Share this

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၂၉.၈.၂၀၁၉)

Thursday, August 29, 2019 - 14:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်

( ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရခိုင်ပြည်နယ် အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ငွေကြေးထောက်ပံ့ပေးမှုနှင့် စာရင်းပေးသွင်းလက်ခံရာတို့တွင် မကျေနပ်မှုများရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ ဖုန်းများသို့ လည်းကောင်း၊ နီးစပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနရုံးများသို့ လည်းကောင်း တိုင်ကြားနိုင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်ကြားချက်ရရှိပါက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်း၍ စုံစမ်း စစ်ဆေးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့မှုများပေးအပ်ခြင်း၊ ရေရှည်ဘဝ ရပ်တည်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ သင်တန်းဖွင့်လှစ်ပေးခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်း များပေါင်းစပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှ ပြည်သူများအတွက် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအသိပညာပေး ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးခြင်း၊  ပညာသင်ကြား နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ မိုင်းရှင်းလင်းရေး အသိပညာပေးခြင်းများကို  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း) အတည်ပြုပြီး ပါက မဟာဗျူဟာအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ) ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အခြေအနေနှင့် မည်သည့်ကာလအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သဘောထားမှတ်ချက် ပြန်လည်ရရှိပြီးသည်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ပြီး ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် RCC နှစ်ထပ်ဆောင် (၁)ဆောင်နှင့် ထမင်းစားခန်းမ RCC တစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကျောင်းသူ၊ ကျောင်းသား အိပ်ဆောင်(၂)ထပ် (၁၇၃ x၃၂  x၂၁.၅) ပေ (မိလ္လာ၊Apron ) အပါအဝင် RC (၁)လုံးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားနိုင်ခဲ့ပြီး  ထမင်းစား ခန်းမ RCC (၁)ထပ်ဆောင် ဆောက်လုပ်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ RE ဖြင့် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင် စားနပ်ရိက္ခာဖူလုံရေး (Food Security)၊ ရေဖူလုံရေး (Water Security)နှင့် စွမ်းအင်ဖူလုံရေး (Energy Security) တို့အတွက် မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က စားနပ်ရိက္ခာဖူလုံမှုအနေဖြင့် မျိုးကောင်းမျိုးသန့်များ လုံလောက်စွာဖြန့်ဖြူး စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်နည်းပညာနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) ဖြစ်ထွန်းကျယ်ပြန့်လာစေမှုနှင့်အတူ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလာစေရေး ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အသားထုတ်လုပ်မှု အတွက်  ကြက်၊ ဝက်၊ သိုး/ဆိတ် မွေးမြူထုတ်လုပ်ခြင်း၊ သားစပ်လုပ်ငန်း မြှင့်တင်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ငါးရိက္ခာဖူလုံစေရန် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practice-GAqP) အပါအဝင် ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက် လျက်ရှိပြီး သဘာဝရေချို/ရေငန် ငါးသယံဇာတများ ရေရှည်ဖမ်းဆီးထုတ်လုပ် နိုင်ရန် ဥပဒေများနှင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေဖူလုံရေးနှင့် ပတ်သက်၍ လုံခြုံစိတ်ချရသော ရေပေးစနစ်များဖြစ်လာစေရေးအတွက် (Basic service) ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ NGOs,INGOs များဖြင့်ပူးပေါင်းပြီး ရန်ပုံငွေနှင့် နည်းပညာအကူအညီများ ရယူ ဆောင်ရွက်သွားရန် စီမံထားရှိကြောင်း၊  စွမ်းအင်ဖူလုံရေး နှင့်ပတ်သက်၍ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေး စီမံကိန်း (National Electrification Project -NEP)ကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး အမျိုးသားလျှပ်စစ်မီးလင်းရေး စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆို ဆွေးနွေးခြင်း၊ ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း ၏ ရှေးအစဉ်အဆက် အသုံးပြု ခဲ့သော ကျေးလက်နေ ပြည်သူများထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန် အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင် ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည် ဖြေရှင်းဆွေးနွေးပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၅။ အစည်းအဝေးကို ၁၂:၃၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၃-၉-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်