ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက်
( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ၌ မျက်စိ ရောဂါများနှင့် စပ်လျဉ်း၍ အကြီးမားဆုံး ဆေးရုံဖြစ်သည့် ရန်ကုန် မျက်စိရောဂါ အထူးကုဆေးရုံကြီးတွင် အမှန်တကယ် ကုသနေရသည့် ဝန်နှင့်အားကို မျှတနိုင်စေရန် လိုအပ်နေသည့် သူနာပြုများနှင့် ဘဏ္ဍာငွေများအား နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ သူနာပြုသစ်လွင်ခန့်ထားသည့်အခါတွင် ရန်ကုန်မျက်စိရောဂါ အထူးကု ဆေးရုံကြီးသို့ ဦးစားပေးခန့်ထားသွားမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ် များတွင် ခွင့်ပြုရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ ရန်ကုန် မျက်စိရောဂါ ဆေးရုံကြီးအတွက် ရန်ပုံငွေဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ခ ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဆေးရုံစည်းကမ်း များကို လူနာစောင့်နှင့်ဧည့်သည်များ သိရှိနားလည်ပြီး လိုလိုချင်ချင် လိုက်နာကြရန်အတွက် ပညာပေးကာလသတ်မှတ်ပြီး စည်းရုံးရှင်းပြရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လူနာများ ဆေးကုသမှုခံယူရန် လာရောက်သည့်အခါ လူနာနှင့်လူနာစောင့်များ၏ စည်းကမ်းများနှင့် လက်ဆေးခြင်းအပါအဝင် ဆေးရုံမှတစ်ဆင့် ကူးစက် တတ်သောရောဂါများ ကာကွယ်ခြင်းနှင့်ပတ်သက်သည့် ပညာပေး စာရွက်များဖြန့်ဝေခြင်း၊ ဧည့်တွေ့ကတ်ပြုလုပ်ခြင်း၊ ဧည့်သည်များအား စည်းကမ်းများ သတ်မှတ်၍ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ခြင်းနှင့် ပတ်သက်သည့် ပညာပေးစာရွက်များ ဖြန့်ဝေခြင်း၊ ဆေးရုံမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် စည်းကမ်းများ အကြောင်းတို့ကို ပညာပေးအစီအစဉ်များ အပတ်စဉ်ပုံမှန်ဆောင်ရွက်ခြင်းနှင့် အခါအားလျော်စွာ မီဒီယာမှတစ်ဆင့် အသိပညာပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး “လူနာများ ဆေးကုသမှုခံယူရာ တွင် အထောက်အကူဖြစ်စေရန်နှင့် ရောဂါလျင်မြန်စွာပျောက်ကင်းစေရန်တို့ အတွက် ဖော်ပြပါစည်းကမ်းများ လိုက်နာပေးကြရန် နှိုးဆော်အပ်ပါသည်” စာသားအား ဖြည့်စွက် ဖော်ပြမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ဂ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်၊ အနောက်ရွာကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က အနောက်ရွာကျေးရွာအုပ်စုတွင် လူဦးရေနည်းပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေးမှာလည်း ရာသီမရွေးသွားလာနိုင်ခြင်းတို့ကြောင့် အနောက်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် သင့်လျော်မှုမရှိသေးကြောင်း ဖြေကြားသည်။
( ဃ ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်ပေါင်း (၃၃၀) ရှိသည့်အနက် မြို့နယ်ငယ်လေး များရှိ (၂၅)ခုတင်ဆံ့ ဆေးရုံများနှင့် ကျေးရွာများရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် T.M.O များ၊ A.S လက်ထောက် ဆရာဝန်များအနေဖြင့် လက်ရှိတာဝန်ကျရာ ဆေးရုံမှ အခြားဒေသရှိ ဆေးရုံများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ကျလာသည့်အခါ ၄င်းတို့ကိုယ်စား တာဝန်ထမ်းဆောင်ရမည့် T.M.O, S.M.O , A.S ဆရာဝန်များ ရောက်ရှိမှသာ အခြားဒေသဆေးရုံများသို့ ပြောင်းရွှေ့ ခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ထားခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လက်ရှိတာဝန် ထမ်းဆောင်သည့် ဆေးရုံ၌ တာဝန်လစ်ဟင်းမှုမရှိစေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အတွင်းရှိ အခြားဆေးရုံ၊ ကျန်းမာရေးဌာနများမှ ဆရာဝန်များအား အလျဉ်း သင့်သလို လွှဲပြောင်းပေးရေးညွှန်ကြားထားပြီး အချို့ခက်ခဲဒေသများတွင် အလျင်အမြန် လူစားထိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
( င ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် မီးဇာကျေးရွာတို့ရှိ တိုက်နယ်ဆေးရုံတို့တွင် အရေးပေါ် လူနာတင်ယာဉ် တစ်စီးစီနှင့် ဒီဇယ်မီးစက်တစ်လုံးစီ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က နှစ်အလိုက်ပါဝင်သော မြို့နယ်ဆေးရုံများကိုသာ လူနာတင်ယာဉ် ထောက်ပံ့ ပေးနိုင်ပြီး တိုက်နယ်ဆေးရုံများသို့ ထောက်ပံ့ပေးနိုင်ခြင်း မရှိကြောင်း၊ ဆမီးတိုက်နယ်ဆေးရုံနှင့် မီးဇာတိုက်နယ်ဆေးရုံတို့အတွက် မီးစက်တစ်လုံး ပို့ဆောင်ခဲ့ပြီး တပ်ဆင်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း
၃။ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။
အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၄။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)က ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် က လက်ခံ ဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးမှ ထောက်ခံပြီး ဥက္ကဋ္ဌ က လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သည်။
၅။ အစည်းအဝေးကို ၁၀၅၉ နာရီအချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၁၄-၈-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်