းများနှင့် နေပြည်တော် သို့မဟုတ် ရန်ကုန်မြို့တော် သို့မဟုတ် မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်များအတွင်း စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် မြေတိုင်းတာရေး လုပ်ငန်းများအတွက်-

(က) မြေတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် မြေတိုင်း အရာရှိများသည် ဤဥပဒေတွင် ဖေါ်ပြထားသည့် နယ်နိမိတ်တိုင်းတာပိုင်းခြား ကြပ်မတ်ရေးအရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။

(ခ) သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးသည် နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေး အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ခွင့်ရှိသည်။

၂၄။ မြေတိုင်းတာထားရှိပြီးဖြစ်သည့် မြို့၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပုဂ္ဂလိက သို့မဟုတ် အဖွဲ့အစည်းတစ်ခုချင်းတို့၏ မြေနယ်နိမိတ်များနှင့်စပ်လျဉ်း၍ တိုင်းတာပြင်ဆင် သတ်မှတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြေစီမံခန့်ခွဲသည့် ဌာန သို့မဟုတ် အဖွဲ့အစည်း အကြီးအမှူး၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။

၂၅။ ပုဒ်မ ၉၏ ပုဒ်မခွဲ (ခ)၊ (င)၊ (ဇ)နှင့် ပုဒ်မ ၁၀ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်တိုင်းတာပိုင်းခြားကြပ်မတ်ရေး အရာရှိတို့က တင်ပြလျှင် ပြည်ထောင်စုနယ်မြေသို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများစဉ်ဆက်မပြတ် စီမံဆောင်ရွက်ရန် သင့်လျော်သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့ကိုဖြစ်စေ တာဝန် ပေးအပ်နိုင်သည်။ ယင်းဆောင်ရွက်မှု ကုန်ကျစရိတ်များကို နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ် ပေးရမည့် မြေရှင် သို့မဟုတ် မြေလက်ရှိ လုပ်ကိုင်နေသူ သို့မဟုတ် တာဝန်ရှိသူတို့က ကျခံစေရမည်။

၂၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထမ်းဆောင်ရမည့် အရပ်ရပ်ကြေးငွေများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ မြေခွန်တော်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရ ကောက်ခံရမည်။

၂၇။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၂၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ များ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၉။ ၁၈၈၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်အက်ဥပဒေ“The Boundaries Act (INDIA   ACT V, 1880,Vol X)”ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်