Share this

(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၇.၈.၂၀၁၉)

Tuesday, August 27, 2019 - 12:26
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်

( ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ နိုင်ငံတော်မှ ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော ဘတ်ဂျက်များ အလေအလွင့်မရှိစေရေး၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးနိုင်ရေးတို့အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရန် စီစဉ်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် များမှ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြေနေရာအတည်ပြုခြင်း၊ ဒီဇိုင်းပုံစံ နှင့် ခန့်မှန်းခြေစာရင်း ပြည့်စုံစွာရေးဆွဲခြင်းများ ကြိုတင်ဆောင်ရွက်ထားရှိပါက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ်ပြောင်းလဲ ခြင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

(ခ) စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျိုက်ဒုံမြို့သို့ ဆက်သွယ်ထားသော ကော့ကရိတ် - အစွန်း - လမ်းဖား - ကျိုက်ဒုံ လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် အပြီးသတ်ဆောင်ရွက်သွားရန် အစီအစဉ်မရှိသေးကြောင်း၊ ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေတောင်းခံပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြစ်ကြီးနားမြို့မှ ဆင်ဘို မြို့သို့ ဆက်သွယ်ဖောက်လုပ်လျက်ရှိသော မြစ်ကြီးနား - ဆင်ဘို - မြို့လှ - ကသာ ခရိုင်ချင်းဆက်လမ်း၏ မြစ်ကြီးနား - ဟိုကပ် - ဆင်ဘို လမ်းပိုင်းအား မြေသားလမ်းမှ ကျောက်ခင်းလမ်းအဖြစ် အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာမှ ဟိုကပ် ကျေးရွာအထိ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းနှင့် ဟိုကပ်ကျေးရွာအဝင် အရှည်(၂၀)ပေ ချောင်းကူးကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ မြို့မဈေး(ခေါ်)မင်္ဂလာဈေးအား မြို့အင်္ဂါရပ်နှင့်ညီသော အဆင့်မြင့် ဈေးအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  နေပြည်တော်ကောင်စီဝင်  ဦးညီထွန်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် များအတွင်း ဈေးတည်ဆောက်ခြင်းများအတွက် ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံထားခြင်းမရှိကြောင်း၊ မင်္ဂလာဈေးအရှေ့ဘက် ဈေးရုံ(၄)ရုံအား အဆင့်မြင့်ဈေးအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် ဈေးသူဈေးသားများနှင့် ညှိနှိုင်းခြင်း၊ Design ပုံစံရေးဆွဲ၍ ခန့်မှန်းကုန်ကျငွေ တွက်ချက်ခြင်းတို့ ဆောင်ရွက်ပြီး သင့်လျော်သည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(င) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံ အသုံးပြု မည့် စုပေါင်းသုသာန်အတွက် မီးသင်္ဂြိုဟ်စက် ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သောကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေး ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(စ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တရားရုံးအပါအဝင် မွန်ပြည်နယ်အတွင်းရှိ ဖွဲ့စည်းပုံအင်အား နှင့် လုပ်ငန်းပမာဏ မျှတခြင်းမရှိသော မြို့နယ်တရားရုံးများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ လိုအပ်သလို ဖွဲ့စည်းပုံအဆင့် တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့် က ပြည်ထောင်စုအစိုးရအဖွဲ့၏ ၆-၆-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၉)၏ မူဝါဒအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တရားရုံးအဆင့်ဆင့်တို့သည် ဖွဲ့စည်းပုံခွင့်ပြုအင်အား၏ (၇၅%)သာ ဝန်ထမ်းအင်အားခန့်ထားခွင့်ရှိပြီး ကျိုက်ထိုမြို့နယ်တရားရုံးတွင် (၇၅%)ထက် ပိုမိုဖြည့်တင်းခန့်ထား ဆောင်ရွက်လျက်ရှိသဖြင့် ကျိုက်ထိုမြို့နယ်တရားရုံးအပါအဝင်  မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တရားရုံးများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ဖွဲ့စည်းပုံအဆင့် တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည် (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသား မှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆို ဆွေးနွေးခြင်း

 ၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း ၏ ရှေးအစဉ်အဆက် အသုံးပြု ခဲ့သော ကျေးလက်နေ ပြည်သူများထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်း သိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန် အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင် ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၁:၃၅ နာရီ အချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၂၉-၈-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။ 

အမျိုးသားလွှတ်တော်