Share this

၁၂ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၈.၅.၂၀၁၉)

Tuesday, May 28, 2019 - 13:32
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်)

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ အိုက္ကား-လုံသာရ်ကျေးရွာချင်းဆက် ကားလမ်း(၁၂)မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က တာဝန်ရှိသူများပူးပေါင်း၍ လမ်းအူကြောင်းရှာဖွေခြင်း၊ အကွာအဝေးမိုင်တိုင်းတာ ခြင်းများကို ကွင်းဆင်းစစ်ဆေး တင်ပြချက်အပေါ်မူတည်၍ ဒေသအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးဖြစ်ထွန်းကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံတင်ပြလာပါက နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းများ အစဉ်အလိုက် လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး ခရိုင်၊ ဟားခါးမြို့နယ်အတွင်းရှိ သီလာခ့် (Tilak) ကျေးရွာနှင့် ချောန်ကျွမ်း (Chawncum)ကျေးရွာတို့ကြားရှိ ကျေးရွာချင်းဆက်ကားလမ်းကို လမ်းတာ ချဲ့ထွင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ကတာဝန်ရှိသူများ ပူးပေါင်း၍ ဒေသအတွက် အကျိုးပြုမှု၊ လမ်းတာချဲ့မည့် လမ်းအူကြောင်း၊ မိုင်အကွာအဝေး တို့ကို ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့တို့မှ သဘောထားထောက်ခံချက်များဖြင့် စိစစ်တင်ပြလာပါက ပြည်ထောင်စု (သို့မဟုတ်)ပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်းတွင် ရန်ပုံငွေ ဝင်ဆံ့မှုအပေါ်မူတည်ပြီး လုပ်ငန်းဦးစားပေးအစီအစဉ်အရ အပိုင်းလိုက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ တလွန်ရမ်း(ခ)စာကျက်ကျေးရွာမှ ဝေါင်သူးကျေးရွာ၊ ဇဲဖိုင်(က)ကျေးရွာမှ စာကျက်ကျေးရွာ၊ ဇဲဖိုင်(ခ)ကျေးရွာမှ ငါလန်ကျေးရွာ၊ ဟရီဖီး(ခ)ကျေးရွာမှ ဇာဘုန်ကျေးရွာ၊ အိုင်ဘူရ်းကျေးရွာမှ လုံကျွဲသဲကျေးရွာ၊ ဟရီဖီး(ခ)ကျေးရွာမှ ဝမ်ကွားကျေးရွာကြား ကျေးရွာချင်းဆက်လမ်းများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝေါင်သူးမှ စာကျက်ကြား လမ်းတာချဲ့ခြင်း လုပ်ငန်းအားရန်ပုံငွေတင်ပြထားပြီး ဇဲဖိုင်(ခ)ကျေးရွာနှင့် ငါလန်ကျေးရွာအကြား လောင်တလန်-ငါလန်းလမ်းခွဲမှ ဇဲဖိုင်(ခ)ကျေးရွာအထိ မြေသားလမ်းဖောက် လုပ်ခြင်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်နယ်)ရန်ပုံငွေနှင့် ကျန်လမ်းပိုင်း လမ်းတာချဲ့ခြင်း လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် လည်းကောင်း၊ ဇာဘုန်- ဟရီဖီး(ခ)အကြား လမ်းသစ်ဖောက်ခြင်းနှင့်လမ်းတာချဲ့ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်အစီအစဉ်မရှိသေးကြောင်း၊ ကျန်ရှိ သည့် လမ်းပိုင်းများအား  လမ်းအူကြောင်းရှာဖွေခြင်း ၊ လမ်းအရှည်မိုင် တိုင်းတာ ခြင်းနှင့်  အကျိုးပြုမည့် ကျေးရွာ၊အိမ်ခြေ၊ လူဦးရေစာရင်းကောက်ခံခြင်းတို့ ဆောင်ရွက်ရန်နှင့်  ဒေသအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးဖြစ်ထွန်း ကြောင်း သက်ဆိုင်ရာကျေးရွာ၊မြို့နယ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံ တင်ပြလာပါက ပြည်ထောင်စု(သို့မဟုတ်)ပြည်နယ် ရန်ပုံငွေဖြင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးလုပ်ငန်းများ အပိုင်းလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ တွီကင်းအလောင်းကျေးရွာမှ အိုရင်ဝကျေးရွာ၊ တလစာဝကျေးရွာ၊ ယီးလာဝကျေးရွာ၊ ဦးရှိန်ဝကျေးရွာ၊ ဒုံးလက်ဝကျေးရွာ၊ ဒလက်မေချောင်းဝအထိ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က မြေပြင်ကွင်းဆင်းစိစစ်ပေးနိုင်ခြင်းမရှိသဖြင့် လတ်တလောဆောင်ရွက်ပေးနိုင် ခြင်းမရှိကြောင်း၊ နယ်မြေအေးချမ်းလာချိန်တွင် လုပ်ငန်းလိုအပ်ချက်နှင့် ဆောင်ရွက်ပေးသင့်သည့် လမ်းအရှည်မိုင်တို့ကို စနစ်တကျကွင်းဆင်းစစ်ဆေးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ  ရန်ပုံငွေတင်ပြလာပါက ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ် ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(င)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်တွင် ညောင်လေးပင်လမ်းခွဲမှ ကတိုက်ကလေး- တောကြီး မြေနီလမ်းအား ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း၊ သတ်မှတ်လမ်းအကျယ်ရရှိ အောင် အသေးစိတ်ကွင်းဆင်းလေ့လာစိစစ်ညှိနှိုင်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန်လိုအပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြချက်အပေါ်လေ့လာစိစစ်၍ မြေယာကိစ္စများ ပြီးပြတ်အောင်ဆောင်ရွက်ပြီးကြောင်း ဒေသအတွက် အကျိုးရှိ ထိရောက်မှု ဦးစားပေးအဆင့် သတ်မှတ်ချက်နှင့်အတူ လိုအပ်သလို ရန်ပုံငွေ တင်ပြလာပါက ပြည်ထောင်စု(သို့မဟုတ်)ပြည်နယ် ရန်ပုံငွေဖြင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ်မူတည်ပြီး ဦးစားပေးလုပ်ငန်းများ အစဉ်အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(စ)ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ကျေးရွာအနီး ပန်းလောင်မြစ်ကူး သံကူကွန်ကရစ် တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းအဆင့် သတ်မှတ်ချက် Class(B) ဦးစားပေးအဆင့်(၃)တွင်ပါဝင်သဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်း လျားထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ဆ) ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စု၊ ကျေးရွာချင်းဆက်လမ်း ရှိ နန့်သဘက်ချောင်းနှင့် နမ္မတီးချောင်းဆုံရာချောင်းတွင် တည်ဆောက်ထား သော ယာယီချောင်းကူးတံတားအစား ရာသီမရွေးသွားလာနိုင်သော သံကူ ကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တံတားဒီဇိုင်းအား ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တံတားပုံထုတ်အဖွဲ့တို့မှ ဦးစွာပဏာမ ကွင်းဆင်း တိုင်းတာစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဇ)ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တောင်ဘက်ရှိ ကန္တလီကျေးရွာသို့ ဖြတ်ကူး ရသော ဘော်ဘင်ချောင်းကူး ကြိုးတံတားအား (၁၀)တန်ဝန်ခံ ခိုင်ခန့်သည့် သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြောင်းလဲတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် က လယ်ယာမြေနှင့်အဆောက်အဦပိုင်ဆိုင်သူများထံမှ အသုံးပြုခွင့်ပေးပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းရှင်းလင်းဖြေကြားသည်။

(ဈ)ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများ ဘတ်ဂျက်နှစ်စပြီး ၅လ/၆လကြာသည့်တိုင် မည်သည့်အတွက်ကြောင့် စတင်နိုင်ခြင်း မရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ကြန့်ကြာမှုမရှိစေရေးအတွက် လိုအပ်သောအချက်အလက်များ ပြည့်စုံမှသာ စနစ်တကျ တင်ဒါခေါ်ယူသင့် ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ ငွေလုံးငွေရင်းဘတ်ဂျက်ထဲတွင် ထည့်သွင်းလျာထားလိုသော တည်ဆောက်ရေး လုပ်ငန်းများကို ကြိုတင်လေ့လာဆန်းစစ်ခြင်း၊ ပုံထုတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်း ရေးဆွဲခြင်းများကို ဘဏ္ဍာနှစ်မရောက်မီကြိုတင်၍ တင်ပြတောင်းခံကြရန် လိုက်နာ ဆောင်ရွက်ရေးဖြန့်ဝေထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၃။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း (ဥပဒေကြမ်းကော်မတီဝင်) က ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

 ၄။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းရာ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။ 

၅။ အစည်းအဝေးကို ၁၁:၁၆ နာရီအချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၃၀-၅-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်