ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်
(၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်)
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း
၂။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က)ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံ အတွင်း ပြည်တွင်းရွှေ့ပြောင်းနေထိုင်လုပ်ကိုင် စားသောက်နေသူများကို မှတ်ပုံတင် အိမ်ထောင်စုစာရင်းများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မဲပေးခွင့်များ ရရှိရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးစိုးရယ် က ပဲခူးမြို့သစ် (၈)ရပ်ကွက်နှင့် (၉)ရပ်ကွက်ရှိ တိုးချဲ့မြေများတွင်နေထိုင်ကြသည့် အိမ်ထောင်စု များနှင့် ကျူးကျော်နေထိုင်ကြသူများ မဲပေးခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီပြီး လိုအပ်သောအချက်အလက်များ ပြည့်စုံမှန်ကန်ပါက မိမိတို့၏ မူလနေရပ် မဲဆန္ဒရှင်စာရင်း၌ဖြစ်စေ သို့မဟုတ် လက်ရှိနေရပ် မဲဆန္ဒရှင်စာရင်း၌ ဖြစ်စေပါရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညွှန်ကြားချက်များ ထုတ်ပြန်၍ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အထူးအလေးထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။
(ခ)ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းလေဆိပ်၌ ခရီးသည် နားနေဆောင် လေဆိပ်အဆောက်အဦနှင့် Control Tower လေကြောင်း ထိန်းသိမ်းရေး မျှော်စင်အဆောက်အဦများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က လေကြောင်းထိန်းမျှော်စင်အသစ် တည်ဆောက်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိ သောနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လေယာဉ် ဆင်းသက်မှုအကြိမ်အရေနှင့် ခရီးသည်တိုးတက်လာမှုအခြေအနေပေါ်မူတည်၍ လေဆိပ်အဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ)ဒေါက်တာမောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ နိုင်ငံအဝှမ်း မြို့ကြီးများတွင် တပ်ဆင်ထားသော အိမ်ဖုန်း ခေါ် ကြိုးဖုန်းများ သုံးစွဲမရဖြစ်နေ သည်များကို ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က သက်တမ်းလွန်အိတ်ချိန်းများကို ခေတ်မီ MSAN အိတ်ချိန်းများဖြင့် အစားထိုး လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MSAN အိတ်ချိန်း ကို သုံးစွဲသူများနှင့် အနီးဆုံးနေရာများတွင် ရွေးချယ်တပ်ဆင်ပေးခြင်း၊ Fibre ကေဘယ်များဖြင့် ချိတ်ဆက်အသုံးပြုခြင်းတို့ဖြင့် တယ်လီဖုန်းကြိုးများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ချို့ယွင်းမှုများကို လျှေော့ချသွားနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်၏ အဓိက ပြည်တွင်းဆိပ်ကမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပခုက္ကူဆိပ်ကမ်းကို ခေတ်မီ ဆိပ်ကမ်းတစ်ခုဖြစ်လာအောင် အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပခုက္ကူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာညွှန်ကြားချက်နှင့်အညီ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီ ရရှိရေး သို့မဟုတ် PPP စနစ်ဖြင့် ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးအတွက် ပခုက္ကူဆိပ်ကမ်းသစ် တည်ဆောက်ရေးစီမံကိန်းကို (Project Bank)တွင် ထည့်သွင်းနိုင်ရန် အဆိုပြုတင်ပြထားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က စိစစ်ပြီး အတည်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေစေရေးအတွက် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များကို ယခင်က တစ်နှစ်(၃)ကြိမ် ဆောင်ရွက်ပေးခဲ့ရာမှ ၂၀၁၅ ခုနှစ်၊ မတ်လမှစတင်၍ (၄)ကြိမ်သို့ တိုးမြှင့်၍ တစ်ကြိမ်လျှင် (၃)ရက် အချိန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လွှတ်တော်ကိုယ်စားလှယ်က ညှိနှိုင်းလာပါက အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဂန့်ဂေါခရိုင်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံး ဖွင့်လှစ်ရန် လောလောဆယ်တွင် အစီအစဉ် မရှိသေးကြောင်း ဖြေကြားသည်။
ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၄။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉)အား လွှတ်တော်သို့ တင်သွင်းပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် (ဥပဒေကြမ်း ကော်မတီဝင်)က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၁:၀၉ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ၂-၅-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်