ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်
( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-
(က) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ အတွင်း လက်ကိုင်ဖုန်း၊ ဖေ့စ်ဘွတ်(FB)မှတစ်ဆင့် ကြော်ငြာစည်းရုံးပြီး ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများအကြား ထိုးဖောက်ဝင်ရောက် လာသည့် လောင်းကစား နည်းတစ်မျိုးဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း (ခ) Shan Koe Mee Zingplay သည် ပြည်သူများထံမှ လောင်းကြေးငွေ များကို နည်းအမျိုးမျိုးဖြင့် ရယူနေပါသဖြင့် အဆိုပါလောင်းကစားနည်းကို တားမြစ်ပိတ်ပင်ရန်နှင့် လောင်းကစားဒိုင်များကို ထိရောက်စွာဖော်ထုတ် အရေးယူရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာများအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီများသို့ အွန်လိုင်းဂိမ်းများ၊ လောင်းကစားမှုများ အပါအဝင် ဥပဒေနှင့်ငြိစွန်းသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သက်ခြင်းလုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရားဝင် အသိပေး အကြောင်းကြားထားပြီး မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာများဖြစ် သည့် MPT, Telenor, Ooredoo တို့မှလည်း တည်ဆဲဥပဒေများနှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက ညွှန်ကြားလာပါကလိုက်နာရန်အသင့်ရှိကြောင်း ပြန်လည်တင်ပြ ထား၍ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများက လောင်းကစားဥပဒေနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း အထောက်အထား ခိုင်လုံပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၎င်းတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ (၅၇) အရ စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းများဖြင့် အရေးယူနိုင်သည့်နည်းတူ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့်လည်း လောင်းကစားဥပဒေနှင့် တည်ဆဲ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် လိုင်စင်ရလုပ်ငန်းမဟုတ်သော အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ online application များဖြင့် တရားမဝင်ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ပြည်ထဲရေးဝန်ကြီးဌာနမှ လောင်းကစား ဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း GDP လျာထားချက်အရ ၇.၂ % တိုးတက်ရန်ဖြစ်ပြီး ယင်းမျှော်လင့်ချက်များ ပိုမိုပေါက်မြောက် အောင်မြင် စေရန်အတွက် မြန်မာအမျိုးသမီးများကို နိုင်ငံတကာ ပင်လယ်ရေကြောင်း လောကတွင် အမျိုးသမီးသင်္ဘောသားများ (Seafarers) အဖြစ်လည်းကောင်း၊ ခရီးသည်တင်သင်္ဘောများတွင် ပိုမို၍ အလုပ်အကိုင်အခွင့်အလမ်း ရစေရန် အတွက်လည်းကောင်း၊ တရားဝင်လုပ်ကိုင်ခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာလက်မှတ်များ ထုတ်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခြင်းနှင့် နိုင်ငံတကာရှိ သင်္ဘောကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးခြင်းများ အမြန််ဆုံးလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မြန်မာအမျိုးသမီးများကို နိုင်ငံတကာ ပင်လယ်ရေကြောင်းလောကတွင် အမျိုးသမီး Seafarers များအဖြစ်လည်းကောင်း၊ ခရီးသည်တင် သင်္ဘောများတွင် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်အတွက်လည်းကောင်း၊ တရားဝင်လုပ်ကိုင်ခွင့် ရရှိရေးအတွက် လုပ်ငန်းဆိုင်ရာလက်မှတ်များ ထုတ်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်၍လေ့ကျင့်သင်ကြားပေးခြင်း၊ နိုင်ငံတကာရှိသင်္ဘောကုမ္ပဏီများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းများ လုပ်ဆောင် ပေးနိုင်ရေးအတွက်ဆွေးနွေးညှိနှိုင်းနိုင်ရန် ဖိတ်ကြားဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့ တွင် မကြာခဏလိုင်းပျက်နေသော အော်တိုအိတ်ချိန်းဖုန်းလိုင်းကို စက်ကိရိယာ အသစ်လဲလှယ်၍ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းဆောင်ရွက်ပြီး ချိန်တွင် မတူပီအိတ်ချိန်း၏ အဝေးဆက်သွယ်မှုစနစ်ကိုလည်း VSAT ဂြိုလ်တုစနစ်မှ မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းဖြင့် ပြောင်းလဲချိတ်ဆက် အသုံးပြု သွားမည်ဖြစ်ပြီး လက်ရှိ အသုံးပြုနေသည့် အော်တိုအိတ်ချိန်းကိုလည်း ခေတ်မီ MSAN ခေါ် Multi- service access node အိတ်ချိန်း အမျိုးအစားဖြင့် တစ်ပါတည်း အဆင့်မြှင့်တင် လဲလှယ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အော်တိုတယ်လီဖုန်းလိုင်းများ ပိုမိုကောင်းမွန်စွာ ဆက်သွယ်အသုံးပြုနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရ ကျောင်းများမှ မူလတန်းကျောင်းအုပ်များ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရေးကိစ္စ မည်သို့စီမံသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြားဘွဲ့ရ မူလတန်းကျောင်းအုပ်ကြီးများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာမူ အနေဖြင့် မူလတာဝန်ထမ်းဆောင်နေသောကျောင်း မဟုတ်ဘဲ အခြား ကျောင်းသို့ အလယ်တန်းပြရာထူးဖြင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်နိုင် သည်၊ D.T.Edဆင်းများကို အလယ်တန်းပြအဖြစ် ပြောင်းရွှေ့နိုင်သည်၊ ဘွဲ့ရမဟုတ်သည့် မူလတန်းကျောင်းအုပ်ကြီးများ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခြင်းဆိုင်ရာမူအနေဖြင့် ဘွဲ့ရမဟုတ်သည့် မူလတန်းကျောင်းအုပ် များကို အခြားမူလတန်းကျောင်းသို့ မူအုပ်ရာထူးဖြင့် ပြောင်းရွှေ့ခန့်ထား ရမည်၊ အလယ်တန်းဆရာဖြစ် လက်မှတ်ရှိပါက အခြားကျောင်းသို့ အလယ်တန်းပြအဖြစ် ပြောင်းရွှေ့နိုင်သည်ဟူသော မူများနှင့်အညီ ပြောင်းရွှေ့ ခန့်ထားပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)၏ မြန်မာနိုင်ငံအဝှမ်းရှိ ချောင်း၊ မြောင်း၊ အင်းအိုင်၊ မြစ်ကမ်းနား၊ ပင်လယ် ကမ်းခြေ၊ မြစ်ဝကျွန်းပေါ် ရေလမ်းခရီး အသုံးပြုရာဒေသအတွင်းရှိ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများ စသည့် ပညာရေးလုပ်သား တို့အတွက် အသက်ကယ်အင်္ကျီများကို လိုအပ်မှုအဆင့် (က)၊ (ခ)၊ (ဂ) ဦးစားပေး ခွဲခြား၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်နှစ်စတွင် ထုတ်ပေးပြီး နှစ်ဆုံးတွင်ပြန်လည်အပ်နှံခြင်း စသည်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ လိုအပ်သည့် အသက်ကယ်အင်္ကျီ (Life Jacket) များကို ထပ်မံဖြည့်ဆည်း နိုင်ရန်အတွက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ခွဲဝေနိုင်ရေးစီစဉ်ဆောင်ရွက် ပြီးဖြစ်ကြောင်းနှင့် ပညာသင်နှစ် ပြီးဆုံးပါက ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ) ဦးစောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၌ လက်ရှိဖွဲ့စည်းပုံအင်အားဖြင့် မလုံလောက်ပါသဖြင့် ဖွဲ့စည်းပုံအင်အား ပြည့်သည်အထိ တိုးမြှင့်ခန့်ထား ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က ဖွဲ့စည်းပုံအပြည့် ခန့်ထားနိုင်ခွင့်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂၇၊ ပုဒ်မခွဲ (က)နှင့်(ခ)တို့အရ ခန့်ထားခွင့်ပြုနိုင်ပါရန် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပြင်ဆင် ဖွဲ့စည်းခွင့်ကို ကူးပြောင်းကာလ (၆)လ ဖြစ်သော ၂၀၁၈ခုနှစ် ၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက် အတွင်းဆောင်ရွက်၍ ခွင့်ပြုချက်ရရှိပြီးမှသာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လစာခေါင်းစဉ်မှ ဘဏ္ဍာငွေခွင့်ပြုရန်ပုံငွေများ တောင်းခံသုံးစွဲသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ခွင့်ပြုသည့်ဘောင်အတွင်းမှသာ ဝန်ထမ်းများခန့်ထားနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အတည်ပြုခြင်း
၃။ ဒေါ်နွယ်နွယ်အောင် ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်ကပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော သစ်တောဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းသည်။ ဥပဒေကြမ်း ကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင် က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
နည်းဥပဒေများဆွေးနွေးခြင်း
၅။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။
၆။ အစည်းအဝေးကို ၁၂၀၄ နာရီအချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေး ကို ၁၅-၆-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်