Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၇.၂.၂၀၂၀)

Friday, February 7, 2020 - 12:07
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ထပ် ဆောင်အား ဖျက်သိမ်းပြီး RC(၂)ထပ်ဆောင်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၄၀x၃၀)ပေ RCC (၂)ထပ် ဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူများနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ)ဦးလှဦး၊  စစ်ကိုင်းတိုင်းဒေကြီး   မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရွာကြပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူများနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့် ပေးနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါကျောင်းသည် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့် ရရှိသည့် အခြေအနေတွင် ရှိနေကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် သင်္ဂနက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းတို့တွင် RC တစ်ထပ် ကျောင်းဆောင် တစ်ဆောင်စီနှင့် ရွာမပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် RC နှစ်ထပ် ကျောင်းဆောင်တစ်ဆောင်တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်ဝင်းအတွင်း ဆောက်လုပ်နေသော (၆၀၀ x ၄၀၀)ပေရှိ မီတာ(၄၀၀)ပြေးလမ်းပါ အားကစားကွင်းအား စံချိန်ကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လနှင့် (၁၂)လ ဘတ်ဂျက်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်မှ စံကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တယ်လီဖုန်း အော်ပရေတာကုမ္ပဏီများမှ မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူများ၏ ကြိုတင် ပေးသွင်းထားသော ဖုန်းဘေလ်များထဲမှ အခြားသော ဝန်ဆောင်မှု အမျိုးအစားများ အတွက်ဟုဆိုကာ ကာယကံရှင်၏ သဘောတူခွင့်ပြုချက် မဟုတ်ဘဲ အခကြေးငွေ များ ဖြတ်တောက်ယူငင်မှုများ များပြားလာ၍ သုံးစွဲသူ ပြည်သူများ ဆုံးရှုံးနစ်နာ နေပါသဖြင့် ထိရောက်စွာ တားဆီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး သုံးစွဲသူပြည်သူ များအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှုများ၊ ဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနသို့လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနသို့ လည်းကောင်း တိုင်ကြားနိုင်ပြီး ယင်းကဲ့သို့  တိုင်ကြားလာမှုများအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း 

၃။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။ 

၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်)က မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၀၈ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၁၁-၂-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်