Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်(၃.၈.၂၀၁၈)

Friday, August 3, 2018 - 12:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက် )

[သောကြာနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

     (က)   ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ အိန္ဒိယနယ်စပ်လမ်းတွင် လုံဝသိင်္ခနှင့်ဂမ်းညကြားရှိ ဝါးချောင်းကိုလည်းကောင်း၊ ဂမ်းညနှင့် ယမ်းကြုန်းကြားရှိ ယမ်းကြုန်းချောင်းကိုလည်းကောင်း ပေ(၁၀၀)ရှိ ဘေလီတံတားနှစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းနယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က အကျိုးပြုကျေးရွာ ၊ အိမ်ခြေ၊ အိမ်ထောင်စု အရေအတွက် ၊ ဒေသအတွက် အမှန်တကယ်လိုအပ်မှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ထောက်ခံတင်ပြလာပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်အလိုက် စိစစ်လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

      ( ခ )    ‌ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်အတွင်းရှိ ဆဒုံး - ဆဂါပါ ကျောက်ခင်းလမ်း(၃)မိုင်ကို   ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ယင်း ဒေသသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အခြေပြုရာနယ်မြေနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် အဆိုပါ လမ်းဖောက်လုပ်ရေးကို နယ်မြေလုံခြုံရေး အခြေအနေအရ လတ်တလောဆောင်ရွက်ရန် မသင့်တော်သေးကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာသည့်အချိန်မှသာ စဉ်းစားဆောင်ရွက်သင့်သည့် လမ်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

              ( ဂ )   ‌ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊       ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ တပ်ကြီးကျေးရွာမှ ညောင်ကောက်ကျေးရွာအထိ မြေသားလမ်း(၁)မိုင်အား ကျောက်ချောလမ်း အဖြစ်နှင့် ကျန်ကျောက်ချောလမ်း (၃)မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ တင်ပြချက်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  စိစစ်ထောက်ခံတင်ပြလာပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အပိုင်းလိုက် စိစစ်လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။       

              (ဃ)   ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ်  မဲဆန္ဒနယ်အမှတ်(၄)၏ ကလေးလေဆိပ်အဆောက်အအုံနှင့် လေဆိပ်၏ပရဝဏ်အား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က လေဆိပ်အဆောက်အဦ၏ အထွက်ခရီးသည်များ စောင့်ဆိုင်းနားနေ ခန်းတွင် ဌာနရှိ ပြုပြင်ပြီး(၁၀)တန် လေ‌အေးပေးစက်(၁)လုံးကို အမြန်ဆုံးတပ်ဆင် ပေးသွားမည်ဖြစ်သည့်အပြင် ကလေးလေဆိပ်သို့ တိုးချဲ့ပျံသန်းမည့် လေယာဉ်ခရီးစဉ် များနှင့် နှစ်စဉ်တိုးတက်လာမည့် ခရီးသည်ဦးရေကို မျှော်မှန်း၍ လက်ရှိလေဆိပ် အဆောက်အဦ (၁၂၀x၆၀)ပေကို (၁၂၀x၁၀၀)ပေ ရရှိသည်အထိ တိုးချဲ့ခြင်းနှင့် အဆောက်အဦ ပြုပြင်ခြင်းလုပ်ငန်းများအတွက်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့တွင် လျာထားမှုရှိပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည် ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကလေးလေဆိပ် ခရီးသည် အဆောက်အဦကို တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်စပ်လုပ်ငန်းများဖြစ်သည့် အဆောက်အဦသို့ ကားအဝင်/အထွက် ပြုပြင်ခြင်းနှင့် လေအေးပေးစက်အသစ်များ တပ်ဆင်ခြင်းတို့ကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။           

  (င)  ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့သို့ ဆက်သွယ်ဖောက်လုပ် ခဲ့သည့် ဟင်္သာတ - လှိုင်သာယာ မီးရထားလမ်းအား ပြန်လည်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ရန်ပုံငွေ ခွင့်ပြုချက်ရရှိနိုင်မှု အခြေအနေအရ နိုင်ငံ၏အဓိကရထားလမ်းကြောင်း များဖြစ်သော ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းများကို ဦးစားပေး၍ အဆင့်မြှင့်တင်နေရခြင်းကြောင့်လည်းကောင်း၊  လှိုင်သာယာ-ဟင်္သာတ လမ်းပိုင်း တွင် ရထားစီးခရီးသည် စီးနင်းမှုနည်းပါးခြင်းကြောင့်လည်းကောင်း၊  အဆိုပါလမ်းပိုင်းကို ပြုပြင်တည်ဆောက်ခြင်း၊ ရထားစီးခရီးစဉ်များ ပြန်လည်ပြေးဆွဲခြင်းတို့ကို ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။         မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆက်လက်ဆွေးနွေးသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။      ဒေါ်အုန်းကြည်(ခ)ဒေါ်လှဌေး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်း ကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။        အစည်းအဝေးကို ၁၀၅၈ နာရီအချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို-၈-၂၀၁၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်