နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဈ)၏နောက်တွင် ပုဒ်မခွဲ(ည)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
]] (ည) ပြည်သူ့ဝန်ထမ်းဆိုသည်မှာ အစိုးရက ခန့်ထားသည်ဖြစ်စေ၊ မခန့်ထားသည် ဖြစ်စေ အောက်ပါပုဂ္ဂိုလ်များပါဝင်ပါသည်-
(၁) နိုင်ငံ့ဝန်ထမ်း၊
(၂) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခံရသူများ၊
(၃) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်များ၏ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော ဥပဒေများအရ ခန့်အပ်ထားခြင်းခံရသူများ၊
(၄) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့်တရားရေးဌာန များတွင် တာဝန်ထမ်းဆောင်နေသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်အပ် ထားခြင်းမဟုတ်သောသူများ၊
(၅) ရွေးကောက်တင်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ရွေးချယ်တာဝန်ပေးခံရသူ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသူ ပြည်သူ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် ၎င်းကဖွဲ့စည်းပေးသော အဖွဲ့အစည်းတွင် ပါဝင်သူများ၊ ၎င်းတို့၏ကိုယ်စား လွှဲအပ်ခြင်းခံရသူများ သို့မဟုတ် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းခံရသူများ၊
(၆) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု သတ်မှတ်ခြင်းခံရသူများ၊
(၇) တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးချုပ်နှောင်ရန် အခွင့်အာဏာ ရှိသူများ၊
(၈) လွှတ်တော် သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အများ ပြည်သူဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း၏ အဖွဲ့ဝင်လူကြီးကို ရွေးချယ်ရန်အလို့ငှာ ရွေးကောက်ပွဲစာရင်းကို ရေးသားပြုစုရန်ဖြစ်စေ၊ ထုတ်ပြန်ကြေညာရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ အခွင့်အာဏာအရ ရာထူး လက်ရှိဖြစ်သူများ၊
(၉) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့်တရားရုံးများ တွင် လုပ်ငန်းသဘောသဘာဝအရ သီးခြားခန့်အပ်တာဝန် ပေးထား သူများ။}}
၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၄ ၏နောက်တွင် ပုဒ်မ ၇၄-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
]] ၇၄-က။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် လိုအပ်ပါက နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပြည်သူ့ဝန်ထမ်းများ၏ ခံစားခွင့်များကို သတ်မှတ်နိုင်သည်။ ယင်းသို့သတ်မှတ်ရာတွင် မိမိဘဏ္ဍာရန်ပုံငွေဖြင့် ရပ်တည်ဆောင်ရွက်ပါက မိမိဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံ သုံးစွဲရမည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း ဆောင်ရွက်ရမည်။ }}
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်