ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလဆန်း ၁၁ ရက်
( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် )
[ တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်အတွင်းရှိ မြစ်များ၊ ချောင်းများနှင့် မြစ်ဝများ၊ ချောင်းဝများတွင် အနည်ကျပိတ် ဆို့နေသော သဲသောင် များကို စီမံကိန်းများရေးဆွဲပြီး တူးဖော်ရှင်းလင်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် အရေးကြီးအပိုင်းများအလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တူးဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရခိုင်ပြည်နယ်၊ တစ်ပြည်နယ်လုံးအတွင်းရှိ မြစ်များ၊ ချောင်းများနှင့် မြစ်ဝများ၊ ချောင်းဝများ တူးဖော်ဖယ်ရှားခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ အထူးစီမံကိန်းအဖြစ် ရေးဆွဲဆောင်ရွက် သွားသင့်ပါကြောင်း ဖြေကြားသည်။
( ခ ) ဦးစောချစ်ဦး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်၊ ရှမ်းရွာသစ်မြို့နှင့် ၎င်းကျေးရွာအုပ်စုများအတွင်း ဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် MPT နှင့် Telenor ဖုန်းတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများမှ ထည့်ဝင်သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ Universal Service Fund (USF) ၏ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအရ ဆက်သွယ်မှုကွန်ရက်လွှမ်းခြုံနိုင်မှု မရှိသေးသည့် နေရာဒေသများသို့ ဆက်သွယ်မှုရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ဂ ) ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ကချင်ပြည် နယ်အတွင်းရှိ သွားလာရေး ခက်ခဲသော ခေါင်လန်ဖူး၊ နောင်မွန်း၊ မချမ်းဘော၊ ပူတာအိုမြို့နယ်များအတွင်း တာဝန်ကျနေသော ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအား နှစ်စဉ်ကျောင်းဖွင့်ချိန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် သွားလာရေးလွယ်ကူစေရန် ပူတာအို - မြစ်ကြီးနား လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ၍ ဦးစားပေး လက်မှတ်ရောင်းချပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က နှစ်စဉ်ကျောင်းဖွင့်ချိန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် သက်ဆိုင်ရာ မှကြိုတင်ညှိနှိုင်းလာပါက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် လေယာဉ်ခေါက်ရေတိုးမြှင့်ပျံသန်းပေး၍လည်းကောင်း၊ သီးသန့်လေယာဉ်ခရီးစဉ်များ စီစဉ်ပေး၍လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး လေယာဉ်လက်မှတ်များ ဦးစားပေး၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ပြည်သူများ မှာ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းကြီးစွာပေးနေရပါသဖြင့် သင့်တော် သက်သာသော ဈေးနှုန်းဖြင့် သုံးစွဲနိုင်ရန် ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်း မြို့နယ်အတွင်း ဒီဇယ်ဓာတ်အားပေး စက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေသည့် စျေးနှုန်းထက် သက်သာလျော့ချနိုင်ရန် ကော့သောင်းမြို့၊ (၁၁၉၉)တောင်ပေါ်တွင် (၃၀)မဂ္ဂါဝပ် အလတ်စား လေအားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးစီမံကိန်း (၁)ခုအား အကောင်အထည်ဖော်ရန်ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်း လေ့လာစမ်းသပ်ခြင်း ဆောင်ရွက်နိုင်ရေးနားလည်မှုစာချွန်လွှာ (MoU) အား (၂-၂-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Royal Eagle Myanmar Development Group Co;Ltd တို့ လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြားသည်။
(င) ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မြန်မာနိုင်ငံတွင် ကျေးရွာနှင့်မြို့များရှိ လျှပ်စစ်မီးသုံး နေအိမ်အဆောက် အဦများမှ သုံးစွဲမီးယူနစ်များကို သိရှိနိုင်ရန် လျှပ်စစ်မီး (Meter Box) များ မလွဲမသွေ တပ်ဆင် အသုံးပြုထားရမည်ဖြစ်ရာ အများပြည်သူ သုံးစွဲရန်အတွက် အရည်အသွေးကောင်းမွန်သော လျှပ်စစ်မီး (Meter Box)များ တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ရာတွင် ကြေညာသတ်မှတ်ထားသော စည်းကမ်းချက်များနှင့် Detail Technical Specification များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီ၏ တင်ဒါကို ရွေးချယ်ထားခဲ့လျှင် ပြန်လည်ပယ်ဖျက် ရုပ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ နှင့် အဂတိမကင်းသော တင်ဒါရွေးချယ်ခဲ့သူ သို့မဟုတ် အဖွဲ့ကို အရေးယူရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စိစစ်ရွေးချယ်ပြီးသော မှတ်တမ်းမှတ်ရာများကို ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီးမှ အပြီးသတ်ရွေးချယ်သောစနစ် ဖြစ်ပါသောကြောင့် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးထားကြောင်း ဖြေကြားသည်။
၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ခုနှစ်) အား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။ -
၄။ အစည်းအဝေးကို ၁၁၀၂ နာရီအချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ၂၄-၇-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်