|
(မူကြမ်း) |
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၇) ဟု ခေါ်တွင် စေရမည်။
၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၅ ပါ “နိုင်ငံတော်၏အရအသုံးစာရင်းများ” ဆိုသည့် စကားရပ်၏နောက်တွင် “နှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“ ၁၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏အရအသုံးစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေကို အခါအားလျော်စွာတင်ပြခြင်း၊
( ခ ) ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ-
(၁) နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေးခြင်း၊
(၂) အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာရရှိစေရန် ဆောင်ရွက် ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
(၃) အရအသုံးခန့်မှန်းခြေငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု မပြု စစ်ဆေးခြင်း၊
(၄) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အား တို့သည် ထမ်းဆောင်သည့်လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတမှု ရှိ မရှိ စစ်ဆေးခြင်း၊
(၅) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ဝန်ထမ်းများခန့်ထားဆောင်ရွက် ခြင်းသည် ခွင့်ပြုသည့် ဝန်ထမ်းအင်အားအတွင်း ရှိ မရှိ စစ်ဆေးခြင်း၊
(၆) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေသည် မူလရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် ဖြစ်မြောက်စေမည့် အခြေအနေမျိုး ရှိ မရှိ စစ်ဆေးခြင်း။
( ဂ ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့တွင် သတ်မှတ်ထားသော စာရင်း ထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
(ဃ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ စီမံကိန်းနှင့်လုပ်ငန်းများ ဆောင်ရွက်မှုသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
( င ) (၁) နိုင်ငံပိုင်ပစ္စည်း၊ သမဝါယမပိုင်ပစ္စည်းနှင့် အများပိုင်ပစ္စည်းများကို ရယူထိန်းသိမ်း အသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိရောက်စွာ အသုံးပြုမှု ရှိ မရှိ စစ်ဆေးခြင်း၊
(၂) ပိုင်ရှင်မဲ့ပစ္စည်းများ၊ ဖမ်းဆီးသိမ်းယူထားသည့်ပစ္စည်းများ၊ ပြည်သူပိုင်အဖြစ် ကြေညာ၍ သိမ်းယူထားသည့်ပစ္စည်းများ၊ ပိုင်ရှင်ကတရားဝင်စွန့်လွှတ်ထားသည့် ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းများအဖြစ် သက်ဆိုင်ရာတို့က တရားဝင် စာရင်းသွင်းခြင်း ရှိ မရှိ၊ ထိန်းသိမ်းခြင်း ရှိ မရှိ၊ စနစ်တကျ အသုံးပြုခြင်း ရှိ မရှိ၊ လိုအပ်သည့်ကိစ္စများတွင် စနစ် တကျ ထုခွဲရောင်းချလွှဲပြောင်းပေးခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
( စ ) ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍-
(၁) ထုတ်လုပ်မှု၊ ကုန်သွယ်မှု ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုစာရင်းများကို စစ်ဆေးခြင်း၊
(၂) ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုများ၏ အရေအတွက် နှင့် အဆင့်အတန်းစံနှုန်းများကို စစ်ဆေးခြင်း၊
(၃) လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိ မရှိ စစ်ဆေးခြင်း၊
(၄) ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်၍ စစ်ဆေးခြင်း၊
(၅) အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းဖွဲ့စည်းလုပ်ကိုင်မှုတွင် ကြီးကြပ်ကွပ်ကဲမှု၊ လုပ်ငန်းပိုင်းဆိုင်ရာထိန်းကွပ်မှုများဖြင့်ဆောင်ရွက်မှု၊ စီးပွားရေးစွမ်းဆောင်ရည် တိုးတက်မှု၊ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ လုပ်ငန်း စည်းစနစ်ကျမှု၊ ဝန်ထမ်းများ အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု၊ ငွေကြေး နှင့် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်မှု စသည်တို့ကို စစ်ဆေးခြင်း။
(ဆ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကဖြစ်စေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း တစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီကဖြစ်စေ ယင်း၏လုပ်ငန်းတစ်ရပ်ရပ်အား စစ်ဆေးပေးရန် ညှိနှိုင်းလာပါက လိုအပ်သလို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊
( ဇ ) မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းတို့အား ကြီးကြပ်ခြင်းနှင့် လိုအပ်သောလမ်းညွှန်မှုများပေးခြင်း၊
( ဈ ) လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူတို့၏ တာဝန်၊ ကျင့်ဝတ်သိက္ခာ၊ ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီသတ်မှတ်ခြင်း နှင့်ကြီးကြပ်ခြင်း၊
(ည) လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူတို့က စစ်ဆေးထားသည့် ပုဂ္ဂလိကလုပ်ငန်းများ၏ စာရင်းများတွင် နိုင်ငံတော်သို့ ပေးဆောင် ရမည့် အခွန်အခများနှင့်စပ်လျဉ်း၍ လိုအပ်ပါက စစ်ဆေးခြင်း၊
( ဋ ) စာရင်းစစ်ဆေးရေးလုပ်ငန်းများနှင့်စပ်လျဉ်းသော လိုအပ်သည့်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်း၊
( ဌ ) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့်တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊
( ဍ ) နိုင်ငံတော်သမ္မတက ဥပဒေနှင့်အညီ ပေးအပ်သည့် အခြားတာဝန်များထမ်းဆောင်ခြင်း၊
( ဎ ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်သော အခြားတာဝန်များ ထမ်းဆောင်ခြင်း၊
(ဏ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊
(တ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ နှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့် စာရင်းများဆိုင်ရာ ရငွေနှင့် ပေးငွေစာရင်းများကို စစ်ဆေးခြင်း၊ ယင်းရငွေ ပေးငွေများကို တာဝန်ရှိသူ များက စနစ်တကျ ကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ မရှိ စစ်ဆေးခြင်း၊
(ထ) ဥပဒေအရ စစ်ဆေးခြင်းခံရမည့် အဖွဲ့အစည်းအသီးသီးတွင် ဌာနတွင်းစာရင်းစစ် အဖွဲ့များ ဖွဲ့စည်းထားမှု ရှိ မရှိ နှင့် ထိုအဖွဲ့များသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက သတ်မှတ်ပေးထားသော လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
( ဒ ) ဥပဒေအရ စစ်ဆေးခံရမည့် အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းများကို စစ်ဆေးရာတွင် ဥပဒေအရ အရေးယူသင့်သည်ဟုယူဆသော ကိစ္စများကိုတွေ့ရှိပါက စစ်ဆေးတွေ့ရှိ ချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသို့ ပေးပို့သည့်အပြင် သက်ဆိုင်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်ထံသို့လည်း ပေးပို့ခြင်း၊
( ဓ ) အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် လုပ်ငန်းတစ်ခုကို စစ်ဆေးရာတွင် ယင်းအဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းခွင်အလိုက် လေလွင့်ပြုန်တီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားပြုမှုများ လောလောဆယ်ဖြစ်ပေါ်နေခြင်းကို ချက်ချင်းရပ်တန့်တားဆီးရန် လိုအပ်သည်ဟု ယူဆပါက-
(၁) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသို့ ချက်ချင်းအကြောင်းကြားပြီး၊ ၎င်း၏ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ထံသို့လည်း အကြောင်းကြားခြင်း၊
(၂) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အရေးယူဆောင်ရွက်မှုမရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ထံသို့ အစီရင်ခံတင်ပြခြင်း။”
၄။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဆ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဃ) (၁) ဥပဒေအရ စစ်ဆေးခံရမည့် အဖွဲ့အစည်းများ၊ ရုံးများ၊ လုပ်ငန်းခွင်များ၊ စက်ရုံများ စသည်တို့၏ ဥပစာများ၊ အဆောက်အဦများအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊
(၂) ဥပဒေအရ စစ်ဆေးခံရမည့် အဖွဲ့အစည်းများ၊ ရုံးများ၊ လုပ်ငန်းခွင်များ၊ စက်ရုံ များတွင်ရှိသော စီမံကိန်းများ၊ စီမံချက်များ၊ လုပ်ကိုင်ပုံနည်းစနစ်များ၊ စာချုပ် စာတမ်းများ၊ လူစာရင်းများ၊ ငွေစာရင်းများ၊ ပစ္စည်းစာရင်းများ၊ အစီရင်ခံစာများ၊ စာရင်းစာအုပ်များ၊ ပြေစာများနှင့် အခြားအထောက်အထား စာရွက်စာတမ်း များကို လေ့လာခြင်း၊
(၃) ပုဒ်မခွဲငယ်(၂)တွင် ဖော်ပြထားသော စာရွက်စာတမ်းများကို မူရင်းအတိုင်းဖြစ်စေ၊ မိတ္တူကူး၍ဖြစ်စေ၊ အီလက်ထရောနစ်နည်းစနစ်ဖြင့်ဖြစ်စေ သက်ဆိုင်ရာအဖွဲ့ အစည်းက ပေးပို့ရန်တောင်းခံခြင်း၊
(၄) စစ်ဆေးချက်များနှင့်ပတ်သက်၍ တွေ့ရှိသည့်သက်သေခံပစ္စည်းများ၊ စာရွက် စာတမ်းများ၊ အသံဖိုင်များ၊ အီလက်ထရောနစ်ဆိုင်ရာမှတ်တမ်းများကို သက်သေခံ အဖြစ် ထိန်းသိမ်းခြင်း၊
(၅) စစ်ဆေးရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ ထွက်ဆို ချက်များရယူခြင်း၊
(၆) စစ်ဆေးရေးအတွက် လိုအပ်ပါက ကျွမ်းကျင်သူဝန်ထမ်းများ၏ အကူအညီကို လုပ်ငန်းအလိုက်ဖြစ်စေ၊ ကာလအပိုင်းအခြားအားဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့ အစည်း၏ သဘောတူခွင့်ပြုချက်ဖြင့်ရယူခြင်း။
( င ) အောက်ပါ ကိစ္စရပ်များဖြစ်သည့် -
(၁) အစိုးရဌာနများ၏ အခြားစာရင်း(Other Account - OA) စာရင်းများကို လိုအပ်ပါက စစ်ဆေးခြင်း၊
(၂) နိုင်ငံပိုင် ရေ၊ မြေ၊ လေ သယံဇာတကို အသုံးပြု၍ အကျိုးခံစားခွင့်ပေးသည့် စာချုပ်ပုံစံအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးဖြင့် အစိုးရနှင့်ဆောင်ရွက်သည့် ဖက်စပ် လုပ်ငန်းများ၏ လုပ်ငန်းနှင့် စာရင်းများကို လိုအပ်ပါက စစ်ဆေးခြင်း။
( စ ) ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ချေးယူငွေများ၊ ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ ဖြစ်စေ ထုတ်ချေးငွေများ၊ အတိုးပေးငွေ၊ အတိုးရငွေများနှင့် ပတ်သက်၍ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဆ) ရရန်ရှိငွေနှင့် ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့် ပစ္စည်းများ ပြည့်စုံမှန်ကန်တိကျစွာ ဖော်ပြခြင်း ရှိ မရှိနှင့် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်းဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း။”
၅။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ (က)၊ (ဂ) နှင့် (ဃ) တို့ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“ (က) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏အရအသုံးစာရင်းများနှင့် လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်မှုများကိုစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်ပြခြင်းနှင့် ထူးခြားသောအခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်း၊
( ဂ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းများဆောင်ရွက်မှုသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဃ) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊”
၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (စ) ၏နောက်တွင် (ဆ)၊ (ဇ)၊ (ဈ)၊ (ည) နှင့် (ဋ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊
( ဇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ အစိုးရဌာနများ၏ အခြားစာရင်း (Other Account- OA) များကို လိုအပ်ပါက စစ်ဆေးခြင်း၊
( ဈ ) နိုင်ငံပိုင် ရေ၊ မြေ၊ လေ၊ သယံဇာတများကို အသုံးပြု၍ အကျိုးခံစားခွင့်ပေးသည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် စာချုပ်ပုံစံအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးဖြင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်သည့်လုပ်ငန်းများ၏ လုပ်ငန်းနှင့် စာရင်းများကို လိုအပ်၍ တာဝန်ပေးလာပါက စစ်ဆေးခြင်း၊
(ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများဆိုင်ရာ ရငွေနှင့်ပေးငွေစာရင်းများကို စစ်ဆေးခြင်း၊ ယင်းရငွေ ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ မရှိ စစ်ဆေးခြင်း၊
( ဋ ) ရရန်ရှိငွေနှင့် ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့် ပစ္စည်းများ ပြည့်စုံမှန်ကန်တိကျစွာ ဖော်ပြခြင်း ရှိ မရှိနှင့် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်းဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း။”
၇။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“( ခ ) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်သူတို့ အတွက် အမှန်တကယ်အကျိုးသက်ရောက်မှု ရှိ မရှိ စစ်ဆေးခြင်း၊”
၈။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ(ဃ)၏နောက်တွင် ပုဒ်မခွဲ(င)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“( င ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများဆိုင်ရာ ရငွေနှင့်ပေးငွေစာရင်းများကို စစ်ဆေးခြင်း၊ ယင်းရငွေ ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ မရှိ စစ်ဆေးခြင်း။”
၉။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၆ ၏နောက်တွင် ပုဒ်မ ၃၆-က၊ ပုဒ်မ ၃၆-ခ နှင့် ပုဒ်မ ၃၆-ဂ တို့ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
“၃၆-က။ ဥပဒေအရ စစ်ဆေးခြင်းခံရမည့် အဖွဲ့အစည်းအသီးသီးတို့သည် နှစ်စဉ်ဘဏ္ဍာရေး နှစ်ကုန်ဆုံးပြီးနောက် ရက်ပေါင်းကိုးဆယ်အတွင်း ဝန်ထမ်းအင်အားစာရင်း၊ ငွေစာရင်း၊ ကုန်ပစ္စည်းစာရင်းအပါအဝင် နှစ်ချုပ်စာရင်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်သို့ပေးပို့ရမည်။
၃၆-ခ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်၏ အစီရင်ခံစာအရ ဝန်ထမ်းများအား အရေးယူသည့်အခါတွင် ပဏာမစုံစမ်းမှုကို ပြန်လည်ပြုလုပ်ခြင်း မပြုဘဲ စာရင်းစစ်ရုံးအဆင့်ဆင့်တို့၏ စစ်ဆေးတွေ့ရှိချက်ကို စွဲချက်တင်ရန် အထောက် အထားတစ်ရပ်အဖြစ်မှတ်ယူ၍ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရမည်။
၃၆-ဂ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်၏ ဝန်ထမ်းများ၊ ပုဂ္ဂိုလ်များ ထိရောက်စွာတာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်သည့်အကူအညီများနှင့် အစီအစဉ် များကို သက်ဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် လုပ်ငန်းမှ တာဝန်ရှိသူများက စီစဉ် ပေးရမည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်