![]()
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ
( ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် )
ခုနှစ်၊ လ ရက်
( ခုနှစ် လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“(က) အဂတိလိုက်စားမှု ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
(၁) မည်သူမဆိုရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်း ဖြင့်ဖြစ်စေ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ် စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီရထိုက်သော အခွင့် အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေး ကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သက်ဆိုင်သူထံသို့ဖြစ်စေ၊ သက်ဆိုင်သူထံမှဖြစ်စေ တံစိုးလက်ဆောင် ကိုမိမိအတွက်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦးအတွက်သော်လည်း ကောင်း၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန်အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် ဆွေးနွေးခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်း ဖြင့်ပြုလုပ်ခြင်း၊
(၂) သက်ဆိုင်ရာ အစိုးရဌာန၏ ပြည်သူ့ဘဏ္ဍာကိုင်တွယ် စီမံဆောင်ရွက် သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရ ဌာန၏ပိုင်ဆိုင်မှုကို တောင်းခံ ခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာနက သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျှက် အစိုးရ၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း။”
၃။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဆ) ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“(ဆ) နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ဆိုသည်မှာ ဒုတိယဝန်ကြီး သို့မဟုတ် ယင်းနှင့် အလားတူ အဆင့်ရှိသူနှင့် အထက်နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူကိုဆိုသည်။”
၄။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ပ) ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“ (ပ) စစ်ဆေးရေးမှူး ဆိုသည်မှာ ကော်မရှင်သတ်မှတ်ချက်နှင့်အညီ လုပ်ငန်း ဆောင်ရွက် ရန် ဖွဲ့စည်းတာဝန်ပေးအပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များကိုဆိုသည်။”
၅။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၆ပုဒ်မခွဲ(ဃ) ကိုအောက်ပါအတိုင်း အစားထိုး ရမည်-
“(ဃ) အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်ကိစ္စနှင့် စပ်လျဉ်း၍̹ တိုင်ကြား ချက် သို့မဟုတ် ရရှိသည့် သတင်းအရ လိုအပ်ပါက ကြိုတင်ထောက်လှမ်းစုံစမ်းစေ ခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပဏာမစိစစ်ရေးအဖွဲ့တို့အား စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက်အစီရင်ခံစာကို တင်ပြစေခြင်း၊”
၆။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ(ဈ) ကိုအောက်ပါအတိုင်း အစားထိုး ရမည်-
“(စျ) အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ကို အကြံဉာဏ်ပေးခြင်း၊”
၇။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ(ဌ)ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“ (ဌ) တိုင်ကြားစာများကို စိစစ်၍ လက်ခံခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်း၊ မမှန်မကန် တိုင်ကြားကြောင်း စိစစ်တွေ့ရှိသည့် တိုင်ကြားစာများကို ပယ်ချခြင်း၊ မမှန်မကန် တိုင်ကြားသူကို ဥပဒေအရ အရေးယူခြင်းနှင့် ပြစ်မှုကျူးလွန်သည့် အတိုင်းအတာ အရ တိုင်ကြားခံရသူအပေါ် ဝန်ထမ်းစည်းကမ်းအရသာ အရေးယူသင့်သည်ဟု ယူဆပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ အရေးယူစေခြင်း၊”
၈။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ(ဍ) ၊ ပုဒ်မ ၁၇ ပုဒ်မခွဲ(ဆ) ပုဒ်မ ၂၈ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)နှင့် ပုဒ်မ ၆၅ တို့တွင်ပါရှိသော “ စုံစမ်းစစ်ဆေးရေးမှူး” ဆိုသည့် စကားရပ်ကို “စစ်ဆေးရေးမှူး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၉။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်-
(က) ပုဒ်မ၁၆ ပုဒ်မခွဲ(ဎ)၏နောက်၌ ပုဒ်မခွဲ(ဏ)အဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည်-
“ (ဏ) လိုအပ်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် အစိုးရ၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေမှုများအား စစ်ဆေးခြင်း၊”
(ခ ) ပုဒ်မ ၁၆ ၏မူလ ပုဒ်မခွဲ(ဏ)ကို ပုဒ်မခွဲ (တ)အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။
၁၀။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်-
(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(ဇ)၏နောက်၌ ပုဒ်မခွဲ(ဈ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
“(ဈ) အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင် သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်။”
(ခ ) ပုဒ်မ ၁၇ ၏မူလ ပုဒ်မခွဲ(ဈ)ကို ပုဒ်မခွဲ (ည)အဖြစ် ပြန်လည်အမှတ်စဉ် ပြောင်းလဲပြီးအောက်ပါအတိုင်းအစားထိုးရမည်-
“(ည) အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေး သည့်အတွက် ဖော်ထုတ်အရေးယူနိုင်သည့်ကိစ္စတွင် သတင်းပေးသူများ၊ သက်သေ များ၊ နစ်နာသူ သို့မဟုတ် တိုင်ကြားသူများအား လိုအပ်သော အကာအကွယ်ပေး နိုင်ရန် နည်းလမ်းများကိုသက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သတ်မှတ်သော ဆုငွေချီးမြှင့်ရေးအတွက် ညှိနှိုင်းဆောင် ရွက်ခြင်း။”
၁၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)၏နောက်၌ပုဒ်မခွဲ(ဃ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဃ) အဂတိလိုက်စားမှု ရှိကြောင်း ကျော်စောသတင်းဖြစ်ပေါ်နေခြင်း။”
၁၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ ) တိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေ ခံချက်များ မပါရှိခြင်း သို့မဟုတ် လိုအပ်၍ ကြိုတင် ထောက်လှမ်းရာတွင်လည်း သက်သေခံချက် မရရှိခြင်း၊”
၁၃။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၀ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) လုပ်ပိုင်ခွင့်အာဏာရှိသူအပေါ် တရားစွဲဆိုအရေးယူရန် အကြောင်းပေါ်ပေါက်ကြောင်း ဆုံးဖြတ်သည့်ကိစ္စတွင် ယင်းကိစ္စအတွက် မိမိ၏အစီရင်ခံစာကို ပုဒ်မ ၂၁ ပုဒ်မခွဲ(က) အရ တာဝန်ပေးသည့် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ ပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)အရ တာဝန်ပေးသည့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံသို့လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့လည်းကောင်း ဆက်လက်အရေးယူနိုင်ပါရန်ပေးပို့ရမည်။ အဆိုပါ ဆုံးဖြတ်ချက်အား တိုင်ကြားသော နစ်နာသူထံသို့လည်း အကြောင်းကြား အသိပေးရ မည်။”
၁၄။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၆ကို အောက်ပါအတိုင်း အစားထိုး ဖြည့်စွက်ရ မည်-
“၃၆(က) နိုင်ငံတော်သမ္မတသည် ကော်မရှင်ရုံးကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။
(ခ) ကော်မရှင်သည်ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရုံးခွဲများကို ဖွဲ့စည်းနိုင်သည်။”
၁၅။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ အခန်း(၇) ခေါင်းစဉ်ကို “နစ်နာသူက သတင်းပေး ခြင်းနှင့်တိုင်ကြားခြင်း” ဆိုသည့်စကားရပ်အစား “နစ်နာသူကသတင်းပေးခြင်း၊ တိုင်ကြားခြင်းနှင့် ကျော်စောသတင်းဖြစ်ပေါ်ခြင်း” ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၁၆။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၄ ကို အောက်ပါအတိုင်း အစားထိုး ဖြည့်စွက်ရမည်-
“၄၄(က) အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာရှိသူ တစ်ဦးဦးက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အဂတိ လိုက်စားမှုကြောင့် နစ်နာသူကသတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသောလုပ်ငန်းကော်မတီ၊ လုပ်ငန်း အဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်။
(ခ) အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာရှိသူ တစ်ဦးဦးက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာမှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ကြွယ်ဝ ချမ်းသာ လာကြောင်း ကျော်စောသတင်းတစ်ရပ်ရပ်ကို သိရှိရပါကကော်မရှင်သည် သတင်း ပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်။”
၁၇။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၇ နှင့် ၄၈တို့တွင်ပါရှိသော “ကြေညာချက်” ဆိုသည့် စကားရပ်ကို “ကြေညာလွှာ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၈။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၃ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“(က) အဂတိလိုက်စားမှုဖြင့်ရရှိသော ငွေကြေးနှင့် ပစ္စည်းများဖြစ်ကြောင်း သက်သေထင်ရှား ပေါ်ပေါက်လျှင် အဆိုပါငွေကြေးနှင့် ပစ္စည်းများ၊ ပြစ်မှုကျူးလွန်ရာတွင် သို့မဟုတ် ကျူးလွန်ရန်အတွက် အသုံးပြုသည့် ပစ္စည်း၊ ကိရိယာ၊ တန်ဆာပလာများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ချမှတ်ရမည်။”
၁၉။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၃-က၏နောက်တွင် ပုဒ်မခွဲ(၁)(၂)(၃)တို့အား အောက်ပါအတိုင်းဖြည့်စွက်ရမည်-
“၅၃(က) (၁) ပုဒ်မ ၅၃ ပုဒ်မခွဲ(က)အရ ချမှတ်သည့်အမိန့်နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ခြင်း ခံရသူက သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ထံအယူခံခွင့် ရှိသည်။
(၂) ပြည်ထောင်စုအစိုးရအဖွဲ့သည် ကော်မရှင်ကချမှတ်သည့် အမိန့်တစ်ရပ်ရပ် ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းလိုအပ်ပါကပြန်လည် စုံစမ်း စစ်ဆေးစေပြီး သင့်လျော်သည့်အမိန့်တစ်ရပ်ရပ် ချမှတ်ခြင်းပြုနိုင်သည်။
(၃) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။”
၂၀။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“ ၅၉။ မည်သူမဆိုခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေ ရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန် သည်ဟုသော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည်ဟု သော်လည်း ကောင်း၊ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။”
၂၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“ ၆၃။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် ပြင်ဆင်ခြင်း၊ လှုံ့ဆော် ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလျှင် ဖြစ်စေ၊ ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ၊ ယင်းပြစ်မှုအတွက် ပြဌာန်းထားသည့် ပြစ်ဒဏ် ကို ချမှတ်ခြင်းခံရမည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်