ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်
( ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် )
[ အင်္ဂါနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -
(က) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ကမ္ဘာတစ်ဝန်း တိုးပွားလာသော ဝက်သက်ရောဂါကို မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါအသွင် ဖြစ်ပွားမလာအောင် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝက်သက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အထူး အလေးပေး၍ (၉၅)ရာခိုင်နှုန်းကျော် လွှမ်းခြုံမှုရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းအင်အားဖြင့် ဆောင်ရွက်ရရှိနိုင်မည်မဟုတ်သဖြင့် အစိုးရအဖွဲ့နှင့်နှှီးနွယ်သော ဝန်ကြီးဌာန အသီးသီးမှ စေတနာ့ဝန်ထမ်းများပါဝင်မှုနှင့် ကလေးတစ်ဦးမှ ကာကွယ်ဆေး ထိုးနှံမှု မကျန်ရှိစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး နိုင်ငံအတွင်းရှိ ကလေးများ အားလုံး ဝက်သက်ရောဂါမှကင်းဝေးစေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ)ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်သူများကို ပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှုပေးရန်အတွက် နိုင်ငံတော်အဆင့် မူဝါဒချမှတ် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးဝန်ထမ်း များအား လျာထားဦးရေအတိုင်း အစိုးရအလုပ်ခွင်ဝင်ရောက်နိုင်ရန် ခန့်ထားပြီး ဝန်ထမ်းများ အလုပ်မှပြန်မထွက်သွားစေရန် လုပ်ငန်းခွင်လုံခြုံမှုနှင့် ပျော်ပိုက်မှု ရှိရန်၊ လူနာများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာတွင် လုံခြုံစိတ်ချမှုရှိရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ “မြန်မာနိုင်ငံကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁)” Myanmar Human Resources for Health Strategy (2018-2021)ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဂ)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ Consultant အတိုင်ပင်ခံအဆင့် အထူးကုဆရာဝန်များအား တိကျရှင်းလင်းသော တာဝန် ခွဲဝေမှုပေးနိုင်ရန် လိုအပ်သော ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူ့ဆေးရုံများ၌ ဆေးရုံ အခြေပြုကုသရေးလုပ်ငန်းများကို စနစ်တကျနှင့် တစ်ပြေးညီဆောင်ရွက်နိုင်ကြ စေရန်ရည်ရွယ်၍ ဆေးရုံစီမံခန့်ခွဲမှုလက်စွဲ (Hospital Management Manual) စာအုပ်ပါ တာဝန်ဝတ္တရားများကဏ္ဍ၌ “မိမိလူနာခန်းတွင် တာဝန်ကျရောက်လာသော ဆရာဝန်များအား ကုသရေးနှင့် အခြားသင့်တော်သည့်တာဝန်များကို လိုအပ်သလို ခွဲဝေသတ်မှတ်ပေးရမည်”ဟု ဖော်ပြထားကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၆-၆-၂၀၁၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၃၇/၂၀၁၉)ပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ မြစ်ရေဝင်အရပ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောင်ခြေဒေသရှိ ကျေးရွာအချို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များ ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ (၆-၆-၂၀၁၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၃၇/၂၀၁၉)ပါ သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်း၊ တိုးချဲ့ပြင်ဆင်ခြင်း၊ လျှော့ချ ပြင်ဆင်ခြင်းများနှင့်ပတ်သက်၍ အချက်အလက်များ ပြည့်စုံစွာပါရှိရေး ညှိနှိုင်း အကြောင်းကြားခဲ့ပြီး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လေကန်းကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက် ကျန်းမာရေးဌာနအဖြစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၆-၆-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၃၇/၂၀၁၉)ပါ သတ်မှတ်ချက် များနှင့်အညီ စိစစ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးစီက အသီးသီး ဆွေးနွေးသည်။
အဆို ဆွေးနွေးခြင်း
၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း ၏ ရှေးအစဉ်အဆက် အသုံးပြု ခဲ့သော ကျေးလက်နေပြည်သူများ ထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်း သိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန် အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင် ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ဆွေးနွေးသည်။
၅။ အစည်းအဝေးကို ၁၃:၀၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၂၂-၈-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်