Share this

(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၃.၉.၂၀၁၉)

Tuesday, September 3, 2019 - 14:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်

( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာ့မီးရထားပိုင် (ရေး - ချောင်းတောင်) မီးရထားနှင့် ကားလမ်း တံတားအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းအား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က တံတားဖြတ်သန်းခ ကောက်ခံသည့်နေရာတွင် သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံဆောင်ရွက်မှု မရှိပါက တိုင်ကြားနိုင်ရေးအတွက် မြန်မာ့မီးရထား တိုင်းအမှတ်(၈) မော်လမြိုင်၊ တိုင်းမန်နေဂျာ၏ ဖုန်းနံပါတ်ကို တံတားထိပ်နှစ်ဖက်၌ စိုက်ထူထားပြီး ပြည်သူများ သိသင့်သိထိုက်သည့် တံတားဖြတ်သန်းခ ကောက်ခံခြင်းလုပ်ငန်း ဆိုင်ရာ အချက်အလက်များကို မဲဆန္ဒရှင်များက မေးမြန်း လာသည့်အချိန်တွင် ပြန်လည်ဖြေကြားပေးနိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စာချုပ်မိတ္တူများကို တောင်းခံကြည့်ရှုနိုင်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

(ခ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်တောင်း တံတားဟောင်းကြီးအား ရေရှည်အသုံးပြုနိုင်ရန် မည်သို့ထိန်းသိမ်း ဆောင်ရွက် လျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဆေးသုတ်ရန်ကျန်ရှိသော ခုံးအမှတ် (၄၊၅၊၆)အား ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တံတားကြီး၏ ကားလမ်းဘက်ခြမ်းတွင် အက်ကွဲကြောင်း များရှိနေသော  Concrete Floor နေရာများကို Cement Grouting ပြုလုပ်၍ Treatment ပြုလုပ်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရထားလမ်းမှ အညစ်အကြေးစွန့်ရာ လမ်းတစ်လျှောက်ရှိ သံချေးတက်နေသောနေရာများကို Cover Plate သံပြားဖုံးအုပ်တပ်ဆင်ခြင်း လုပ်ငန်းနှင့် တံတားပေါ်ရှိ ပူးကပ်နေသော ဇလီဖားတုံးများကို အကွာအဝေးမှန် ပြန်လည်ခင်းထားပြီး တံတားသံပေါင်များရှိ ချောင်နေသော Revit များ ပြုပြင်ခြင်းလုပ်ငန်းကို လာမည့်ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တံတားကြီးပေါ်တွင် (၁၃)တန်အထက် ကျော်လွန်ဖြတ်သန်းပါက တိုင်းကြားနိုင်ရန်အတွက် မြန်မာ့မီးရထား မန်နေဂျာ၊ တိုင်းအမှတ်(၈) မော်လမြိုင်၏ ဖုန်းနံပါတ်ကို တံတားထိပ်နှစ်ဖက်တွင် စိုက်ထူ ထားရှိပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးကျော်သန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လိုအပ်လျက် ရှိသော ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေစာရင်းနှင့် ကယားပြည်နယ် ခွင့်ပြုရန်ပုံငွေ စာရင်းတို့တွင် လျာထားပါဝင်ခြင်းမရှိသဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ဒေသများအား ကျန်းမာရေးဌာနတစ်ခုနှင့် ကျန်းမာရေး ဌာန(ခွဲ)ငါးခု ချပေးနိုင်ရန် မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က နန်းယွန်းမြို့နယ်၊ ကဲဆန်လုံကျန်းကျေးရွာ၊ ကဲဆန်ဆာလင်းကျေးရွာ၊ ရှိတ်ညိုကျေးရွာများသည် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်မည့်လူဦးရေမှာ များပြားပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများဖြစ်ပါသဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ များ၏ ဖွဲ့စည်းပုံဖွင့်လှစ်ခွင့်ရရှိရန်အတွက် နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်းတို့နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရ မည့်မူဝါဒများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ (၃၇/၂၀၁၉)အရ သတ်မှတ်ချက်များ၊ မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ သံတောင်ကြီးမြို့ မိုးလုံလေလုံ အားကစားခန်းမအား အခြေခံပညာအထက်တန်း ကျောင်းပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က ပညာရေးနှင့်အားကစားကို ထိထိမိမိ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အတွက် ကျောင်းဝင်းအတွင်း ဆောက်လုပ်ထားသော အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင် မိုးလုံလေလုံ အားကစားခန်းမအား  အခြေခံပညာအထက်တန်း ကျောင်းပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်ကူ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၏ အသစ်တိုးချဲ့ဖွင့်လှစ်ခြင်း၊ ခုတင် အဆင့်မြှင့်တင်ခြင်းတို့အတွက် လိုအပ်သည့်အခြေခံမူများ (၂၀၁၉)နှင့် ကိုက်ညီမှု မရှိသဖြင့် တိုက်နယ်ဆေးရုံဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးကြောင်း  ရှင်းလင်း ဖြေကြားသည်။

(ဆ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်းနယ်မြေ ဖိုလ်ဝင်တောင် ရှေးဟောင်းဘုရားများကို ရှေးဟောင်းသုတေသနမှ ထိန်းသိမ်းစောင့်ရှောက်မှု မည်သို့စီမံထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် နှစ်စဉ်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍  ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းအဆောက်အအုံများ၊ နံရံပန်းချီများ၊ ကျောက်ဆစ် လက်ရာများ ရေရှည်တည်တံ့ကြံ့ခိုင်စေရန်အတွက် ဂေါပကအဖွဲ့အား လိုအပ်သော အကြံဉာဏ်များပေးခြင်း၊ ဂေါပကအဖွဲ့အနေဖြင့်လည်းကောင်း၊ အလှူရှင်များ အနေဖြင့်လည်းကောင်း ပြုပြင်ထိန်းသိမ်းခွင့်ပြုရန် တင်ပြလာပါက ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဉပဒေနှင့်အညီ ခွင့်ပြုပေးခြင်း၊ ဒေသခံပြည်သူများနှင့် ဧည့်သည်များအား အသိပညာဖြန့်ဝေခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ဖိုလ်ဝင်တောင်ဒေသရှိ ရှေးဟောင်းအဆောက်အအုံ များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ဘဏ္ဍာငွေခွဲဝေရရှိခဲ့ပါက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးပညာရပ် များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့်လက်မှတ်များ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး နိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

အဆို ဆွေးနွေးခြင်း

 ၄။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များအပါအဝင် အစိုးရတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၂:၁၉ နာရီ အချိန်တွင် ရပ်နားပြီး (၁၇)ရက်မြောက်နေ့ အစည်းအဝေးကို ၅-၉-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်