Share this

၁၃ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၉.၈.၂၀၁၈)

Wednesday, August 29, 2018 - 13:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် )

[ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -

     (က)  ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအုပ်စု ကွင်းအမှတ် (၇၈၄ - က) ပုံတောင်ကွင်းနှင့် (၇၈၇) ပုံတောင်မြောက်ကွင်းရှိ လယ်ယာမြေများအား အမှတ်(၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ထားမှုနှင့် လမ်းမတော်၊ ညောင်ပင်လှ၊ ပိန္နဲချောင်းကျေးရွာ၊ ကွင်းအမှတ် (၇၈၆-က)၊ (၇၈၆-ခ)၊ (၇၈၇) ကျောက်တော်တောင်ကွင်းနှင့် ပုံတောင် တောင်ကွင်းမှ ခမရ(၃၇၅) တပ်မြေအဖြစ် သိမ်းယူခဲ့သည့် လယ်ယာမြေ များနှင့် ဥယျာဉ်ခြံမြေများထဲမှ ပိုလျှံမြေ၊ စစ်တပ်နှင့် တစ်ဆက်တစ်စပ်တည်း မရှိသောမြေများကို ပြန်လည်စွန့်လွှတ်ပေးရန်နှင့် မစွန့်လွှတ်နိုင်သည့် မြေယာများကို လျော်ကြေးငွေ ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ တပ်မြေနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ မြေပေးမိန့်များရရှိပြီးဖြစ်ခြင်း၊ ဦးပိုင်ပေါက်လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ပြီးဖြစ်ခြင်း၊ အနာဂတ်တွင် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်ရန်ရှိခြင်း၊ လုံခြုံရေးအရ အရေးကြီးမြေနေရာများဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်းနှင့် သိမ်းဆည်းမြေများအတွက် လျော်ကြေးငွေများ ပေးလျော်ပြီးဖြစ်ပါသဖြင့် လျော်ကြေးငွေပေးလျော် နိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။

    ( ခ )   ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာတွင် သောက်သုံးရေသန့်ရရှိရေး အတွက်၂၀၁၈ - ၂၀၁၉ သို့မဟုတ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က  ကျေးရွာနှင့် (၄/၄)မိုင်ခန့်ကွာဝေးသော စိမ့်စမ်းရေထွက်အသစ်မှ ရေသွယ်ယူရမည်ဖြစ်ပြီး စိမ့်စမ်းရေထွက်များဖြစ်နိုင်ခြေ ရှိ/မရှိ၊ (Feasibility Survey) ပြုလုပ်သင့်သည့်ကာလ ၂၀၁၉ ခုနှစ်၊ မတ်လ၊ ဧပြီလ၊ မေလ များတွင် ကွင်းဆင်း တိုင်းတာမှုပြုလုပ်၍ စိမ့်စမ်းရေထွက်များမှ ရေရယူရန် ဖြစ်နိုင်ခြေရှိပါက ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

     ( ဂ )  နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြစ်မှုကျူးလွန်ခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကာအကွယ်ပေးခြင်း အစီအမံများကို ပြန်လည်စိစစ်၍ လက်တွေ့အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသာဌေးက ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်ရသည့် ကလေးသူငယ်တရားရုံးနှင့် မြို့နယ်တရားရုံးအသီးသီးသည် လက်တွေ့အမှုစစ်ဆေးစီရင်ရာတွင် ကလေးသူငယ်များအတွက် ဥပဒေပါအခွင့်အရေးများကို အပြည့်အဝရရှိစေရန် ဆောင်ရွက်လျက်ရှိသောကြောင့် ကလေးသူငယ်သက်သေများကို အကာအကွယ်ပေးခြင်း ပြန်လည်စိစစ်ရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း           

 ၃။         နန်းနီနီအေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။         ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်)က ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း  ကော်မတီ၏    အစီရင်ခံစာကို   ဖတ်ကြားရှင်းလင်းပြီး  ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆိုဆွေးနွေးခြင်း

၅။          ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံတွင် လယ်ယာ ဥယျာဉ် ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေရှင်းဆွေးနွေးပြီး ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၆။          အစည်းအဝေးကို ၁၁၃၈ နာရီအချိန်တွင်ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်း အဝေးကို ၃၁-၈-၂၀၁၈ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်