Share this

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၇.၁.၂၀၂၀)

Monday, January 27, 2020 - 12:46
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

(က) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်၊ ကံသာယာကျေးရွာအုပ်စု၊ ကံသာယာ(တောင်စု) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူများနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် အဆိုပါကျောင်းသည်  အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ဖြစ်သည့်အတွက်  အလယ်တန်းပညာရပ်များကို သင်ယူခွင့်ရရှိသည့် အခြေအနေတွင် ရှိနေကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ထန်တလန်မြို့ အမှတ်(၁) အခြေခံပညာမူလတန်း(လွန်)ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က  ကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်း အနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တောမြို့နယ်၊ အောင်သာယာ(န.တ.လ)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အား အခြေခံပညာ မူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန်နှင့် မောရဝတီ အခြေခံပညာ အလယ်တန်းကျောင်းတွင် (၉၀ x ၃၀)ပေ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်  ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့် အချိန်တွင် သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေ ခေါင်းစဉ် အောက်မှ မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်ထည့်သွင်းလျာထားဆောင်ရွက် သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အတွင်း ကျောက်တော်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် (ပြင်ပ)ရောက်ရှိနေ သည့် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းဆင့်ပြီးမြောက် ကြောင်း လက်မှတ်ပေးအပ်နိုင်ရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာဦးစီးဌာနအနေဖြင့်  အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ များကိုသာ အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောက်တော်မြို့နယ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြင်ပအလွတ်ဖြေ  ကျောင်းသား/ကျောင်းသူများကို  အခြေခံ ပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သွားရန် သတ်မှတ်ချက်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းမြေပေါ်ရှိ မြို့နယ်မီးသတ်ဌာနမှ ဝန်ထမ်းအိမ်ရာ အဆောက်အဦများအား ဖယ်ရှားပေးနိုင်ရေး ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်းပိုင်မြေအား စွန့်လွှတ် ပေးရန်မရှိကြောင်းကို သဘောထားမှတ်ချက် ပြန်ကြားထားပြီးဖြစ်ကြောင်းနှင့်  သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ထပ်မံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း 

၃။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာလွှတ်တော် က အတည်ပြုသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း   

၄။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) က ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး လွှတ်တော်က ယင်း ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်သည်။

၅။ အစည်းအဝေးကို ၁၀:၅၄ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ၃၀-၁-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်