Share this

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၈.၂.၂၀၂၀)

Tuesday, February 18, 2020 - 12:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ အတွင်း၌ မြေငလျင်များ မကြာခဏလှုပ်ခတ်လာပါသဖြင့် ငလျင်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် အန္တရာယ်ကျရောက်လာ ပါက ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် မည်ကဲ့သို့ စနစ်တကျ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၊  နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထုကိုယ်တိုင်ပါဝင်တဲ့ ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်နေသည့် (၃၀ x ၉၀)ပေ သိပ္ပံဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၉၀x၃၀)ပေ Steel Structure တစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

  (ဂ) ဒေါ်သန်းသန်းအေး၊  မကွေးတိုင်းဒေသကြီး   မဲဆန္ဒနယ်အမှတ်(၇)၏ မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင်အား ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၀၀x၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန် အတွက် လိုအပ်သော ရန်ပုံငွေ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အခြေခံပညာနှင့် အထက်တန်းပညာသင်ကြားရေးတို့တွင် ကျောင်းဆရာနှင့် ဆရာမအချိုး လွန်စွာကွာဟနေခြင်းအား မည်သို့စီစဉ် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က  ကျောင်းဆရာနှင့် ဆရာမ အချိုး (၁:၂)ခန့်ထိရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြား သည်။

  (င) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ သထုံမြို့၊ သိမ်ကုန်းရပ်၊ ဦးဖြူအခြေခံပညာမူလတန်းကျောင်းရှိ အန္တရာယ်ရှိ အဆောက်အအုံ အား ဖျက်သိမ်း၍ (၉၀ x ၃၀)ပေ ကျောင်းဆောင်သစ် တစ်ဆောင်ကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၂၀x ၃၀)ပေ Steel Structure တစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်း လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ရမ်းဗြဲမြို့နယ်၊ စစ်ပြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်းအဆင့်တိုးမြှင့်ခြင်း ဆိုင်ရာ သတ်မှတ်မူများနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးကြောင်း၊ အဆိုပါ ကျောင်းသည် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိသည့်အခြေအနေတွင် ရှိနေ ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဆ)ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းအား (၁၃၀ x ၃၀)ပေ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၃၀x၃၀)ပေ RCC နှစ်ထပ်ဆောင်(၁)ဆောင် ဆောက်လုပ် ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား လွှတ်တော်သို့ အသိပေး တင်ပြပြီး ယင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၁၉ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၂၀-၂-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်