Share this

၁၁ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၇.၅.၂၀၁၉)

Monday, May 27, 2019 - 13:41
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်)

[ တနင်္လာနေ့ ]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုအစီရင်ခံစာအပေါ်အခြေခံသော အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြနိုင်ရန်ဟု လမ်းညွှန် ထားပါသဖြင့် ဝန်ထမ်းသစ်ခန့်ထားခွင့်ရရှိပါက စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းရုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့၏ မြို့တည်နန်းတည် လေးမျက်နှာဘုရားပုထိုးတော်ကြီး အတွင်းရှိ   ကျောက်ဆင်းတုတော်ဘုရားများ ဖျက်ဆီးခံရခြင်းကို ဖော်ထုတ်ဖမ်းဆီးအရေးယူ ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ နေ့၊ ည လုံခြုံရေးတာဝန်များကို ထပ်တိုး၍ တာဝန်ချထား ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ သာသနိကအဆောက်အအုံများရှိ နဝရူပဗျာလ် ရုပ်ထုများကို ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ လူသားမျိုးနွယ်တို့၏ နှုတ်မှုဆိုင်ရာ လက်ရာမွန်များနှင့် ဒြပ်မဲ့အမွေအနှစ်များ အား လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးကြည်မင်း  က သက်ဆိုင်ရာပြည်နယ် အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ များ၊ ပညာရှင်များ၏ စာရင်းကောက်ယူ တင်သွင်းလာမှုများတွင် ပါဝင်လာပါက အခြားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနည်းတူ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏        ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ ရှေးဟောင်းအဆောက်အအုံဖြစ်သည့် မြို့ရိုးနှင့် ကျုံးကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က အခိုင်အမာ အဆောက်အအုံများရှိနေခြင်း၊ ပါလျန်တံခါးနှင့် ယန်းခမ်းမြို့ရိုးကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖ များနှင့်အတူပူးပေါင်း၍ ထိန်းသိမ်းထားခြင်းတို့ကြောင့် လောလောဆယ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ကာကွယ်ထိန်းသိမ်းရန် အစီအစဉ် မရှိသေးကြောင်း၊ ထပ်မံကျူးကျော်နေထိုင်မှုများ၊ တိုးချဲ့တည်ဆောက်မှုများ မရှိ စေရန်နှင့် မြေပေါ်မြေအောက်တွင် ကျန်ရှိသည့်မြို့ရိုးနှင့် ကျုံးနေရာများထပ်မံ ပျက်စီးမှုမရှိစေရေး၊ ရေရှည်တည်တံ့ကြံ့ခိုင်အောင် ထိန်းသိမ်းနိုင်စေရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံများ၊ လက်ရှိနေထိုင်သူများအနေဖြင့် ပူးပေါင်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ KG သင်ရိုးနှင့် ကိုက်ညီသော ဂီတဆိုင်ရာအထောက်အကူပြုပစ္စည်းများ အပါအဝင် လိုအပ်သော သင်ထောက်ကူပစ္စည်းများအား လာမည့်ဘဏ္ဍာရေးနှစ်တွင် လုံလောက်စွာ ထောက်ပံ့ပေးရန်နှင့် KG ဆရာ/ဆရာမများ သီးသန့်ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သက်ဆိုင်ရာကျောင်းများ၏ အစီအစဉ်ဖြင့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဆိုင်ရာ ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ပါကြောင်းနှင့် (refilled) သင်ထောက်ကူပစ္စည်းများကို ဦးစားပေးအနေဖြင့် ထောက်ပံ့ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့အပြင် အခြား ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် တချို့တွင် “ နိုင်ငံရေးသိပ္ပံ” ပညာကို အထူးပြုဘာသာအဖြစ် သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က နိုင်ငံရေးသိပ္ပံပညာရှင်များ ၊ သင်ကြားရေးဆရာ၊ ဆရာမများ အလုံအလောက်မွေးထုတ်ပြီးမှ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် အခြား ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တချို့တွင် ဖွင့်လှစ် ပေးနိုင်ခြင်းအစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြား သည်။

(ဆ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့ တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မြေနေရာ အတည်ပြုသတ်မှတ်ပြီးပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဇ)ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့၊ မဲသမူကျေးရွာအုပ်စု၊ ကရီးဖိုးကွီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် (၁၂၀' x ၃၀')RC တစ်ထပ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ခွင့်ပြုချက် ရရှိပါက  ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဈ)ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် မူလတန်းပြ (နေ့စားလပေး) လျှောက်လွှာခေါ်ယူပြီး မြို့နယ်အတွင်းရှိ နဝမတန်းအောင်၊ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဘွဲ့ရများ(၃၅၀၀)ကျော် လျှောက်ထားဖြေဆို ခဲ့ကြသော်လည်း (၂၀-၂-၂၀၁၉)ရက်နေ့အထိ ခန့်ထားခြင်းမရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မတိုင်မီ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာဦးစီးဌာနအနေဖြင့် သင်ကြားရေးအထောက်အကူပြု (နေ့စားလစာပေး) များအဖြစ် ခန့်ထားရေးကို အမှန်လိုအပ်မှုအရ စိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ည)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင် အခြေခံပညာမူလတန်း(လွန်) ကျောင်းရှိ အန္တရာယ်ရှိအဆောက်အအုံအား ဖျက်သိမ်း၍ (၉၀' x ၃၀') RC နှစ်ထပ်ဆောင်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခေါင်းစဉ် အောက်မှ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ် ပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် ၂၀၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းတို့ကို  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး ယင်းဥပဒေကြမ်း တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

၄။ အစည်းအဝေးကို ၁၁:၅၈ နာရီအချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၈-၅-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်