Share this

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၂.၈.၂၀၁၉)

Thursday, August 22, 2019 - 13:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်

( ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့မှ လိုင်လင်းပီမြို့သို့ ဆက်သွယ်ထားသော မတူပီ-လိုင်လင်းပီ လမ်းပိုင်း တွင် ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိနေသော တန်ကူ - ဆုံဆင်း - တင်နမ်- အာရု (၂၆)မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က တန်ကူမှ စရောင်းဗားချောင်းအထိ (၂)မိုင်အား လမ်းအူကြောင်းပြောင်း၍ လမ်းသစ်ဖောက်လုပ်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဦးစီးဌာန၏ ပြည်နယ်ရန်ပုံငွေတွင် လျာထားပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျန်လမ်းပိုင်းအား ဆက်လက်ဖောက်လုပ်ပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက် ဖြင့် တင်ပြလာပါက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တတိယ(၅)နှစ်စီမံကိန်း လျာထားချက်တွင် လုပ်ငန်းဦးစားပေး အစီအစဉ်ဖြင့် အပိုင်းလိုက်လျာထား ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်ကြား နန်းသလိတ် ချောင်းကူးတံတားအား မြို့နယ်ချင်းဆက်တံတားအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က မြေပြင်ကွင်းဆင်းတိုင်းတာ ချက်အရ အရှည်ပေ(၄၀၀)ခန့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာအခြေအနေအရ  ပေ(၁၈၀) နှင့်အထက် ကွန်ကရစ်တံတားများကို  ဆောင်ရွက်ပေးခြင်းမရှိကြောင်း ရှင်းလင်းဖြေကြား သည်။

(ဂ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ရှင်းလက်ဝကျေးရွာအုပ်စု၊ ဆင်အိုးဝကျေးရွာအုပ်စုနှင့် ပတိန်တလန် ကျေးရွာအုပ်စုတို့ကြား ဖောက်လုပ်ထားသော မြေသားလမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လတ်တလော တွင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ ဒေသအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း စိစစ်ထောက်ခံတင်ပြလာပါက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်များတွင် လမ်းအပိုင်းလိုက် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ရှိ ကျေးရွာများအတွက် သဖန်းဆိပ် (ကင်းတားဆည်)မှ လွှတ်ပေးသော လင်္ကျာတူးမြောင်းကြီးသည် (၁၄)နှစ်ကြာသည်အထိ မြောင်းရေမလာ သောကြောင့် မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က သတ်မှတ်ထားသည့် ရေလှည့်ဇယားအတိုင်းတိကျစွာလိုက်နာပြီး ညီညွတ်မျှတစွာဖြင့် စိုက်ပျိုးရေရယူစေရန်၊ တောင်သူများအနေဖြင့် ကွက်ဆင့် သောက်စနစ်ဖြင့် ရေယူခြင်းမပြုဘဲ လယ်ကြားမြောင်းများ ဖောက်လုပ်၍ စနစ်တကျ စိုက်ပျိုးရေရယူစေရန် စည်းရုံးဆွေးနွေးပြီး အထူးအလေးထား      စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကင်းတပ်လက်ယာ မြောင်းမကြီးနှင့် အရာတော်တိုးချဲ့မြောင်း အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဂျပန် ODA ချေးငွေ ဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ထည့်သွင်း လျာထားပြီးဖြစ်၍ နှစ်အလိုက် လုပ်ငန်းများစီမံဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

(င) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ အမှတ်(၁)ရပ်ကွက်အတွက် စိမ့်စမ်းရေသွယ်ယူပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြို့ရေပေးရေးလုပ်ငန်းဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်း ကုန်ကျစရိတ် များအား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေများမှ  ကျခံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရန် ဖြစ်နိုင်ချေ ရှိ/မရှိ (Feasibility Survey)တိုင်းတာခြင်း၊ နည်းပညာအကူအညီပေးခြင်းများကို ကူညီဆောင်ရွက် ပေးမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် လျာထားနိုင်ခြင်းမရှိခဲ့ပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေတင်ပြတောင်းခံ၍ ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနတို့မှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော တမံကြီးများကို အန္တရာယ်ကင်း လုံခြုံစိတ်ချရစေရေး မည်ကဲ့သို့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဌာနမှသတ်မှတ်ပြဋ္ဌာန်း ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထားပြီး စီမံဆောင်ရွက် လျက်ရှိသည့်အပြင် ရေလှောင်တမံများ ကြံ့ခိုင်မှုအခြေအနေကို ထိခိုက်စေနိုင် သောအကြောင်းအရာများ၊ အားနည်းချက်များကို လေ့လာဖော်ထုတ်ပြီး ရေတိုရေရှည် လုပ်ငန်းစဉ်များ ပိုင်းခြားသတ်မှတ်၍ လျာထားစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေးဆွဲဆောင်ရွက်ထား သည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်လုပ်ငန်းစဉ်များအတိုင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့်အတူ ပေါင်းစပ် ညှိနှိုင်း၍ ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး (ဥပဒေကြမ်းကော်မတီဝင်)က သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

 ၅။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က အဆိုပါ ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းရာ  လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆို ဆွေးနွေးခြင်း

 ၆။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း ၏ ရှေးအစဉ်အဆက် အသုံးပြု ခဲ့သော ကျေးလက်နေ ပြည်သူများထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန် အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင် ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးသည်။

၇။ အစည်းအဝေးကို ၁၂:၄၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို ၂၇-၈-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်