Share this

၁၆ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၆.၆.၂၀၁၉)

Thursday, June 6, 2019 - 13:51
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၄ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်)
[ ကြာသပတေးနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက် မြို့ဟောင်းဧရိယာအတွင်း ဟိုတယ်နှင့် တည်းခိုခန်းများအား ချထားပေးသောမြေ များကို ပြန်လည်တိုင်းတာပြီး ခွင့်ပြုဧရိယာထက် ကျော်လွန်အသုံးပြုမှုများရှိပါက အိမ်ရာမရှိသေးသော ဒေသခံများအား မြေကွက်များ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က မြန်မာနိုင်ငံခရီးသွားလာရေး ဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွဲ့စည်းထားသော ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများအနေဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ကြိုတင် တည်ဆောက်ခြင်းဆိုင်ရာခွင့်ပြုမိန့်၊ လုပ်ငန်းလိုင်စင်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်များ ခွင့်ပြုပေးခြင်းတို့ကို တိုက်ရိုက်ကြီးကြပ် ထုတ်ပေးခွင့်ပြုထား ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်အတွင်းရှိ ဒင်လိုပါး(Dinlopa)ကျေးရွာနှင့် ဒေါင်ဗား(Dongva) ကျေးရွာ တို့အကြားရှိ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့ထွင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က တာဝန်ရှိသူများပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးချက် အရ နယ်မြေအခြေအနေ၊ အကျိုးပြုသည့် ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေနှင့် စိုက်ပျိုးမြေများလွတ်ကင်းမှုရှိ/မရှိ စသည့်အချက်များအား ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် ချင်းပြည်နယ်အစိုးရတို့မှ ဦးစားပေးအစီအစဉ်အလိုက် စိစစ်ထောက်ခံ တင်ပြလာပါက ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရန်ပုံငွေတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ရောက်ရှိနေသည့် ဘင်္ဂါလီများကို ပြန်လည်နေရာချထားပေးမည့်ကိစ္စနှင့် ပတ်သက်ပြီး နောက်ထပ် ARSA အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဖြစ်ပွားရအောင် မောင်တော မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ၏ ဘဝလုံခြုံမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ ပြန်လည် ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေးတို့အတွက် မည်သို့စီမံဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က လုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကို အကြမ်းဖက်မှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ လုံခြုံရေးအင်အားများ တိုးမြှင့်ချထားခြင်းတို့ကိုဆောင်ရွက်ပြီး ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ နေထိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များမှ နေအိမ်များဆောက်လုပ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းရှင်းလင်းဖြေကြားသည်။
(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်ရှိ ကျောက်ဖြူ(ရွာသစ်)အခြေခံပညာမူလတန်းကျောင်း(ခွဲ)တွင် ကျောင်း ဆောင်တစ်ဆောင်နှင့် ရွှေပြည်သစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဝင်းစားထောင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် RC တစ်ထပ် ကျောင်းဆောင် တစ်ဆောင်စီတို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးသိန်းလွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အတွင်းရှိ မံမလင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အထက်တန်းပညာရပ်များကို သင်ယူခွင့်ရရှိနေပြီး သတ်မှတ်မူနှင့်ကိုက်ညီမှုမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်းအဆင့်တိုးမြှင့်ပေးမည့် အဆိုပြုလျာထားစာရင်းတွင် ပါဝင်မှု မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
(စ) ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားရှိနိုင်ရေး အခြေအနေနှင့် တက္ကသိုလ်အသီးသီးတွင် တာဝန် ထမ်းဆောင်နေသော ဆရာ/ဆရာမများအား အိမ်ခန်း၊ အဆောင်များ ချထား ပေးရာတွင် သတ်မှတ်ထားသော မူဝါဒများနှင့် လိုအပ်လျက်ရှိသော အိမ်ခန်း၊ အဆောင်များရရှိရန် မည်သို့စီမံထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဖွဲ့စည်းပုံများ ပြင်ဆင်ပြီးပါက ရေးဖြေစာမေးပွဲဖြေဆို အောင်မြင်သူများကို ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီသော အိမ်ခန်း လျှောက်ထားသူများကို အိမ်၊ အိမ်ခန်းအလွတ်များရှိပါက ပြုစုထားသည့် တန်းစီ ဇယားအရ နေရာချထားပြီး ဆရာ၊ ဆရာမများ အိမ်ခန်း၊ အဆောင်များ အဆင်ပြေစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် ခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေ အပေါ်မူတည်၍ ထပ်မံတည်ဆောက်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ ကဿဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် အန္တရာယ်ရှိကျောင်းဆောင်ဟောင်းအားဖျက်သိမ်း၍ (၁၀၀'x ၃၀')ပေ RC နှစ်ထပ်ဆောင်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထပ်မံထည့်သွင်း လျာထားပေးနိုင်ခြင်းမရှိတော့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့်အခြေအနေအပေါ်မူတည်လျက် ဦးစားပေး အဆင့်အလိုက် ခွဲခြားသတ်မှတ်ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ကြေညာခြင်း ၃။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန် (ဥပဒေကြမ်းကော်မတီဝင်) က မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ယင်းဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၄။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က အဆို တင်သွင်းရာ ဥက္ကဋ္ဌ က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၅။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ကြေညာခြင်း ၆။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး (ဥပဒေကြမ်းကော်မတီဝင်) က ၂၀၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ယင်းဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ က ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၇။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က အဆို တင်သွင်းရာ ဥက္ကဋ္ဌ က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
အစီရင်ခံစာ ဆွေးနွေးခြင်း
၈။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။

အဆို တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း
၉။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၁၀။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်