Share this

နဝမနေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၃၀.၅.၂၀၁၈)

Friday, June 8, 2018 - 15:47
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

 

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

 

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁ ရက်

 

( ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက် )

 

[ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

 

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

 

     (က)  ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဆင်အိုင်ကျေးရွာအနီးရှိ ဆင်အိုင်မြောင်ကိုပိတ်၍ တစ်ဖက်ပိတ်ဆည်ပြု လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  လျှိုပိတ်ဆည်တည်ဆောက်မည့် အောက်ခံမြေလွှာသည် ရေယိုစိမ့်ထွက် နိုင်သော ကျောက်သားမြေလွှာများဖြစ်ခြင်း၊ မြေသားတမံ ဆောက်ရန် ရေလုံသော ဖို့မြေအမျိုးအစားမရရှိနိုင်ခြင်း၊ စက်ယန္တရားများပို့ဆောင်ရန် ခက်ခဲခြင်းတို့ကြောင့် ဒေသတွင်းပြည်သူများ သောက်သုံးရေရရှိရေး အတွက် မိုးများသော ဒေသဖြစ်သည်နှင့်အညီ မိုးရေများကို သိုလှောင်သုံးစွဲ နိုင်ရန် အုတ်ရေ လှောင်ကန်များ တစ်ပိုင်တစ်နိုင်တည်ဆောက်ခြင်း စနစ်ဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လိုအပ်သလို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

 

(ခ)    ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာရှိ တိမ်နေသော ရေကန်ကို ပြန်လည် တူးဖော်ပေးနိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင် ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ရေကန်ကြီး ပြန်လည်တူးဖော်ပေးနိုင်ရန် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် (ဧပြီလမှ စက်တင် ဘာလ)အတွင်း ရန်ပုံငွေလျာထားသည့် လုပ်ငန်းစာရင်းတွင် ပါဝင်ခြင်းမရှိ သော်လည်း လိုအပ်သောစူးစမ်းလေ့လာမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဘူမိဗေဒမြေအနေအထားအရ ဖြစ်မြောက်နိုင်စွမ်းရှိပါက လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေထည့်သွင်းလျာထား၍ ရေကန်ကြီး ပြန်လည်တူးဖော်ပေးနိုင်‌ရေး စီစဉ်ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စား  ဖြေကြားသည်။

 

    (ဂ)   ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ လယ်ယာမြေ  လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးထားမှုများအား ပြန်လည်စိစစ် စစ်ဆေးရန် အစီအစဉ် ရှိ/မရှိနှင့် တရားမဝင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရယူပြီး စိုက်ပျိုးစရိတ်ချေးငွေ အလွဲသုံးစားပြု ထုတ်ယူနေမှုများအား ထိရောက်စွာ  အရေးယူအပြစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  မသမာသော နည်း အမျိုးမျိုးဖြင့် ဆောင်ရွက်ထားရှိမှုများ ပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိရောက်သော အရေးယူမှုများဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်ရှိခြင်း၊ မသမာသော နည်းလမ်း အမျိုးမျိုးဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးထား မှုပေါ်ပေါက်ခြင်းစသည်တို့ တွေ့ရှိရပါက ပြန်လည်စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြေကြားသည်။

 

၃။           ဒေါ်နန်းနီနီအေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြားရှင်းလင်း ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

အဆိုဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

 

၄။           ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ  နိုင်ငံသူ နိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စု အစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice)နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

 

 ၅။         အစည်းအဝေးကို (၁၁၁၁) နာရီအချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို ၁-၆-၂၀၁၈  ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

 

                                                                                အမျိုးသားလွှတ်တော်