မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းဥပဒေ(မူကြမ်း)
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။ )
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) ခရီးသွားလာရေးလုပ်ငန်း ဆိုသည်မှာ ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ စီစဉ် ဆောင်ရွက်ပေး သောလုပ်ငန်းကိုဆိုသည်။ယင်းစကားရပ်တွင် ခရီးလှည့်လည်ရေးလုပ်ငန်း၊ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ဧည့်လမ်းညွှန်လုပ်ငန်းနှင့် ခရီးသွား လာရေးလုပ်ငန်းဆိုင်ရာအခြားဝန်ဆောင်မှုလုပ်ငန်းတို့ ပါဝင်သည်။
(ခ) ခရီးသည် ဆိုသည်မှာ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မိမိတို့အမြဲတမ်းနေထိုင်ရာဒေသမှ ပြင်ပရှိ ခရီးစဉ်ဒေသတစ်ခုခုသို့ ခရီးသွားသူကိုဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံအတွင်း သွားလာသောခရီးသည်များ၊မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသော နိုင်ငံခြားသားခရီး သည်များနှင့်ပြည်ပသို့သွားရောက်သောမြန်မာနိုင်ငံသားခရီးသည်များလည်းပါဝင်ပါသည်။
(ဂ) ခရီးသည်တည်းခိုနေထိုင်ရန်နေရာ ဆိုသည်မှာ ဟိုတယ်၊မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုခန်း၊ အိပ်ယာနှင့်နံနက်စောစာစီစဉ်ပေးသည့်နေရာ၊ တည်းခိုရိပ်သာ၊ စခန်းချတည်းခိုသည့်နေရာ နှင့် စီးပွားရေးအလို့ငှာ အခကြေးငွေဖြင့် ငှားရမ်းနေထိုင်ခွင့်ပေးသည့် အဆောက်အအုံ သို့မဟုတ် စခန်းချနေရာကို ဆိုသည်။
(ဃ) ခရီးစဉ် ဆိုသည်မှာ ခရီးစတင်ထွက်ခွာသည့် နေရာဒေသတစ်ခုမှ အခြားနေရာဒေသတစ်ခုသို့ ခရီးသွားလာရေးအတွက် စနစ်တကျရေးဆွဲထားသည့် အစီအစဉ်ကို ဆိုသည်။
(င) ခရီးစဉ်ဒေသ ဆိုသည်မှာ ခရီးသည်များ သွားလာလည်ပတ်လေ့လာနိုင်ပြီး ဆွဲဆောင်မှု ရှိသော နေရာဒေသကို ဆိုသည်။
(စ) ခရီးလှည့်လည်ရေးလုပ်ငန်း ဆိုသည်မှာ ခရီးသည်များတစ်နေရာမှ တစ်နေရာသို့ သွားလာရာ တွင် အဆင်ပြေချောမွေ့စွာ ပို့ဆောင်ခြင်း၊ တည်းခိုရန်နေရာစီစဉ်ပေးခြင်းနှင့် ဧည့်လမ်းညွှန် စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးသည့် စီးပွားရေးလုပ်ငန်းကိုဆိုသည်။
(ဆ) ဟိုတယ်လုပ်ငန်း ဆိုသည်မှာ ခရီးသည်များ တည်းခိုရန် သတ်မှတ်ထားသော အခန်း အရေ အတွက်နှင့် အဆင့်အတန်းတို့ရှိပြီး အစားအစာ၊ အဖျော်ယမကာနှင့် အခြား ဝန်ဆောင်မှုများ စီစဉ်လုပ်ကိုင်ပေးသည့် စီးပွားရေးလုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် မိုတယ်လုပ်ငန်း နှင့် ဧည့်ဂေဟာလုပ်ငန်းတို့ ပါဝင်သည်။
(ဇ) တည်းခိုရိပ်သာလုပ်ငန်း ဆိုသည်မှာ နိုင်ငံခြားခရီးသည်များအတွက်ဖြစ်စေ၊ ပြည်တွင်း ခရီးသည်များနှင့် နိုင်ငံခြားခရီးသည်များ နှစ်မျိုးလုံးအတွက်ဖြစ်စေ တည်းခိုရေးကို စီစဉ် ဆောင်ရွက်ပေးသည့် စီးပွားရေးလုပ်ငန်းကို ဆိုသည်။
(ဈ) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်စေ၊ မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရောက်ခြင်းဖြစ်စေ သွားလာသည့်ခရီးသည်များ အတွက် မော်တော်ယာဉ်၊လေယာဉ်၊ ရေယာဉ်၊ ရထား သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် သွားလာနိုင်သော ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ တစ်နေရာမှတစ်နေရာသို့ စီးပွားရေး အလို့ငှာ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းကို ဆိုသည်။
(ည) ဧည့်လမ်းညွှန်လုပ်ငန်း ဆိုသည်မှာခရီးသည်များအားဆွဲဆောင်နိုင်သော ခရီးစဉ်ဒေသများကို လမ်းညွှန်ပြသခြင်း၊ပြောဆိုရှင်းပြခြင်းနှင့် ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရေး အတွက် စီးပွားရေးအလို့ငှာ စီစဉ်ဆောင်ရွက်ပေးသောလုပ်ငန်းကို ဆိုသည်။
(ဋ) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာအခြားဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ခရီးသွားလာရေး လုပ်ငန်းနှင့်သက်ဆိုင်သည့် အခြားဝန်ဆောင်မှုလုပ်ငန်းကို ဆိုသည်။
(ဌ) လိုင်စင် ဆိုသည်မှာ ခရီးသွားလာရေးလုပ်ငန်းတွင် ပါဝင်သည့် လုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်နိုင်ရန်အတွက် ဤဥပဒေအရထုတ်ပေးသော လိုင်စင်ကို ဆိုသည်။ ယင်းစကားရပ်တွင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ဟိုတယ်လုပ်ငန်းလိုင်စင်၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်နှင့် ခရီးသွား လာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များပါဝင်သည်။
(ဍ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနကို ဆိုသည်။
(ဎ) ဝန်ကြီးဆိုသည်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။
(ဏ) ဦးစီးဌာန ဆိုသည်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနကို ဆိုသည်။ ယင်းစကားရပ်တွင် ဝန်ကြီးဌာနက ထပ်မံဖွဲ့စည်းမည့် ဦးစီးဌာနများလည်း ပါဝင်သည်။
(တ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ခရီးသွားလာရေးလုပ်ငန်းများကို စစ်ဆေးနိုင်ရန် ဤဥပဒေအရ ဖွဲ့စည်းထားသောအဖွဲ့ကို ဆိုသည်။
(ထ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီကို ဆိုသည်။
(ဒ) ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ခရီးသွား လာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ကို ဆိုသည်။
(ဓ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ကိုဆိုသည်။
(န) ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ကို ဆိုသည်။
(ပ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့့် ဝန်ကြီးဌာနများကို ဆိုသည်။
(ဖ) ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေအရ ခရီးသွားလာရေးလုပ်ငန်း ဝန်ဆောင်မှုကို လိုင်စင်ဖြင့် ဆောင်ရွက်သော ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စား ပြုသည့် ပုဂ္ဂလိကအဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့ကို ဆိုသည်။
အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ခရီးသွားလာရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့်လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ အခြေခံ ဥပဒေသများအတိုင်း လိုက်နာဆောင်ရွက်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံများကို လေးစားလိုက်နာသော တာဝန်သိခရီးသွားလာရေးလုပ်ငန်းတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် နှစ်တို၊နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ရန်၊
(ခ) မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာစေရေးအတွက် ထိရောက်သော ပြည်တွင်းပြည်ပဈေးကွက်မြှင့်တင်မှုများ ဆောင်ရွက်ခြင်းဖြင့် အထောက်အကူဖြစ်စေရန်၊
(ဂ) ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏ အခွင့်အရေးကိုကာကွယ်ပေးရန် နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊
(ဃ) ခရီးသွားလာရေးလုပ်ငန်းဝန်ဆောင်မှုများ၏ အရည်အသွေးနှင့်ပြည့်စုံခိုင်မာမှုကို အာမခံနိုင်ရန်၊
(င) ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊
(စ) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ပညာရပ်များ တိုးတက်ထွန်းကားစေ၍ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်။
(ဆ) သဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်စေရန်၊
အခန်း (၃)
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း
၄။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ပါပုဂ္ဂိုလ်များပါဝင်သော အမျိုးသားခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းရမည် -
(၁) ဒုတိယသမ္မတ ဥက္ကဋ္ဌ
(၂) ခရီးသွားလာရေး လုပ်ငန်းနှင့် သက်ဆိုင်ရာ အဖွဲ့ဝင်များ
ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ သို့မဟုတ်
ဒုတိယဝန်ကြီးများ
(၃) သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ အဖွဲ့ဝင်များ
(၄) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ
ကိုယ်စားလှယ်များ
(၅) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး
ပြည်ထောင်စုဝန်ကြီး
(၆) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး(၁)
ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်သူတစ်ဦး
သို့မဟုတ် အမြဲတမ်းအတွင်းဝန်
(၇) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းရေးမှူး(၂) ညွှန်ကြားရေးမှူးချုပ်
(ခ) လိုအပ်လျှင် အမျိုးသားခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) မြန်မာနိုင်ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကိစ္စရပ်များကို ဝန်ကြီးဌာနများ၊အစိုးရဌာနအဖွဲ့အစည်းများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ခ) မြန်မာနိုင်ငံအတွင်းဖွံ့ဖြိုးတိုးတက်မှု အားနည်းသောဒေသများတွင် ခရီးသွားလာရေးလုပ်ငန်း ဆိုင်ရာ လိုအပ်သော အတိုင်းအတာများနှင့် အစီအစဉ်များ လုပ်ကိုင်ဆောင်ရွက်ပြီး ခရီးသွား လုပ်ငန်းဖြင့် ထိုဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုမြှင့်တင်စေရေးအတွက် လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်ခြင်း၊
(ဂ) ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့နှင့် လက်အောက်ခံအဖွဲ့အစည်းများက ဆုံးဖြတ် နိုင်ခြင်း မရှိသောကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ခြင်း၊
(ဃ) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းများ၊ မဟာဗျူဟာများနှင့် လုပ်ငန်း စီမံကိန်း များရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ရေး လမ်းညွှန်ကြီးကြပ်ကွပ်ကဲခြင်း၊
(င) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အသိပညာများနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက် လာအောင် ဆောင်ရွက်ရာတွင် ပြည်ပအဖွဲ့အစည်းများမှ နည်းပညာအကူအညီနှင့် အခြားသော အကူအညီရရှိစေရေးတို့ကို ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများ ချမှတ်ခြင်း။
အခန်း (၄)
ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ဖွဲ့စည်းခြင်း
၆။ ဗဟိုကော်မတီသည် -
(က) အောက်ပါပုဂ္ဂိုလ်များပါဝင်သော ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရမည် -
(၁) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ
(၂) နေပြည်တော်ကောင်စီမှကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(၃) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ
အသီးသီးမှ ကိုယ်စားလှယ်များ
(၄) ဥက္ကဋ္ဌက တာဝန်ပေးအပ်သူ အတွင်းရေးမှူး
(ခ) လိုအပ်လျှင် ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့တွင် ဒုတိယ ဥက္ကဋ္ဌ နှင့် တွဲဖက် အတွင်းရေးမှူး တို့ကို သတ်မှတ်ပေးနိုင်သည်။
(ဂ) လိုအပ်လျှင် ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်း နိုင်သည်။
၇။ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဗဟိုကော်မတီက ချမှတ်သည့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ခြင်း၊
(ခ) ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ အဆောက်အဦ တစ်ခုခု ဆောက်လုပ်ခြင်းနှင့် ပြုပြင် မွမ်းမံခြင်းတို့အတွက် ကြိုတင်ခွင့်ပြုချက်လျှောက်ထားခြင်းကို ခွင့်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့၊ ပြည်ထောင်စု နယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ် လမ်းညွှန်ခြင်း၊
(ဃ) မြန်မာနိုင်ငံ၏ ရေမြေ သဘာဝအလှအပများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး အတွက် ခရီးသွားလုပ်ငန်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက် အကူဖြစ်စေမည့် လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။
(င) မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကို အထောက် အကူဖြစ်စေမည့် လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊
အခန်း (၅)
ခရီးသွားလာရေးလုပ်ငန်း အမျိုးအစား သတ်မှတ်ခြင်း၊
လိုင်စင်ကြေးများ သတ်မှတ်ခြင်း နှင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း
၈။ ဝန်ကြီးဌာနသည် -
(က) ခရီးသွားလာရေးလုပ်ငန်း အမျိုးအစားများနှင့် လုပ်ငန်းလိုအပ်ချက်များကို သတ်မှတ်ရမည်။
(ခ) လိုင်စင်ကြေးများ၊ လိုင်စင်အသစ်လဲလှယ်ကြေးများ၊ လိုင်စင်ဒဏ်ကြေးများနှင့် ခရီးသွား လာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်ကြေးများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် သတ်မှတ်ရမည်။
(ဂ) ခရီးသွားလာရေးလုပ်ငန်းများကိုအဆင့်အတန်းသတ်မှတ်ပေးခြင်း၊အရည်အသွေး ကောင်းမွန် သူများကို ချီးမြှင့်ခြင်းနှင့် သတ်မှတ်အရည်အချင်း မပြည့်မီသူများအား ပညာပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
(ဃ) ခရီးသွားလာရေးလုပ်ငန်းများ သတ်မှတ်ထားသည့် အရည်အသွေး ပြည့်မီခြင်း ရှိ မရှိ စစ်ဆေးနိုင်ရန် စစ်ဆေးရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။
(င) အများပြည်သူ သွားလာလည်ပတ်နိုင်သော ခရီးစဉ်များ သတ်မှတ်ရမည်။
အခန်း (၆)
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၉။ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဗဟိုကော်မတီက ချမှတ်သည့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အရည်အသွေး၊ အဆင့်အတန်း စနစ်တကျတိုးတက်လာစေရန် ပြည်တွင်း၊ ပြည်ပတွင် လေ့ကျင့်ပညာပေးခြင်း၊ သင်တန်းပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊
(ဂ) ခရီးသွားလာရေးလုပ်ငန်းအရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ဃ) လိုင်စင်နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊
(င) ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(စ) ဟိုတယ်များက နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ပေးနိုင်စေရေးအတွက် ကြီးကြပ် ကွပ်ကဲဆောင်ရွက်ခြင်း၊
(ဆ) ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဇ) လုပ်ငန်းဆောင်ရွက်ချက်များကို ဝန်ကြီးဌာနသို့ သုံးသပ်တင်ပြခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊
(ဈ) ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်ခြင်း၊ လေ့လာခြင်း၊ စာတမ်းပြုစုခြင်း။
အခန်း (၇)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ ဖွဲ့စည်းခြင်း
၁၀။ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သည် -
(က) အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေး လုပ်ငန်းအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရမည်-
(၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ဥက္ကဋ္ဌ
(၂) သက်ဆိုင်ရာ အစိုးရဌာနမှ သင့်လျော်သော ပုဂ္ဂိုလ်များ အဖွဲ့ဝင်များ
(၃) ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှကိုယ်စားလှယ်များ အဖွဲ့ဝင်များ
(၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ အတွင်းရေးမှူး
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ
ရုံးခွဲတာဝန်ခံ
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရာ တွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို အဖွဲ့ဝင်များအနက်မှ ရွေးချယ် တာဝန် ပေးအပ်နိုင်သည်။
(ဂ) လိုအပ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင် အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။
အခန်း (၈)
ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ဖွဲ့စည်းခြင်း
၁၁။ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သည် -
(က) အောက်ပါပုဂ္ဂိုလ်များပါဝင်သော ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းရမည်-
(၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌ
ဥက္ကဋ္ဌက တာဝန် ပေးအပ်သူ
(၂) သက်ဆိုင်ရာ အစိုးရဌာနမှ သင့်လျော်သော ပုဂ္ဂိုလ်များ အဖွဲ့ဝင်များ
(၃) ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှကိုယ်စားလှယ်များ အဖွဲ့ဝင်များ
(၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး
တာဝန်ပေးအပ်သူ
(ခ) ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို အဖွဲ့ဝင်များအနက်မှ ရွေးချယ် တာဝန်ပေးအပ် နိုင်သည်။
(ဂ) လိုအပ်လျှင် ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။
အခန်း (၉)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့နှင့်
ပြည်ထောင်စုနယ်မြေ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့တို့၏
လုပ်ငန်းတာဝန်များ
၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့နှင့် ပြည်ထောင်စု နယ်မြေ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့တို့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဗဟိုကော်မတီမှ ချမှတ်သည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
(ခ) လိုင်စင်လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်နိုင်ရန် လိုင်စင်စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း ခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
(ဂ) လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ လိုင်စင်လွှဲပြောင်းခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ဃ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် လိုင်စင် ပျက်ပြယ်ခြင်း ၊
(င) ခရီးစဉ်ဒေသ အသီးသီးတို့တွင် ခရီးသွားလာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်း နှင့် အရည်အသွေးမြင့်မားတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုမည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စု နယ်မြေရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့်ပေါင်းစပ် ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(စ) ခရီးသည်များအတွက် သာမက ဒေသခံပြည်သူများအတွက်ပါ ၎င်းတို့၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်အနှောင့်အယှက်မဖြစ်ရေး၊ စိတ်ကျေနပ်မှုရရှိရေးတို့ကို နှစ်ဘက် သဟဇာတ ဖြစ်စေရေးအတွက် ဒေသဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ခြင်း၊
(ဆ) ဤဥပဒေအရကောက်ခံရရှိသောလိုင်စင်ကြေးများ၊လိုင်စင်အသစ်လဲလှယ်ကြေးများ၊ လိုင်စင် ဒဏ်ကြေးများနှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြားသာမန်ရငွေများကို ဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရုံးခွဲများမှ ကောက်ခံစေ၍ ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းစေခြင်း၊
(ဇ) လုပ်ငန်းဆောင်ရွက်ချက်များကို သုံးသပ်၍ တိုးတက်မှုကို ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင် အဖွဲ့သို့ တင်ပြခြင်း၊
(စျ) ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်း၊
(ည) ခရီးသည်များအတွက် ၄င်းတို့သွားရောက်လေ့ရှိသော ခရီးစဉ်ဒေသများအလိုက် လုံခြုံရေး၊ ရောဂါဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ်အစရှိသည့် ကိစ္စရပ်များဆိုင်ရာ အသိပေးနှိုးဆော်ချက် များကို ထုတ်ပြန်ခြင်း။
အခန်း (၁၀)
ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
၁၃။ ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေသူများသည် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်-
(က) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပါဝင် ဆောင်ရွက်ရမည်။
(ခ) နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဝန်ဆောင်မှုအရည်အသွေး၊ အရည်အချင်းပြည့်မီစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
(ဂ) သုတေသနပြုလုပ်လေ့လာခြင်း၊ စာတမ်းများပြုစုခြင်းတို့ကို ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပမှ သက်ဆိုင်ရာတက္ကသိုလ်များ၊ ခရီးသွားလာရေးလုပ်ငန်းတွင် လက်တွေ့ပါဝင် ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။
အခန်း (၁၁)
ဘဏ္ဍာငွေကြေး ရယူသုံးစွဲမှု
၁၄။ ဝန်ကြီးဌာနသည်ခရီးသွားလာရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် -
(က) ဗဟိုကော်မတီမှ သဘောတူသည့် စီမံကိန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ နိုင်ငံတော်ဘတ်ဂျက်တွင် တောင်းခံ သုံးစွဲရမည်။
(ခ) ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့်နည်းပညာ အကူအညီများ ရယူ၍ ဆောင်ရွက်ရမည်။
အခန်း (၁၂)
ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်သူများ၏ အခွင့်အရေးနှင့် တာဝန်များ
၁၅။ ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်သူများသည်-
(က) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ လိုင်စင်များကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားခွင့်ရှိသည်။
(ခ) ခရီးသွားလာရေးလုပ်ငန်း ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက ဝန်ကြီးဌာန၊ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီး သွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သို့ တင်ပြခွင့်ရှိသည်။
၁၆။ ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်သူများ၏ လုပ်ငန်းတာဝန်များမှာ -
(က) တာဝန်သိ၍ ရေရှည်တည်တံ့စေသော နည်းလမ်းဖြင့် လုပ်ကိုင်ရမည်။
(ခ) ဤဥပဒေပါ ပြဌာန်းချက်များနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်။
(ဂ) ခရီးသည်များ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက် ရမည်။
(ဃ) ခရီးသည်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်း ကာကွယ်ရမည်။
(င) တည်ဆဲဥပဒေများနှင့်အညီ ပေးဆောင်ရန် တာဝန်ရှိသော အခွန်အခများကို သက်ဆိုင်ရာ ဌာနများသို့ ပေးသွင်းရမည်။
(စ) လိုင်စင်ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။
အခန်း(၁၃)
ကြိုတင်ခွင့်ပြုချက်လျှောက်ထားခြင်း
၁၇။ ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်မည့်သူသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အခြားနည်းလမ်းဖြင့်ဖော်ပြထားခြင်းမရှိလျှင် လုပ်ငန်း စတင်အကောင်အထည်မဖော်မီ ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ အဆောက်အအုံတစ်ခုခု ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ ပြုလုပ်လိုပါက ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သို့ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမည်။
၁၈။ ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့တွင် ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင် မည့်သူသည် ယခင်ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ အဆောက်အဦ ဆောက်လုပ်ခြင်း ကြိုတင်ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ပါက ထပ်မံလျှောက်ထားရန် မလိုအပ်တော့ဘဲ လုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီး သွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သို့ ဆက်လက်လျှောက်ထားရမည်။
၁၉။ ပုဒ်မ ၁၇ ပါ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့က ခွင့်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
အခန်း (၁၄)
လိုင်စင်
၂၀။ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစား တစ်ခုခြင်းစီအတွက် ခရီးသွားလာရေးလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် လိုင်စင်ရရှိရန် သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွားလာရေး လုပ်ငန်း အာဏာပိုင်အဖွဲ့သို့ လျှောက်ထားရမည် -
(က) ခရီးလှည့်လည်ရေးလုပ်ငန်း၊
(ခ) ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်း၊
(ဂ) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊
(ဃ) ဧည့်လမ်းညွှန်လုပ်ငန်း၊
(င) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်း။
၂၁။ သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သည် လိုင်စင်လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပြီးနောက်−
(က) ညီညွတ်ပါက သတ်မှတ်ထားသော လိုင်စင်ကြေးကို လက်ခံရရှိလျှင် လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။
(ခ) မညီညွတ်ပါက လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ရမည်။
၂၂။ လိုင်စင် သက်တမ်းကုန်ဆုံးသည့်အခါ သက်တမ်းတိုးမြှင့်လိုသူသည်−
(က) သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ခရီးသွားလာရေး လုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်း အာဏာပိုင် အဖွဲ့သို့ လျှောက်ထားရမည်။
(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့သည် လျှောက်ထားချက်ကို စိစစ်၍ သတ်မှတ်ထားသောအခကြေးငွေကို ပေးဆောင်စေပြီး လုပ်ငန်း လိုင်စင်ကို သက်တမ်းတိုး ဆောင်ရွက်ပေးရမည်။
၂၃။ လိုင်စင်သက်တမ်းသည် သုံးနှစ် ဖြစ်သည်။
၂၄။ ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက လိုင်စင်ရရှိပြီးဖြစ်သည့် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေသူ များသည် ရရှိထားသော လိုင်စင်ပါသက်တမ်း ကုန်ဆုံးသည်အထိ ဆက်လက်လုပ်ဆောင်နိုင်သည်။ လိုင်စင် သက်တမ်းကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင်လိုလျှင် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စု နယ်မြေခရီးသွားလာရေး လုပ်ငန်းအာဏာပိုင်အဖွဲ့သို့ သတ်မှတ်ထားသည့်နည်းလမ်းနှင့်အညီ လျှောက်ထား ရမည်။
၂၅။ ခရီးသွားလာရေးလုပ်ငန်း လိုင်စင်တစ်ရပ်ရပ်ရရှိထားသူသည် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် မှအပ အခြားခရီးသွားလာရေးလုပ်ငန်း လိုင်စင်တစ်ရပ်ရပ်ကို အခြားသူတစ်ဦးတစ်ယောက်ထံ လွှဲပြောင်း လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထား ရမည်။
၂၆။ ပုဒ်မ ၂၅ အရ လိုင်စင်လွှဲပြောင်းရန် လျှောက်ထားချက်ကို လက်ခံရရှိသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စု နယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သည် လိုင်စင်လွှဲပြောင်း လက်ခံနိုင်ရေးအတွက် သတ်မှတ် ချက်များနှင့် ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ပြီး လွှဲပြောင်းလက်ခံနိုင်မည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းထံ လွှဲပြောင်းခွင့်ပြုခြင်း သို့မဟုတ် လွှဲပြောင်းခွင့်ပြုရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၂၇။ လိုင်စင်ရရှိသူသည် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းခံရသော လိုင်စင်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သို့ ပြန်လည်အပ်နှံရမည်။
အခန်း (၁၅)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း
၂၈။ လိုင်စင်ရရှိသူသည် လိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ ပုဒ်မ ၃၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွား လာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့က ထိုသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(က) သတိပေးခြင်း၊
(ခ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊
(ဂ) လိုင်စင်ကို ပယ်ဖျက်ခြင်း၊
(ဃ) နာမည်ပျက်စာရင်းတင်သွင်းခြင်း။
၂၉။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့က ချမှတ်သည့် စီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်ကို မကျေနပ်သူသည် ယင်းအမိန့်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခရီးသွား လာရေးလုပ်ငန်း အာဏာပိုင် အဖွဲ့သို့ အယူခံ ဝင်ရောက်နိုင်သည်။
၃၀။ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သည် ပုဒ်မ ၂၉ အရ အယူခံဝင်ရောက်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့က ချမှတ်သည့် အမိန့်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုနိုင်သည်။
၃၁။ ပုဒ်မ ၃၀ အရ ချမှတ်သော ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။
အခန်း (၁၆)
တားမြစ်ချက်များ
၃၂။ မည်သူမျှ−
(က) လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်ငန်း မပြုလုပ်ရ။
(ခ) ဧည့်လမ်းညွှန်လုပ်ငန်းကို လွှဲပြောင်းခြင်းနှင့် လက်ခံခြင်း မပြုရ။
(ဂ) လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု လုပ်ငန်းများမပြုလုပ်ရ။
၃၃။ မည်သူမျှ ဤဥပဒေအရ ခွင့်ပြုချက်မရှိဘဲ−
(က) ဟိုတယ်လုပ်ငန်းလိုင်စင်ကို လွှဲပြောင်းခြင်း၊လက်ခံခြင်း မပြုရ။
(ခ) တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ကို လွှဲပြောင်းခြင်း၊ လက်ခံခြင်း မပြုရ။
(ဂ) ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်နှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာအခြားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာလိုင်စင်များကို လွှဲပြောင်းခြင်း၊လက်ခံခြင်းမပြုရ။
၃၄။ ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုရ။
အခန်း (၁၇)
ပြစ်ဒဏ်များ
၃၅။ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းနှစ်ဆယ် ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၆။ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(ခ)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ဆယ်သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၇။ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ဂ)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၈။ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (က) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၉။ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၄၀။ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ဂ) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းသုံးဆယ် ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၁၈)
အထွေထွေ
၄၁။ ဗဟိုကော်မတီ၊ ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွားလာရေး လုပ်ငန်းအာဏာပိုင်အဖွဲ့တို့၌ အဖွဲ့ဝင်ဖြစ်သော နိုင်ငံ့ဝန်ထမ်း မဟုတ်သူများကို ဤဥပဒေပါလုပ်ငန်း တာဝန်များ ဆောင်ရွက်နေစဉ်အတွင်း ရာဇသတ်ကြီးပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။ယင်းအဖွဲ့ဝင်တို့၏လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် အတိုင်း ခံစားခွင့်ရှိသည်။
၄၂။ ပုဒ်မ ၃၅၊ ၃၆၊ ၃၈၊ ၃၉ နှင့် ၄၀ တို့ပါ ပြစ်မှုများကိုရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၄၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့်ခရီးသွားလာရေးလုပ်ငန်းအာဏာပိုင်အဖွဲ့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ဗဟိုကော်မတီ၏သဘောတူညီချက်ဖြင့်ထုတ်ပြန် နိုင်သည်။
(ဂ) ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့တို့သည် အမိန့်နှင့် ညွှန်ကြားချက်များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
၄၄။ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၁၄/၉၃)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။
ပုံ
(ထင်ကျော်)
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်