Share this

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်(၈.၈.၂၀၁၈)

Wednesday, August 8, 2018 - 12:08
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၂ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်မှ လားရှိုးမြို့နယ်သို့ တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည့် သံလွင်မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတား၏ အထက်ဘက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့်  ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တံတားအသစ် တစ်စင်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဟိုပန်-မော်ဟွေ့-နောင်ဟေ့- ဟတ်လုံး လမ်းကြောင်းမှ ကွမ်းလုံမြို့သို့ ဆက်သွယ်သွားလာနိုင်မည့် တံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းအား လတ်တလောဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့ရှိ ကုန်သည်တန်း - ဗန္ဓုလ ချောင်းကူးသစ်သားတံတားကို သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  သစ်သားတံတားကို သံကူကွန်ကရစ်တံတားအဖြစ်  အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စု၊ သရက်ပင်လှကျေးရွာနှင့် ကလော မြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ တံတားကန်ကျေးရွာအထိ ကျေးရွာချင်းဆက် မြေသားလမ်း (၈)မိုင်ကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  အဆိုပါ လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသေးသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် သိမ်းသွင်းနိုင်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြသွားရန် ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်းစာရင်းတွင် ပါဝင်လာပြီဖြစ်ပါက ရန်ပုံငွေ တင်ပြ တောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းအသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၄။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပြီး   ၂၀၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၀၄၉ နာရီအချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို         ၁၀-၈-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်