Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၀.၂.၂၀၂၀)

Thursday, February 20, 2020 - 01:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင် မည်မျှရှိပြီး လိုအပ်သည့် အရေအတွက်ထက် ပိုလျှံခြင်း ရှိ/မရှိ၊ အကယ်၍ ထပ်မံလိုအပ်သည်ဟု ယူဆပါက မည်သည့်မူဝါဒများ ချမှတ်၍ ပွင့်လင်းမြင်သာစွာ ခွင့်ပြုပေးနေသည်နှင့် လူနေထူထပ်သည့် မြို့ရွာ၊ ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက မထိခိုက်စေရန် စဉ်းစားထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုရရှိဖွင့်လှစ်ထားသည့် အရောင်းဆိုင် အရေအတွက်မှာ စည်ပင်သာယာနယ်နိမိတ်အတွင်း၌ ၁၃၉ ဆိုင်၊ ပြင်ပ၌ ၄၉ ဆိုင်၊ စုစုပေါင်း ၁၈၈ ဆိုင်ရှိကြောင်း၊ မော်တော်ယာဉ်များ သက်တောင့်သက်တာ စက်သုံးဆီဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လက်ရှိ စက်သုံးဆီအရောင်းဆိုင် အရေအတွက်သည် ပိုလျှံခြင်းမရှိသေးဘဲ ထပ်မံလိုအပ်လျက်ရှိကြောင်း၊ အရောင်းဆိုင်သစ် တည်ဆောက်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြလာပါက  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပါက စိစစ် ခွင့်ပြုပေးလျက် ရှိကြောင်း၊ ပြည်သူများ၏ မီးဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ် များကျရောက်ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ စက်သုံးဆီ အရောင်းဆိုင် မြို့တွင်း၌ တည်ရှိပါက မည်သည့်စက်သုံးဆီ အမျိုးအစားကိုမဆို မြေအောက်သိုလှောင်ကန်ဖြင့်သာ တည်ဆောက်သိုလှောင် ဖြန့်ဖြူးရောင်းချရန် သတ်မှတ်ထားသည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မီးသတ်ဦးစီးဌာန တို့၏ သတ်မှတ်ချက်နှင့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ထားရှိ စေကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ဟောင်း မြေနေရာနှင့် အဆောက်အဦများကို Industrial Complex အဖြစ် သို့မဟုတ် စက်မှုလုပ်ငန်း တစ်ခုခုအတွက် ပြန်လည်အသုံးချရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း  က မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Industrial Complex ထူထောင်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောက်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (ဂ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ၌ လယ်ယာသုံးစက်ကိရိယာများအား ကုမ္ပဏီများမှတစ်ဆင့် လယ်သမားများ ဝယ်ယူရာတွင် အဆင်မပြေမှုများရှိနေကြသဖြင့် စီစဉ်ကြပ်မတ် ဆောင်ရွက် နိုင်သည့်အဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မြန်မာနိုင်ငံစက်မှုလက်မှုပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း၍ လယ်ယာသုံး စက်ကိရိယာပစ္စည်းများအား ထုတ်လုပ် ဖြန့်ဖြူး စီမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း  က နိုင်ငံပိုင်  လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေးစက်ရုံများကို အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများဖြင့် လည်ပတ်နိုင်ရန် စီစဉ်လျက်ရှိပြီး  လယ်ယာသုံးစက်ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေရေးအတွက် “မော်တော်ယာဉ်နှင့် လယ်ယာသုံး စက်ပစ္စည်းများ ထုတ်လုပ်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအဖွဲ့” က စစ်ဆေးလျက်ရှိသည့်အပြင် လယ်ယာသုံးစက်ကိရိယာ များ ဝယ်ယူသည့်အခါ တောင်သူလယ်သမားများ ကြုံတွေ့ရသည့်အဆင်မပြေမှု များကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စိစစ်ကြပ်မတ် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ မြေဧရိယာ (၁၆.၆၁)ဧကတွင် ခနောက်စိမ်းသတ္တုအသေးစား ထုတ်လုပ်ခွင့်ရရှိထားသော သတ္တုကုမ္ပဏီမှာ (၃၁-၁-၂၀၁၉) ရက်နေ့တွင် ခွင့်ပြုမိန့်လိုင်စင်သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ခွင့်ပြုချက်မရှိ ဆက်လက်တူးဖော်နေခြင်းနှင့် လုပ်ငန်းမြေ နေရာအား သတ္တုတွင်းပိတ်သိမ်းမှုကို ဥပဒေပါအတိုင်း မြေယာပြုပြင် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိ ပျက်ကွက်နေမှုအပေါ် မည်သို့စီမံအရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ က အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုပြီး ခနောက်စိမ်း သတ္တုတူးဖော်လုပ်ကိုင်ခဲ့သည့် မြန်မာစင်္ကြာဝဠာတပေါင်းတည်းသတ္တုကုမ္ပဏီ၏ လုပ်ကွက်အား ခွင့်ပြုမိန့်ပြန်လည်အပ်နှံစေခဲ့ပြီး လုပ်ကွက်ပိတ်သိမ်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်စာချုပ်ပါ သတ္တုတွင်းပိတ်သိမ်းမှု အစီအစဉ်အား မြန်မာ့သတ္တုတွင်း နည်းဥပဒေများပါအတိုင်း ကုမ္ပဏီမှ တာဝန် ယူရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပျက်ကွက်ပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (င) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ လျော့ပါး စေရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က တစ်ကမ္ဘာလုံးကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရေးအတွက်  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင် အဖြစ်ပါဝင်၍ လိုက်နာရမည့် ကတိကဝတ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်း အကူအညီများဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး နှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ၁၉၉၅ - ၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည် စီမံကိန်း တည်ဆောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လယ်သမားများအား အစားထိုးပေးသည့် မြေယာများ နှစ်ပေါင်း(၂၄)နှစ်ကျော် လုပ်ကိုင်ခဲ့သော်လည်း ပုံစံ(၇) မရရှိခြင်းကြောင့် ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပယ်ဖျက်ပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သဘောထားမှတ်ချက် တင်ပြတောင်းခံထားပြီး ပြန်ကြားလာပါက စိစစ်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီသို့ တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာမြေဧရိယာကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်းမပြုဘဲ သီးနှံသစ်တော ရောနှောစိုက်ပျိုး သည့်စနစ်ကိုအခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဆ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာ့အားကစား နိုင်ငံတကာအဆင့်အတန်းမီနိုင်ရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသားအားကစားဥပဒေ ရေးဆွဲရာတွင် မည်သည့် အဆင့်ထိ ရောက်ရှိနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထား အကြံပြုချက်နှင့်အညီ မြန်မာနိုင်ငံအမျိုးသား အားကစားဥပဒေ(မူကြမ်း)အား မူကြမ်းရေးဆွဲရေးအဖွဲ့မှ အပြီးသတ်ပြန်လည် ပြင်ဆင်ရေးဆွဲပြီးဖြစ်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။ 

(ဇ)ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၏ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအသစ်တချို့ကို လက်ရှိ ဖြည့်စွက်ဘတ်ဂျက်တွင်လည်းကောင်း၊ တချို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင်လည်းကောင်း သင့်တော်သလို အမြန်ဆုံး ခွဲဝေချထား ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က  မိုးမောက်မြို့နယ် အားကစားရုံ(၁)ရုံ ဆောက်လုပ်ခြင်း၊ ပွဲကြည့်စင်အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ လွယ်ဂျယ်မြို့တွင် ဘောလုံးကွင်း အုတ်တံတိုင်းကာရံခြင်းနှင့် အားကစားကွင်းပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်း တို့အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား အဆိုပြုတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါ က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိုးမောက်မြို့နယ် အားကစားကွင်းအတွင်း Inner Fencing  ပြုပြင်ကာရံခြင်းလုပ်ငန်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဘတ်ဂျက်မှ ပြုပြင်ထိန်းသိမ်းစရိတ် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။

အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား လွှတ်တော်သို့ အသိပေး တင်ပြပြီး ယင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၂၈ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို        ၂၄ -၂-၂၀၂၀ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်