Share this

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း

Wednesday, November 1, 2017 - 11:33
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်

ပြင်ဆင်သည့်ဥပဒေကြမ်း

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်      ။)

၁၃၇၉ ခုနှစ်၊                             ရက်

(၂၀၁၇ ခုနှစ်၊                            ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဟုခေါ်တွင်စေရမည်။

၂။      အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၂ တွင်-

          (က)    ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က)  အလုပ်သမား ဆိုသည်မှာ အလုပ်ရှင်ထံ ကာယအား၊ ဉာဏအား အသုံးပြုပြီး အချိန်ပိုင်းအလုပ်၊ အမြဲတမ်းအလုပ်၊ အလုပ်သင်အဖြစ် သို့မဟုတ် အစမ်းခန့်အဖြစ်ဖြင့် အခကြေးငွေရယူပြီး လုပ်ဆောင်သူ ဖြစ်သည်။  ယင်းစကားရပ်တွင် နိုင်ငံ့ဝန်ထမ်းများပါဝင်ပြီး အငြင်းပွားမှု့ ဖြစ်ပွားနေစဉ်အတွင်း အလုပ်မှရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူ အလုပ်သမားများလည်းပါဝင်သည်။ တပ်မတော်သား၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သို့မဟုတ် တပ်မတော်၏ကွပ်ကဲမှုအောက်ရှိလက်နက်ကိုင် အဖွဲ့အစည်းဝင်တို့ မပါဝင်။"

          (ခ)     ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ဂ)   အလုပ်ရှင် ဆိုသည်မှာ မိမိ၏လုပ်ငန်းအတွက် လုပ်အားကိုရရှိရန် အလုပ် သမားအားခိုင်းစေပြီး အခကြေးငွေပေးရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်ရှင်သေဆုံးသည့်အခါ သို့မဟုတ် နာမကျန်း၍ လုပ်ငန်းကို စီမံခန့်ခွဲမှု မပြုနိုင်သောအခါ လုပ်ငန်းအမွေ ဆက်ခံသူ သို့မဟုတ် ၎င်း၏တရားဝင်ကိုယ်စားလှယ်၊ အစုစပ်ဖြစ်ပါက လုပ်ငန်း ကို ကြီးကြပ်အုပ်ချုပ်ရန် တရားဝင်လွှဲအပ် အုပ်ချုပ်ခံရသူ၊ မြန်မာ နိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ တည်ထောင်သော ကုမ္ပဏီ  ဖြစ်ပါက လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်မည့် အကြီးအကဲနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များလည်း ပါဝင်သည်။" 

(ဂ)     ပုဒ်မခွဲ (စ)၊ ပုဒ်မခွဲငယ် (၆) ကိုအောက်ပါအတိုင်းအစားထိုးရမည်-

"(စ)(၆) ဝန်ကြီးဌာနက မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် လုပ်ငန်းများ။"

          (ဃ)    ပုဒ်မခွဲ (ဋ) ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ဋ)    စုပေါင်းတောင်းဆိုဆွေးနွေးမှု  ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင် အဖွဲ့အစည်းများနှင့် အလုပ်သမားများ သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းများအကြား အလုပ်လုပ်ကိုင်မှု အခြေအနေနှင့် စည်းကမ်း ချက်များ၊ ယင်းတို့၏ အလုပ်သမားရေးရာ ဆက်ဆံမှုများ သို့မဟုတ် အငြင်းပွားမှုမဖြစ်ပွားစေရန် ကာကွယ်မှုနှင့်  ဖြေရှင်းမှုများကို စုပေါင်း ဆွေးနွေးညှိနှိုင်းပြီး  စုပေါင်းသဘောတူညီချကချမှတ်နိုင်ရန် ဆောင်ရွက် သည့်လုပ်ငန်းစဉ်ကိုဆိုသည်။"

          (င)     ပုဒ်မခွဲ (ဌ) ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ဌ)    စုပေါင်းသဘောတူညီချက် ဆိုသည်မှာ စုပေါင်းတောင်းဆိုဆွေးနွေး ညှိနှိုင်းမှုအရ အလုပ်သမားများ၏ လုပ်ငန်းခွင်နှင့် အလုပ်လုပ်ကိုင်မှု အခြေအနေများသတ်မှတ်ခြင်း၊ အလုပ်ရှင်များနှင့် အလုပ်သမားများ၊ ယင်းတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများအကြားတွင် ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း၊ အလုပ်သမားအဖွဲ့အစည်းများ၏ တရားဝင်ရပ်တည်မှုကို အသိအမှတ်ပြုဆောင်ရွက်ခြင်းနှင့်အလုပ်သမား များအတွက်  လူမှုကာကွယ်စောင့်ရှောက်မှု အာမခံချက်များကိုမြှင့်တင် ခြင်းတို့ အပါအဝင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ စာဖြင့်ချုပ်ဆိုသည့် နှစ်ဖက်သဘောတူညီချက်ကိုဆိုသည်။"

          (စ)     ပုဒ်မခွဲ (ဍ) ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ဍ)    အငြင်းပွားမှု ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင် အဖွဲ့အစည်း နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများ သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းများ၏အလုပ်ခန့်ထားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ အလုပ် ရပ်စဲခြင်းတို့နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ပင်စင်၊ လုပ်သက်ဆု၊ လုပ်အားဆုနှင့်စရိတ်အပါအဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အလုပ်နှင့်သက်ဆိုင်သည့် ထိခိုက် နစ်နာမှုများ၊ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ သို့မဟုတ် လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်သော ရောဂါများ အတွက် လျော်ကြေးနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ အလုပ်သမား များ၏နားရက်၊ ခွင့်ကိစ္စအပါအဝင် အလုပ်သမားရေးရာ အခြားကိစ္စ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း အလုပ်ရှင်တစ်ဦး သို့မဟုတ် အလုပ်ရှင်များ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားတစ်ဦး သို့မဟုတ် အလုပ်သမားများ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့်အလုပ်သမားအဖွဲ့အစည်းတို့ အကြား ဖြစ်ပွားသောအငြင်းပွားမှု သို့မဟုတ် သဘောထားကွဲလွဲ မှုကိုဆိုသည်။"

          (ဆ)    ပုဒ်မခွဲ (ဎ) နှင့် (ဏ) တို့ကိုပယ်ဖျက်ရမည်။

(ဇ)     ပုဒ်မခွဲ(တ)၊(ထ)၊(ဒ)၊(ဓ)၊(န)နှင့်(ပ)တို့ကို(ဎ)၊(ဏ)၊(တ)၊(ထ)၊(ဒ)၊(ဓ) အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

(စျ)     ပုဒ်မခွဲ(ဖ) နှင့် (ဗ) တို့ကို ပုဒ်မခွဲ (န) နှင့် (ပ) အဖြစ် ပြောင်းလဲအမှတ်စဉ်ပြီး ယင်းတို့တွင်ပါရှိသော "အလုပ်သမားဝန်ကြီးဌာန" ဆိုသည့်    စကားရပ်ကို "အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန" ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

(ည)    ပုဒ်မခွဲ(ဗ)ကို ပုဒ်မခွဲ(ပ) အဖြစ် ပြင်ဆင်ပြီး ပုဒ်မခွဲ(ပ)နောက်တွင် ပုဒ်မခွဲ (ဖ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

"(ဖ)    ဦးစီးဌာန  ဆိုသည်မှာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ကို ဆိုသည်။"

၃။      အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃ တွင်-

          (က)    ပုဒ်မခွဲ(က) ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က)  အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းရမည်-"

          (ခ)     ပုဒ်မခွဲ(က)၊ပုဒ်မခွဲငယ်(၁)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က)(၁)    အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမား ကိုယ်စားလှယ်သုံးဦးစီ၊"

          (ဂ)     ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)နှင့်(၂)တို့ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ခ) (၁)   အလုပ်သမားများကရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ်သုံးဦး၊

 (၂)    အလုပ်ရှင်ကိုယ်စားလှယ်သုံးဦး။"

၄။      အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ခ)ကို အောက်ပါ အတိုင်းအစားထိုးရမည်-

          "၄။( ခ )  ညှိနှိုင်းရေးကော်မတီ၏သက်တမ်းသည် နှစ်နှစ် ဖြစ်သည်။"

၅။        အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ကို အောက်ပါ အတိုင်းအစားထိုးရမည်-

          "၆။(က) အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေး ကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။"

၆။      အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၇။     အလုပ်သမား ၃၀ ဦး မပြည့်သဖြင့်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင် သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ခုနှစ်ရက်အတွင်း ဆွေးနွေး ညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှု မှတ်တမ်းရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ ရမည်။"

၇။     အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

"၁၀။  ဝန်ကြီးဌာနသည် မြို့နယ်အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို အောက်ပါ အတိုင်းဖွဲ့စည်းရမည်-

(က)    အခြေခံနှင့်မြို့နယ်အဆင့်အလုပ်ရှင်အဖွဲ့အစည်းများကရွေးချယ် ပေးသော အလုပ်ရှင်ကိုယ်စားလှယ် သုံးဦး၊

(ခ)     အခြေခံနှင့် မြို့နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းများ က ရွေးချယ် ပေးသော အလုပ်သမားကိုယ်စားလှယ်သုံးဦး၊  

(ဂ)     ဝန်ကြီးဌာနက တာဝန်ပေးအပ်သောမြို့နယ်အဆင့်ကိုယ်စားလှယ် သုံးဦး တို့ဖြင့် ဖွဲ့စည်းရမည်။

(ဃ)     ထိုဖွဲ့စည်းပြီးသော ကိုယ်စားလှယ်များပါဝင်သည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များထဲမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးကို အဖွဲ့ဝင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။"

၈။      အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)ကိုအောက်ပါ အတိုင်းအစားထိုးရမည်-

          "၁၁။(ခ)        ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ သက်တမ်းသည် သုံးနှစ်ဖြစ်သည်။"

၉။      အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၁၂။   ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် တိုင်ကြားလာသည့် သို့မဟုတ် လက်ခံရရှိသည့် အငြင်းပွားမှု့အား ပြေငြိမ်းစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ သတ်မှတ် ကာလအတွင်း ဖျန်ဖြေဆောင်ရွက်ရမည်။"

၁၀။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ပုဒ်မ ၁၂ ၏ နောက်တွင် ပုဒ်မ ၁၂-က ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

"၁၂-က။   အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများ၊ ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အကျုံးမဝင်သည့် အငြင်းပွားမှု များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဦးစီးဌာနများ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး သို့ လျှောက်ထားနိုင်ရန် သက်ဆိုင်ရာ အလုပ်ရှင် အလုပ်သမားများထံသို့ အသိပေးရမည်။"

၁၁။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၁၃။   ဝန်ကြီးဌာနသည် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ခုံသမာဓိအဖွဲ့များ၊ ခုံကောင်စီ အဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းနှင့် ယင်းတို့ကို ပြင်ဆင်ခြင်း ကိစ္စရပ်များအား ဆောင်ရွက်ရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် အုပ်ချုပ်မှုဆိုင်ရာ ကူညီထောက်ပံ့မှုပေးရမည်။"  

၁၂။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၁၄။   မြန်မာနိုင်ငံအတွင်း တည်ထောင်ထားရှိသည့် အထူးစီးပွားရေးဇုန်တွင် အငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းရေးအတွက် သီးခြားဥပဒေပြဋ္ဌာန်းချက် မရှိလျှင် ဝန်ကြီးဌာနသည် ပုဒ်မ ၁၀ ပါအတိုင်း အထူးညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းရမည်။"

၁၃။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၁၆။(က)     ဝန်ကြီးဌာနသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင်  အငြင်ပွားမှု  ဖြေရှင်းရေး ခုံသမာဓိအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်-

                  (၁) သက်ဆိုင်ရာတိုင်းဒေသကြီး၊                            အဖွဲ့ဝင်

                                ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် 

                                အလုပ်ရှင်အဖွဲ့အစည်းများက

                                ရွေးချယ်သောပုဂ္ဂိုလ် ငါးဦး

(၂) သက်ဆိုင်ရာတိုင်းဒေသကြီး၊                            အဖွဲ့ဝင်

                                ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် 

                                အလုပ်သမားအဖွဲ့အစည်းများက

                                ရွေးချယ်သောပုဂ္ဂိုလ် ငါးဦး

(၃) ဝန်ကြီးဌာနကတာဝန်ပေးအပ်သော                   အဖွဲ့ဝင်

      တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

      အဆင့်ကိုယ်စားလှယ်ငါးဦးတို့ဖြင့်

      ဖွဲ့စည်းရမည်။

(၄) ထိုဖွဲ့စည်းပြီးသော ကိုယ်စားလှယ်များပါဝင်သည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဝင်များထဲမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး တို့ကို အဖွဲ့ဝင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။

(ခ)     ဝန်ကြီးဌာနသည် နေပြည်တော်အပါအဝင် ပြည်ထောင်စုနယ်မြေ တစ်ခုခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ရွေးချယ်တင်မြှောက်လိုက်သော ခုံသမာဓိအဖွဲ့ အမည်စာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့်ဖွဲ့စည်းနိုင်သည်။"

၁၄။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၇၊ပုဒ်မခွဲ(ခ)ကိုအောက်ပါ အတိုင်းအစားထိုးရမည်-

          " ၁၇။(ခ)     ခုံသမာဓိအဖွဲ့၏သက်တမ်းသည် သုံးနှစ်ဖြစ်သည်။"

၁၅။      အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၁၉။     ဝန်ကြီးဌာနသည် ဥပဒေရေးရာကျွမ်းကျင်သူများနှင့် အလုပ်သမားရေးရာ ကျွမ်းကျင်သူများထဲမှ ကိုယ်ကျင့်တရားကောင်းမွန်သည့်ပုဂ္ဂိုလ် ၁၅ ဦး ပါဝင် သော အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်-

               (က)  ဝန်ကြီးဌာနက ရွေးချယ်သော ပုဂ္ဂိုလ် ငါးဦး၊

(ခ)    နေပြည်တော်အပါအဝင် ပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ အလုပ်ရှင်အဖွဲ့ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် မြို့နယ်အဆင့် အလုပ်ရှင်အဖွဲ့အစည်းများက ပူးပေါင်း ရွေးချယ်သောပုဂ္ဂိုလ် ငါးဦး၊

(ဂ)    နေပြည်တော်အပါအဝင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် မြို့နယ်အဆင့် အလုပ်သမား အဖွဲ့အစည်းများက ပူးပေါင်း ရွေးချယ်သောပုဂ္ဂိုလ် ငါးဦး၊

(ဃ)  ထိုဖွဲ့စည်းပြီးသော ကိုယ်စားလှယ်များ ပါဝင်သည့် ခုံသမာဓိကောင်စီ ဝင်များထဲမှဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့ကိုအဖွဲ့ဝင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။"

၁၆။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ) ကို အောက်ပါ အတိုင်းအစားထိုးရမည်-

          " ၂၀။  (ခ)     ခုံသမာဓိကောင်စီ၏ သက်တမ်းသည် သုံးနှစ်ဖြစ်သည်။"

၁၇။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)ကိုအောက်ပါ အတိုင်းအစားထိုးရမည်-

"၂၁။   (ခ)     လက်ခံရရှိသည့်  အငြင်းပွားမှုအား  ကြားနာစစ်ဆေးရန် ပုဒ်မ  ၁၉ပါ ပုဂ္ဂိုလ်များအနက်မှ ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုစီမှ ပုဂ္ဂိုလ်တစ်ဦးစီ ပါဝင်သော သုံးဦးပါခုံအဖွဲ့ကို သတ်မှတ်ချက်နှင့်အညီ ဖွဲ့စည်းပေးခြင်း နှင့်စစ်ဆေးဆုံးဖြတ်စေခြင်း၊"

၁၈။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) ကို အောက်ပါ အတိုင်းအစားထိုးရမည်-

"၂၂။ (က)      ဝန်ကြီးဌာနသည် ခုံသမာဓိကောင်စီက ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများကို တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ သတ်မှတ် ရမည်။"

၁၉။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

" ၂၃။   ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ သို့မဟုတ် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ သည် အငြင်းပွားမှုများဖြေရှင်းရာတွင် တည်ဆဲအလုပ်သမားဥပဒေများမှ ပြဋ္ဌာန်း ချက်များအပေါ်တွင်သာ အဓိကထားစဉ်းစားဆုံးဖြတ်ရမည်။"

၂၀။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၂၄။    အငြင်းပွားမှုနှင့်စပ်လျဉ်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တစ်ဖက်ဖက်၏ တိုက်ကြားချက်အရ ဖြစ်စေ၊ ဝန်ကြီး၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အကြောင်းကြားချက် အရဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုအရဖြစ်စေ သိရှိသည့် သို့မဟုတ် လက်ခံ ရရှိသည့် အငြင်းပွားမှုကို သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် အောက်ပါ အတိုင်းဆောင်ရွက်ရမည်-

(က)    အငြင်းပွားမှုနှင့်စပ်လျဉ်း၍ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေပေးခြင်း၊

(ခ)     ပုဒ်မခွဲ(က)အရ ဖျန်ဖြေရာတွင် ပြေငြိမ်းမှုရရှိပါက ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ရှေ့မှောက်တွင် နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုစေခြင်း၊

(ဂ)     ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသည့် နှစ်ဖက် သဘောတူ စာချုပ်ဖောက်ဖျက်လျှင် ဦးစီးဌာနမှ တာဝန်ပေးအပ်သည့်အရာရှိက ဖောက်ဖျက်သည့်ဘက်ကို တရားစွဲရမည်။"

၂၁။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၅ တွင် ပါရှိသော "စုပေါင်းအငြင်းပွားမှုကို" ဆိုသည့်စကားရပ်ကို "အငြင်းပွားမှုကို" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၂။     အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၂၆။   ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် ဖျန်ဖြေရေးဆောင်ရွက်ရာတွင် ပြေငြိမ်းမှုမရသည့် အချက်များအပေါ် သုံးသပ်အကြံပြုချက်ပါဝင်သော အသေးစိတ် အစီရင်ခံစာ နှင့်အတူ အမှုတွဲအား တရားဝင် ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ ခုံသမာဓိ အဖွဲ့သို့ လွှဲပြောင်းပေးအပ်ရမည်။"

၂၃။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၂၇။   သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သည် ပုဒ်မ ၂၆ အရ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က လွှဲအပ်သော အငြင်းပွားမှုအား လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ဆုံးဖြတ်ချက်ပေးပို့ရမည်။ မရှိမဖြစ်လိုအပ် သည့် ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ဖြစ်ပါက ဝန်ကြီးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ မိတ္တူပေးပို့ရမည်။"

၂၄။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၂၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-

" ၂၈။    မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်မှ တစ်ပါး ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများ သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က)    ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက် အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူ တစ်ဖက်ဖက်မှ လျှောက်ထားခြင်း၊

(ခ)     အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းကို သက်ဆိုင်ရာ ဥပဒေ အရပြုလုပ်ခြင်း။"

၂၅။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ(က) ကို အောက်ပါ အတိုင်းအစားထိုးရမည်-

"၃၁။  (က)    ပုဒ်မ ၂၈၊ ပုဒ်မခွဲ(က) အရ လျှောက်ထားသည့် အငြင်းပွားမှုကို လက်ခံ ရရှိသည့်နေ့ရက်မှ ၁၄ ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်။"

၂၆။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၃၂။  (က)    ပုဒ်မ ၂၉ အရ လျှောက်ထားသည့်အငြင်းပွားမှုကို လက်ခံရရှိသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်။"

၂၇။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၃၃။    ခုံသမာဓိကောင်စီသည် ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က) အရ ခုံအဖွဲ့က ချမှတ်သော ဆုံးဖြတ်ချက် မိတ္တူကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ နေပြည်တော်အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များထံ ပေးပို့ရမည်။"

၂၈။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၄ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

"၃၄။   ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဖက်အငြင်းပွားသူများက သဘောတူလျှင် သို့မဟုတ် အငြင်းပွားသူတစ်ဖက်ဖက်က သတ်မှတ်ကာလအတွင်း ခုံသမာဓိ ကောင်စီသို့ တင်ပြလျှောက်ထားခြင်း မရှိလျှင် ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့မှစ၍ အတည်ဖြစ်သည်။"

၂၉။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၆ တွင် ပါရှိသော "သုံးလကျော်လွန်ပါက" ဆိုသည့်စကားရပ်ကို "  ရက်ပေါင်း၉၀ ကျော်လွန်ပါက" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃၀။   အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၈ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

"၃၈။   တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့သည် တောင်းဆို တိုင်ကြားချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ချိန်းဆိုသည့် နေ့ရက်၊ အချိန်တွင် ကာယကံရှင် အလုပ်ရှင်နှင့်အလုပ်သမားများကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ၊ တက်ရောက်ရန် ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ ပျက်ကွက်ခြင်း မရှိစေရ။"

၃၁။      အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၈ ၏ နောက်တွင် ပုဒ်မ ၃၈-က ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

"၃၈-က။      မည်သည့်အလုပ်ရှင်၊ အလုပ်သမားမျှ ပုဒ်မ ၃ ပါပြဋ္ဌာန်းချက်နှင့်အညီ ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန် ပျက်ကွက်ခြင်းမရှိစေရ။"

၃၂။      အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၃၉။   မည်သည့်အလုပ်ရှင်မျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံအဖွဲ့က အငြင်းပွားမှု စစ်ဆေးနေစဉ် ထိုအငြင်းပွားမှုမစမီ တစ်ဆက်တည်း အချိန်က ချမှတ် ထားသော အလုပ်သမားများနှင့်သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းများကို ယင်းအလုပ်သမားများ၏ အကျိုးထိခိုက်စေရန် ရုတ်တရက် ပြောင်းလဲခြင်း မပြုရ (သို့မဟုတ်) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ပိတ်ခြင်း မပြုရ။"

၃၃။      အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ပုဒ်မ ၃၉ ၏ နောက်တွင် ပုဒ်မ ၃၉-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

"၃၉-က။     မည်သည့်အလုပ်သမားမျှ အငြင်းပွားမှုဖြေရှင်းနေစဉ် ကုန်ထုတ်လုပ်မှု ကျဆင်းစေရန်ဆောင်ရွက်ခြင်းမပြုရ။"

၃၄။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၄၃။  မည်သူမျှအငြင်းပွားမှုနှင့်စပ်လျဉ်း၍ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက် တွင် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ပါ စည်းကမ်းချက်တစ်ခုခုကို လိုက်နာ ရန် သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခြင်း မရှိစေရ။" 

၃၅။      အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၅ ၏ နောက်တွင် ပုဒ်မ ၄၅-က ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

"၄၅-က။   မည်သူမျှ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်ကို ဖောက်ဖျက်ခြင်းမပြုရ။"

၃၆။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၄၆။   မည်သူမဆို ပုဒ်မ ၃၈ ၊ ပုဒ်မ ၃၈-က ၊ ပုဒ်မ ၃၉ ၊ ပုဒ်မ ၃၉- က ၊ နှင့် ပုဒ်မ ၄၅-က တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်ငါးသိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။"

၃၇။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၄၆ ၏ နောက်တွင် ပုဒ်မ ၄၆-က ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

"၄၆-က။    မည်သူမဆို ပုဒ်မ ၃၈၊ ပုဒ်မ၃၈-က၊ ပုဒ်မ ၃၉၊ပုဒ်မ ၃၉-က နှင့် ပုဒ်မ ၄၅-က တို့ပါ တားမြစ်ချက်ကို ထပ်မံကျူးလွန်ပါက ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ပျက်ကွက်သည့်ရက် တိုင်းအတွက် တစ်ရက်လျှင် ဒဏ်ငွေကျပ်တစ်သိန်း ချမှတ်ရမည်။"

 ၃၈။   အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၄၇။   မည်သူမဆို ပုဒ်မ ၄၁ နှင့် ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်လ ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်တစ်ဆယ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ  ချမှတ်နိုင်သည်။"

၃၉။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၄၈။   မည်သူမဆို ပုဒ်မ ၄၀၊ ပုဒ်မ ၄၄ ၊ပုဒ်မ ၄၅ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို  သုံးလ ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ကျပ်သိန်း နှစ်ဆယ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ  ချမှတ်နိုင်သည်။"

၄၀။   အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၈ ၏ နောက်တွင်    ပုဒ်မ ၄၈-က ကိုအောက်ပါအတိုင်း အစားထိုးရမည်-

"၄၈-က။   ပုဒ်မ ၃၇ ပါ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သူ မည်သူမဆို ပုဒ်မ ၄၃ နှင့် ပုဒ်မ ၄၃-က ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊  ငွေဒဏ်အနည်းဆုံး ကျပ်သိန်း တစ်ရာဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည့်အပြင် အလုပ်သမားရရန်ရှိသည့် ငွေကြေး အကျိုးခံစားခွင့် များကို  အလုပ်သမားအားပေးချေရန်  အမိန့်ချမှတ်ရမည်။"

၄၁။   အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၉ ၏ နောက်တွင်     ပုဒ်မ ၄၉-က ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

"၄၉-က။   သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့တွင် ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦးသည်  သတ်မှတ် ထားသည့် အရည်အချင်းပျက်ယွင်းကြောင်း စစ်ဆေးတွေ့ရှိပါက အဖွဲ့ဝင် အဖြစ်မှ ရပ်စဲခြင်းခံရမည်။ ရာဇသတ်ကြီးဆိုင်ရာ ကျူးလွန်မှု့ သုံးသပ် တွေ့ရှိပါက အရေးယူဆောင်ရွက်ရန် ဦးစီးဌာနမှ အရာရှိတစ်ဦးအား တာဝန်ပေးခန့်အပ်၍ တရားစွဲဆိုရမည်။"

၄၂။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၅၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-

" ၅၀။   ညှိနှိုင်းရေးကော်မတီ သို့မဟုတ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ သို့မဟုတ် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီတို့သည် သက်တမ်း မကုန်ဆုံးမီ တစ်လကြိုတင်၍ ရွေးချယ်တင်မြောက်ပွဲ ကျင်းပရမည်ဖြစ်ပြီး သက်တမ်းပြည့်သည့်နေ့တွင် ရွေးချယ်တင်မြောက်ခံရသော အဖွဲ့များကို တာဝန်လွှဲပြောင်း ပေးအပ်ရမည်။"

၄၃။    အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၀ ၏နောက်တွင်      ပုဒ်မ ၅၀-က  ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

" ၅၀-က။   ဤဥပဒေအရ အသစ်ပြန်လည်ဖွဲ့စည်းသော ညှိနှိုင်းရေးကော်မတီ၊ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့သည် သက်တမ်း ကုန်ဆုံးသည့် ညှိနှိုင်းရေးကော်မတီ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိ အဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ လုပ်ငန်းမပြီးပြတ်သော စုပေါင်းတောင်းဆို ဆွေးနွေးညှိနှိုင်းမှုနှင့် အငြင်းပွားမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။"

၄၄။    ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၁ ကို အောက်ပါ အတိုင်းအစားထိုးရမည်-

"၅၁။   အလုပ်ရှင်တစ်ဦးဦးသည် အငြင်းပွားမှုကို ဖြေရှင်းနေစဉ်အတွင်း လုံလောက် သောအကြောင်းမရှိဘဲ အလုပ်သမား၏ အကျိုးခံစားခွင့် လျော့နည်းစေရန် ပြုလုပ်မှု သို့မဟုတ်  ပျက်ကွက်မှုတစ်ခုခု ကျူးလွန်လျှင်  ခုံသမာဓိအဖွဲ့   သို့မဟုတ်   ခုံသမာဓိကောင်စီ၊ ခုံအဖွဲ့ကဆုံးဖြတ်သည့် ငွေကြေးခံစားခွင့်ကို အပြည့်အဝ ပေးဆောင်ရမည်။ ယင်းငွေကို ဝန်ကြီးဌာနက တာဝန်ပေးအပ်သည့် ဦးစီး ဌာနမှ အရာရှိက မြေခွန်မပြေကျန်ငွေကဲ့သို့ အရကောက်ခံရမည်။"

၄၅။   အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ပုဒ်မ ၅၁ ၏ နောက်တွင်       ပုဒ်မ ၅၁-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

"၅၁-က။   ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသည့် နှစ်ဖက် သဘောတူ စာချုပ်နှင့် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၊ ခုံအဖွဲ့တို့၏ ဆုံးဖြတ်ချက်များ အား လိုက်နာရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျင် သော်လည်းကောင်း၊ ငွေကြေးခံစားခွင့်ပေးရန် ပျက်ကွက်သောကာလ ရက်ပေါင်း သုံးဆယ် ကျော်လွန်လျှင်သော်လည်းကောင်း  သက်ဆိုင်ရာ ဦးစီးဌာန သို့မဟုတ် ဝန်ကြီးဌာနမှ တာဝန်ပေးသော အရာရှိက တရား စွဲဆိုရမည်။"

၄၆။    အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၄-က ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်