![]()
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၁၃၇၈ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
( ခ ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
( ဂ ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ဆိုသည်။
(ဃ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသည့် နိုင်ငံ တော်ပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ဆိုသည်။
( င ) ဆိပ်ကမ်းများ ဆိုရာတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များ သွားလာနိုင်သော မြစ်များ၊ ချောင်းများ၊ တူးမြောင်းများနှင့် ကမ်းရိုးတန်း တစ် လျှောက် မြို့၊ ရွာများရှိရေယာဉ် ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းများ ပါဝင်သည်။ ထို့အပြင် ဆိပ်ကမ်းလုပ်ငန်းများနှင့် ဆက်စပ်သော နယ်မြေများလည်း ပါဝင်သည်။
( စ ) ရေယာဉ် ဆိုသည်မှာ ရေကြောင်းသွားလာရာ၌ စက်တပ်၊ သို့မဟုတ် စက်မဲ့ ရေယာဉ်ကို ဆိုသည်။ ယင်းစကားရပ်တွင် သစ်ဖောင်၊ ဝါးဖောင် တို့လည်း ပါဝင်သည်။
(ဆ) စက်ရုံ၊ အလုပ်ရုံ ဆိုသည်မှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်း များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်ဌာနခွဲများကို ဆိုသည်။
( ဇ ) ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အခကြေးငွေ၊အဖိုးအခ အဖိုးစားနား သို့မဟုတ် ကတိနှင့် ညီညွတ်ချက်ဖြင့် ဆောင်ရွက်ပေးသည့်လုပ်ငန်းကိုဆိုသည်။ အစိုးရ အဖွဲ့က ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်။ ယင်းစကားရပ်တွင် ရေယာဉ်ဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဖျော်ဖြေမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် လုပ်ငန်းများလည်း ပါဝင်သည်။
( စျ ) စီမံခန့်ခွဲရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး စီမံခန့်ခွဲရေးအဖွဲ့ကို ဆိုသည်။
(ည) ဦးဆောင်ညွှန်ကြားရေးမှူး ဆိုသည်မှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးကို ဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) မြန်မာနိုင်ငံအတွင်း ရေယာဉ်များသွားလာနိုင်သည့် မြစ်များ၊ ချောင်းများနှင့် ကမ်းရိုးတန်း တစ်လျှောက်တွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း များကို ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံမှုရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊
( ခ ) ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် အဓိက ကျသည့် ကုန်ဈေး နှုန်းတည်ငြိမ်ကျဆင်းရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖြစ် ဆောင်ရွက်နိုင်ရန်၊
( ဂ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ စီမံအုပ်ချုပ်မှုနှင့် ငွေကြေးသုံးစွဲမှုစနစ် တို့ကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရေရှည်ရပ်တည်နိုင်သည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊
(ဃ) ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ဥပဒေနှင့်အညီ စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်ရန်။
အခန်း(၃)
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၄။ (က) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို အစိုးရအဖွဲ့က အတည်ပြုထားသည့် ဖွဲ့စည်းပုံ နှင့်အညီ တည်ထောင်ထားရှိရမည်။
( ခ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဝန်ထမ်းများအတွက် ရပိုင်ခွင့် နှင့် အကျိုးခံစားခွင့်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၅။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်-
(က) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တည်ဆဲဥပဒေအရ လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်ရန် တရားဝင်လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း ဖြစ်သည်။
( ခ ) နိုင်ငံတော်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရင်းနှီးငွေများကိုလည်းကောင်း၊ ပိုင်ဆိုင်မှုပစ္စည်းတွင်ပါဝင်သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများကို ဆက်ခံရမည်။
( ဂ ) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ခွင့်၊ တရားစွဲဆိုခွင့်နှင့် စွဲဆိုခံပိုင်ခွင့်၊ နိုင်ငံတော်က သတ်မှတ် ပေးထားသောပိုင်ဆိုင်မှု ပစ္စည်းများအားလုံးတို့ကို ရယူခွင့်၊ လက်ဝယ်ထားရှိခွင့် နှင့် ပိုင်ဆိုင်ခွင့်များရှိသည်။
၆။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ခြင်းနှင့် ဤဥပဒေအရ အခြားဆက်စပ်သည့် ရေယာဉ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်း များကိုဆောင်ရွက်ခြင်း၊
( ခ ) ဝန်ကြီးဌာနကသတ်မှတ်ထားသော မြစ်ကြောင်းများနှင့် မြန်မာ့ကမ်းရိုးတန်း တစ် လျှောက်တွင် ရေယာဉ်များဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
( ဂ ) သင်္ဘောကျင်းများနှင့် ရေယာဉ်တည်ဆောက် ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများ အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများနှင့် စက်သုံး ဆီများဝယ်ယူဖြည့်တင်းခြင်း၊
(ဃ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပြည်တွင်း ပြည်ပ ပုဂ္ဂလိကနှင့် အဖွဲ့ အစည်းပိုင် ရေယာဉ်များကို မွမ်းမံပြင်ဆင်ခြင်း၊ ရေယာဉ်အသစ် တည်ဆောက် ရောင်းချခြင်း နှင့် အခြားလုပ်ငန်းများကို လက်ခံဆောင်ရွက်ခြင်း၊
( င ) အစိုးရအဖွဲ့က ဖြစ်စေ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ ပေးအပ်သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊
( စ ) အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးအတွက် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ဆောင်ရွက်ခြင်း၊
(ဆ) နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများကို လေလွင့်၊ ဆုံးရှုံး၊ ပျက်စီး၊ ပျောက် ဆုံးမှု မရှိစေရန် ကြီးကြပ်ထိန်းသိမ်းခြင်း၊
( ဇ ) ဝင်ငွေနှင့်အကျိုးအမြတ်တိုးပွားစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စ ရပ်များကို အစိုးရအဖွဲ့၊ ဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ခြင်း၊
( စျ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရရန်ရှိသည့် ငွေကြေးများကို တည်ဆဲဥပဒေ နှင့်အညီ အရကောက်ခံ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းခြင်း၊
(ည) ငွေကြေးသုံးစွဲမှုဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံခန့်ခွဲခြင်း။
၇။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဝန်ထမ်းများက ယင်းတို့တာဝန်ယူဆောင်ရွက် ရသည့် လုပ်ငန်းများကို အောင်မြင်မှုရရှိရန် တာဝန်ခံ၍ စီမံကြီးကြပ်ဆောင်ရွက်ရမည်။
၈။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ရေယာဉ်၊ ဗောတံတားနှင့် အခြား လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ အငှားချထားခြင်း၊
( ခ ) ကုန်လှောင်ရုံနှင့် ကမ်းတက်ဆိပ်များကို တည်ဆောက်ခြင်း၊ အငှားချထားခြင်း၊
( ဂ ) ရေကြောင်းလမ်းများတစ်လျှောက်ရှိ မြို့၊ ရွာများတွင် ကုန်စည်များ လက်ခံ တင် ဆောင်ခြင်းနှင့် သိုလှောင်ဖြန့်ဖြူးခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ပိုင်ခွင့်၊
(ဃ) လုပ်ငန်းဆိုင်ရာ ဝန်ဆောင်ခနှုန်းများ၊ လုပ်ခနှုန်းများ၊ ထုတ်လုပ်မှုစံနှုန်းများ၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်ခနှုန်းများ၊ အလုပ်ချိန်များ၊ အလုပ်ခွင် စည်းမျဉ်းစည်းကမ်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ပိုင်ခွင့်၊ ပြင်ဆင်ပိုင်ခွင့်၊
( င ) ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ရေယာဉ်တည်ဆောက်မှု လုပ်ငန်းများကို ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်၊
( စ ) မိမိလုပ်ငန်းအတွက် လိုအပ်သည့် မြေ၊ ဆိပ်ကမ်း၊ အဆောက်အအုံတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သုံးစွဲပိုင်ခွင့်၊
(ဆ) အစိုးရအဖွဲ့၏သဘောတူညီမှုဖြင့် ဆောင်ရွက်ရန် လိုအပ်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် စက်ပစ္စည်းနှင့် စက်ကိရိယာများ၊ မြေ၊ အဆောက် အအုံများနှင့် အခြားပိုင်ဆိုင်ခွင့်များကို သက်ဆိုင်ရာ လုပ်ငန်းများအတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို ငှားရမ်းခွင့်၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ပိုင်ခွင့်၊
( ဇ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များကို ပြည်တွင်း လုပ်ငန်းရှင် များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်၊
( စျ ) ငှားရမ်းခ၊ အခနှုန်းထားများသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း၊ လျှော့ပေါ့ ခြင်းနှင့် အရကောက်ခံခြင်းတို့ ဆောင်ရွက်ပိုင်ခွင့်၊
(ည) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်၊ ယာဉ်နှင့် အသုံးမလိုသည့် ပစ္စည်း များ၊ ရေယာဉ်ပြင်ဆင်ရာမှ ရရှိသည့် အသုံးမလိုသည့် ပိုလျှံပစ္စည်းများကို ထုခွဲ ရောင်းချခြင်းနှင့် လဲလှယ်ခြင်းတို့ဆောင်ရွက်ပိုင်ခွင့်၊
( ဋ ) အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လုပ်ငန်းသဘောတူ စာချုပ်များ ချုပ်ဆိုခြင်း၊
( ဌ ) ရေယာဉ်များကို တစ်စီးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပပုဂ္ဂလိကနှင့် အဖွဲ့အစည်းများအား ငှားရမ်းခြင်း၊
( ဍ ) ကူးတို့ရေယာဉ်များ ပြေးဆွဲခြင်း၊
( ဎ ) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် မြေနှင့် အဆောက်အအုံများကို အသုံးပြု၍ ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ခြင်း၊
(ဏ) မိမိပိုင်ဆိုင်သည့် သို့မဟုတ် ခွင့်ပြုချက်ရရှိထားသည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် နှင့် စပ်လျဉ်း၍ မည်သူ့ကိုမဆို မိမိခွင့်ပြုချက် မရရှိဘဲ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ အသုံးပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်လျှင် တရားစွဲဆိုပိုင်ခွင့်။
အခန်း(၄)
စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၉။ ဝန်ကြီးဌာနသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရေကြောင်းသယ်ယူပို့ဆောင် ရေးဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန် ဦးဆောင်ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်သော စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
၁၀။ စီမံခန့်ခွဲရေးအဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ တာဝန်များကို အောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊
( ခ ) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့်သက်ဆိုင်သော ခရီးသည်နှင့် ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းရေးရာနှင့် ရေယာဥ်ရေးရာ ကိစ္စရပ်များကို နိုင်ငံတော်နှင့် ပြည်သူများ အကျိုးကို ရှေ့ရှု၍ စီမံခန့်ခွဲခြင်း။
၁၁။ စီမံခန့်ခွဲရေးအဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊
( ခ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့်ထက်ကျော်လွန်သော စီမံခန့် ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ကြီးဌာနသို့တင်ပြ ဆောင်ရွက်ခြင်း။
အခန်း(၅)
ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့်စာရင်းများ
၁၂။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်-
(က) နိုင်ငံတော်၏ တည်ဆဲဥပဒေအရ ကျသင့်သည့် အခွန်အခများကို ပေးသွင်းရမည်။
( ခ ) ဘဏ္ဍာရေးနှစ်အလိုက် စုစုပေါင်း အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ ထည့်သွင်း ရေးဆွဲရမည်။
( ဂ ) မြန်မာကျပ်ငွေနှင့် နိုင်ငံခြားသုံးငွေများကို သီးခြားစီ ဘဏ်စာရင်း ဖွင့်လှစ် ထားရှိ ရမည်။
(ဃ) နိုင်ငံတော်က ပြဋ္ဌာန်းထုတ်ပြန် ထားသည့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီ လိုက်နာ ကျင့်သုံးဆောင်ရွက်ရမည်။
( င ) အောက်ပါစာရင်းများကို ဝန်ကြီးဌာနသို့ သတ်မှတ်ချက် နှင့်အညီတင်ပြရမည်-
( ၁ ) ဝန်ထမ်းအင်အားစာရင်း၊
( ၂ ) ငွေသားအခြေအနေ၊
( ၃ ) ကုန်ပစ္စည်းထုတ်လုပ်သည့်၊ ရောင်းဝယ်သည့် သို့မဟုတ် ဝန်ဆောင်သည့် စာရင်း၊
( ၄ ) အရှုံး၊ အမြတ်စာရင်း၊
( ၅ ) လက်ကျန်ရှင်းတမ်း။
( စ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် လုပ်ငန်းနှင့် စာရင်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို ခံယူရမည်။
အခန်း(၆)
တားမြစ်ချက်
၁၃။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ခုခုကိုမပြုရ-
(က) ရေယာဉ်ခပေးဆောင်ခြင်းမှ ကင်းလွတ်ရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုပြီး လက်မှတ် ဟောင်းကိုသုံးစွဲ၍ဖြစ်စေ၊ ရေယာဉ်ခ ကြိုတင်ပေးဆောင်ခြင်း မပြုဘဲ ဖြစ်စေ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်တွင် စီးနင်းလိုက်ပါခြင်း သို့မဟုတ် စီးနင်းလိုက်ပါရန် အားထုတ်ခြင်း၊
( ခ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်တွင် ခရီးတစ်ခုအတွက် လက်မှတ် ဝယ်ယူစီးနင်းလိုက်ပါပြီးနောက် အဆိုပါခရီးကို ကျော်လွန်ကြောင်း သိလျက်နှင့် နောက်ထပ် ရေယာဉ်ခ ကြိုတင်ပေးဆောင်ခြင်းမပြုဘဲ တမင် ဆက်လက် စီးနင်း လိုက်ပါခြင်း သို့မဟုတ် စီးနင်းလိုက်ပါရန် အားထုတ်ခြင်း၊
( ဂ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်တွင် ခရီးတစ်ခုအတွက် လက်မှတ် ဝယ်ယူစီးနင်းလိုက်ပါပြီးနောက် အဆိုပါခရီးသို့ရောက်ရှိကြောင်း သိလျက်နှင့် ရေယာဉ်မှထွက်ခွာရန် တမင်ပျက်ကွက်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း၊
(ဃ) အမှန်တကယ် ကျသင့်သော ရေယာဉ်ခကိုပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်တွင် ရေယာဉ် နေရာ အဆင့်အတန်းတစ်ခုအတွက် ရေယာဉ်ခပေးဆောင်လျက် ထိုနေရာ အဆင့် အတန်းထက်မြင့်သောသီးသန့်နေရာတွင် သို့မဟုတ်အခန်းတွင် စီးနင်းလိုက်ပါခြင်း၊
( င ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်တွင် စီးနင်းလိုက်ပါလျက် ရေယာဉ် လက်မှတ် မဝယ်ယူခြင်း သို့မဟုတ် ရေယာဉ်၏ အရာထမ်း၊ အမှုထမ်းများက ရေယာဉ် လက်မှတ်ထုတ်ပြရန် တောင်းဆိုသည့်အခါ ရေယာဉ် လက်မှတ် ထုတ်ပြရန် ပျက်ကွက်ခြင်း၊
( စ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်တွင် စီးနင်းလိုက်ပါသောသူ တစ်ဦး အတွက် ကျသင့်သောရေယာဉ်ခကို ပေးဆောင်ခြင်းမှ ကင်းလွတ်စေရန် ရည်ရွယ်ချက်ဖြင့် လက်မှတ်စစ်ကို လိမ်လည်ပြသနိုင်စေခြင်းအလို့ငှာ မိမိ၏ လက်မှတ်ကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းပေးခြင်း၊ အခြားသူတစ်ဦးဦးက လက်ခံရယူခြင်း၊
(ဆ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်ပေါ်တွင် ခရီးသည်အတွက် နေရာ ကို တစ်နည်းနည်းဖြင့်ရယူလျက် ထိုနေရာကိုအဖိုးအခဖြင့် ရောင်းချခြင်း သို့မဟုတ် ရောင်းရန်အားထုတ်ခြင်း သို့မဟုတ် လူစီးလက်မှတ်ကို အကျိုးအမြတ် ရယူ၍ တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊
( ဇ ) ကုန်တင်ခပေးဆောင်ခြင်းမှ လုံးဝကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ကုန်တင်ခ အပြည့်ပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်ပေါ်တွင် တရားမဝင်သော နည်း လမ်းဖြင့် ကုန်ပစ္စည်းများတင်ဆောင်ခြင်း သို့မဟုတ် တင်ဆောင်ရန်အားထုတ်ခြင်း၊
( စျ ) မိမိနှင့်အတူ ယူဆောင်လာသော ပစ္စည်းများအတွက် တန်ဆာခ ပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ကျသင့်သောတန်ဆာခကို လုံးဝ ပေးဆောင်ခြင်း မပြုဘဲ သို့မဟုတ် အပြည့်အဝ ပေးဆောင်ခြင်းမပြုဘဲ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်တွင် မိမိနှင့်အတူပစ္စည်းများ သယ်ဆောင်ခြင်း သို့မဟုတ် တင်ဆောင်ရန်အားထုတ်ခြင်း။
အခန်း(၇)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း
၁၄။ မည်သူမဆို ပုဒ်မ ၁၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ပေးအပ် ထားသော စစ်ဆေးပိုင်ခွင့်ရှိသူသည် ထိုသူကို အောက်ပါအတိုင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို ချမှတ်ရမည်-
(က) ပုဒ်မခွဲ(က)မှ (ဆ)အထိ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ထိုသူကို ခရီးစဉ် ခရီးသည် လက်မှတ်ခနှုန်း၏ သုံးဆနှင့်ညီမျှသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊
( ခ ) ပုဒ်မခွဲ (ဇ) နှင့် (စျ) တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ထိုသူကို ခရီးစဥ် ကုန်တင် တန်ဆာခ နှုန်း၏ ငါးဆနှင့်ညီမျှသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း။
၁၅။ (က) ပုဒ်မ ၁၄ အရ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ကို မကျေနပ်သူသည် ယင်းဒဏ်ငွေကို ပေးသွင်းပြီး ဦးဆောင်ညွှန်ကြားရေးမှူးထံ ရက်ပေါင်း ၃၀ အတွင်း အယူခံနိုင်သည်။
( ခ ) ဦးဆောင်ညွှန်ကြားရေးမှူးသည် ပုဒ်မခွဲ (က)အရ အယူခံမှု ကိုစိစစ်ပြီး ယင်း ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
( ဂ ) ဦးဆောင်ညွှန်ကြားရေးမှူး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။
အခန်း(၈)
အထွေထွေ
၁၆။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်များကို ငှားရမ်းအသုံးပြုရာတွင် သတ်မှတ် ထားသည့် ကာလအတွင်းအသုံးပြုသည့် ရေယာဉ်များ ပျက်စီးခြင်း သို့မဟုတ် နစ်မြုပ်ခြင်း များအတွက် ငှားရမ်းသုံးစွဲသူက စတင်ရယူ အသုံးပြုစဉ် အခြေအနေအတိုင်း ပြန်လည် အပ်နှံ ရမည် သို့မဟုတ် ရေယာဉ်၏ကာလတန်ဖိုး အတိုင်း ပေးလျော်ရမည်။
၁၇။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်ဤဥပဒေပါစီမံခန့်ခွဲရေးနည်းလမ်းအရ ကောက်ခံသည့် ဒဏ်ကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်သူထံမှ အခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ သတ်မှတ်ချက်နှင့်အညီ အရကောက်ခံခွင့်ရှိသည်။
၁၈။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ပစ္စည်းများသည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည်။
၁၉။ လျော်ကြေးငွေ၊ ကြွေးကျန်များ၊ ပြည်သူပိုင်ပစ္စည်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၂၀။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အရာထမ်း၊ အမှုထမ်းအားလုံးသည် ဤဥပဒေအရ ပေးအပ်သော တာဝန်ကိုထမ်းဆောင်ချိန်တွင် ရာဇသတ်ကြီးပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟုမှတ်ယူရမည်။
၂၁။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဥ် ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဝန်ကြီးဌာနသို့ အစီရင်ခံ တင်ပြရမည်။
၂၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
( ခ ) ဝန်ကြီးဌာနနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၂၃။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၅၁။ )ကို ဤ ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်