Share this

၁၁ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၆.၃.၂၀၂၀)

Friday, March 6, 2020 - 15:04
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာကို တရားဝင်အမည်ပေါက် ကျေးရွာ ဖြစ်စေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က လတ်တလောအခြေအနေအရ တိုင်းရင်းသားကျေးရွာများ အသစ် တည်ဆောက်နေရခြင်း၊ ကျေးရွာနေရာ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပြီးပါက တရားဝင် အမည်ပေါက် ကျေးရွာများဖြစ်စေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အား ကိုယ်စားရှင်းလင်းဖြေကြားသည်။

(ခ)ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော (OSS)ရုံးများအား အများပြည်သူအသုံးများသော နေရာများတွင် ဖွင့်လှစ်ရန်နှင့် (OSS)လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်စေရန် မည်သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ပြည်သူ့ ဝန်ဆောင်မှုရုံးအများစုအား  လက်ရှိအခြေအနေတွင် အများစုဝင်ထွက်သွားလာရ လွယ်ကူသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများအတွင်းနှင့် အချို့မြို့နယ် များတွင် မြို့နယ်စုပေါင်းရုံးများ၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းလမ်းညွှန်စာအုပ် ထုတ်ဝေပြီးပါက  ယင်းစာအုပ်၏ သတင်း အချက်အလက်များကို ပြည်သူများအကြား အလျင်အမြန်ရောက်ရှိ၍ ဝန်ဆောင် မှုများပေးနိုင်စေရန် လက်ကိုင်ဖုန်းထဲမှတစ်ဆင့် အချက်အလက်များ လွယ်ကူ လျင်မြန်စွာ သိရှိနိုင်ရန်အတွက် Mobile Phone Application ဖြင့် ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ ယခုထက်ပိုမိုအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

  (ဂ) နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၏ သာမိုးတောင်ကျေးရွာ အုပ်စုအတွင်းရှိ ကပ်ပယ်ကျေးရွာနှင့် ထမုံကျေးရွာအုပ်စုအတွင်းရှိ ခပေါင်းပင် ကျေးရွာ (ဒေသအခေါ်အဝေါ် ထမုံဥယျာဉ်ကျေးရွာ)နှစ်ရွာကို ၂၀၁၈ ခုနှစ် ပြည်ထဲရေးမှတ်တမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၏ ကျွဲရိုင်းပြင် ကျေးရွာအုပ်စုသို့ ဖွဲ့စည်းထည့်သွင်းခြင်းအား ပြန်လည်ပြင်ဆင်သတ်မှတ်ပေးနိုင် ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သော မြို့နယ်အတွင်းနေထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထား ရယူခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်ထောက်ခံချက်၊ လွှတ်တော်အဆင့်ဆင့်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲ သဘောတူညီချက်စသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၃)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်း(မုံရွာ)အား လက်ပတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း လုပ်ဆောင်ရန်အတွက် လယ်မြေနှင့်ယာမြေ၊ မြေငှားရမ်းခနှုန်းထား များအား  ပြင်ဆင်တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က စီမံကိန်းအတွက် မြေငှားရမ်းခများကို နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ထားသော နှုန်းထားများအတိုင်း နှစ်စဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အတိအကျပေးသွင်းလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယနေ့တိုင် မြေယာ၊ သီးနှံလျော်ကြေး ထုတ်ယူခြင်းမရှိသေးသော တောင်သူများအား ယနေ့ ဖြစ်ပေါ်နေသော ကာလပေါက်ဈေးဖြင့် ပေးလျော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော တစ်ဧကဈေးနှုန်းဖြင့် ပေးလျော်နိုင်ခြင်း မရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(စ)စောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ဘားအံမြို့နယ်၊ လှာကာ ကျေးရွာအုပ်စုအနီးရှိ ကျေးရွာတချို့တွင် ရေတွင်းရေကန်နှင့် အင်းအိုင်များ၌ သောက်သုံးရေများ အမည်းရောင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ယခုနှစ်မိုးရာသီ မုတ်သုံဆုတ်ခွာမှုစောသဖြင့် ရေနည်းသွားပြီး အရွက် ဖက်ပုပ်များနှင့် အနည်အမှုန်များပါဝင်နေမှုကြောင့် သဘာဝဖြစ်စဉ် အတိုင်းသာ ဖြစ်နိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဆ)ဦးစိုင်းအုန်းကျော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ လယ်ဧက (၉၀၀)ကျော်အား ရေပေးဝေနေသော ဗမုံဆည် မြောင်းမကြီး မြောင်းပေါင်အား ဖောက်ထုတ်ပြီး (အခြေချ)စစ်ဗျူဟာမှ ငါးကန် ၂ ကန်အတွင်းသို့ ရေများ သွယ်ယူနေခြင်းအား တားဆီးပိတ်ပင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ရေပေးဝေသည့် မြောင်းပေါင်အား ဖောက်ချအသုံးပြုခြင်းမဟုတ်ဘဲ လိုအပ်သည့် ရေပမာဏရရှိရန် အဖွင့်အပိတ်စနစ်ဖြင့် သွယ်ယူအသုံးပြုခြင်း၊ တောင်ကိုင်း ကျေးရွာအုပ်စုအနေဖြင့် စိုက်ပျိုးရာသီတွင် မိုးစပါး လျာထားဧကများအတိုင်း ထိခိုက်မှုမရှိဘဲ စိုက်ပျိုးနိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဇ)ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ နယ်မြေခံ ခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသော မြေတချို့ကို ပြန်လည် စွန့်လွှတ် ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်ထဲရေးဝန်ကြီးဌာန၏ တပ်မြေသိမ်းဆည်းရေး ခွင့်ပြုမိန့်များရရှိပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှ အလွယ်တကူဝင်ရောက်သွားလာပါက တပ်ရင်းဌာနချုပ်လုံခြုံရေးအား ထိခိုက် နိုင်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြား သည်။

(ဈ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တိုင်ဝကျေးရွာအုပ်စုနှင့် တွီကင်းဝကျေးရွာ အုပ်စုကြားရှိ ပါးဝ - ရိန်းရောင်း - ဟားလာဝ - ကန့်လာဝ - တွီကင်းဝ ကျေးရွာ ချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသဖြင့် အဆိုပါလမ်းပိုင်းအား ကျေးလက်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက် နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည် ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ည)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ မာရာတောင်ကြောရှိ ကျေးရွာအုပ်စု(၃)စု၏ ကျေးရွာချင်းဆက် လမ်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ဖောက်လုပ်ရန်ကျန်ရှိနေသောလမ်း များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဋ)ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးရွာများအား မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားရရှိမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း  က  ၁၁ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း (၁၇.၉) မိုင်၊ ၁၁/၀.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ (၆)လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၆)မိုင် တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဌ) ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်ရှိ မဏိပူရ်မြစ် ရေအားလျှပ်စစ်စီမံကိန်းအား BOT စနစ်ဖြင့် ချင်းပြည်သူများ၏ လျှပ်စစ်ဖူလုံရေး နှင့်ဒေသဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ သဘာဝသစ်တော ပြုန်းတီးခြင်းမှ ကာကွယ်ခြင်းတစ်ခုဖြစ်၍လည်းကောင်း၊ နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို အချိန်တိုအတွင်း ရရှိရန်ဖြစ်ခြင်း ကြောင့်လည်းကောင်း ပြန်လည်အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ဘူမိဗေဒအခြေအနေနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအပေါ် အသေးစိတ် လေ့လာသုံးသပ်မှုများအရ ‌ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်ကို လိုက်နာ၍ စီမံကိန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ဍ)ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့မှ ၈၆ မိုင် ကွာဝေးသော ဂန့်ဂေါမြို့ဓာတ်အားခွဲစက်ရုံမှ မတူပီမြို့နယ်၊ ရေဇွာမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းပေးဝေခြင်းပြုမည့်အစား ဟားခါးမှ မိုင် ၆၀ အကွာ၌ရှိသော လေအွမ်(ခ)ဓာတ်အားခွဲရုံမှ မိုင် ၄၀ ခန့်ဝေးသော ဆူရ်ခွါးမြို့သို့ အရင်သွယ်တန်းပေးဝေပြီးမှ ရေဇွာမြို့(ဆူရ်ခွါးမှ ၅၃ မိုင်)သို့ လည်းကောင်း၊ ထန်တလန်မြို့နယ် နှာရိန်မြို့ (ဆူရ်ခွါးမှ ၅၁ မိုင်)သို့လည်းကောင်း သွယ်တန်း ပေးဝေပါက နိုင်ငံတော်အတွက် ကုန်ကျစရိတ်အမြောက်အမြား သက်သာမည် ဖြစ်ပါသဖြင့် ထိုသို့ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က   ဓာတ်အားစနစ် တိုးတက်ကောင်းမွန်စေရေးအတွက် ထန်တလန်မြို့တွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဓာတ်အားခွဲရုံပစ္စည်းများအား တင်ဒါခေါ်ဝယ်ယူထားပြီး ဟားခါးမှ ထန်တလန်သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၁၄.၅)မိုင် တည်ဆောက် ခြင်းလုပ်ငန်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား၍ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှာရိန်မြို့အပါအဝင် ဝေါင်သူး၊ ကြောင်ထီးယား၊ ဖာရွန်း၊ ဘုံတလန်၊ လုံလဲရ်နှင့် ဟရိန်းခန်းကျေးရွာများသို့  ထန်တလန်မှ ၃၃ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်း များဆောင်ရွက်ပြီး ပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက် ထန်တလန်ဓာတ်အားခွဲရုံတွင် ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ ထရန်စဖော်မာ (၁)လုံး၊ ၃၃ ကေဗွီ ထန်တလန်-နှာရိန် ဓာတ်အားလိုင်း (၃၈)မိုင်နှင့် နှာရိန်မြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် စီမံချက်ရေးဆွဲထားပြီး ဆူးခွာရ်မှ နှာရိန်သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်၍ ဓာတ်အားချိတ်ဆက်ရယူခြင်းမပြုဘဲ ထန်တလန် ဓာတ်အားခွဲရုံ မှ ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့်သာ ဓာတ်အား ချိတ်ဆက်ရယူသွားရန် သင့်လျော်ကြောင်း ရှင်းလင်းဖြေကြားသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြပြီး ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

လွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

နည်းဥပဒေ ဆွေးနွေးခြင်း

၅။ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ များနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို  ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို  ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို  ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား လွှတ်တော်သို့ အသိပေး တင်ပြပြီး ယင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆို တင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၇။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်း များကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကို လျော့နည်းစေရန်အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သော အီသနော(ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate) ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ် ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း အဆို တင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌက ယင်း အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

၈။ အစည်းအဝေးကို ၁၃:၀၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်