ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၇ ရက်
( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက် )
[အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက် နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၃၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါ သည်-
(က) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ အဆင့် သတ်မှတ်ချက်နှင့် နေရာအကျယ်အဝန်း ကိုက်ညီမှုမရှိသော သထုံ အကျဉ်းထောင်အား အကြီးစား ပြင်ဆင်ပေးနိုင်ပါရန်နှင့် အကယ်၍ဘဏ္ဍာငွေ လုံလောက်မှုရှိပါက သထုံမြို့နယ်၊ စျေးမသွယ်ကျေးရွာရှိ အကျဉ်းဦးစီး ဌာနပိုင်မြေ (၂၅.၁၇)ဧကတွင် သထုံအကျဉ်း ထောင်အသစ်ရွှေ့ပြောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က သထုံအကျဉ်း ထောင်အား အကြီးစားပြင်ဆင်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ အကျဉ်း ထောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် သထုံမြို့နယ် စျေးမသွယ် ကျေးရွာရှိ မြေဧရိယာ ၂၅ ဒသမ ၁၇ ဧကအား ဌာနပိုင်အမည်ပေါက် ရရှိရေးနှင့် လယ်ယာမြေ အခြား နည်းအသုံးပြုခွင့်ရရှိရေး ဆောင်ရွက် လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိသထုံအကျဉ်းထောင်အား အချုပ်ထောင်အဖြစ် ဆက်လက်ထားရှိသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
(ခ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထာအိုကျေးလက်ကျန်းမာရေးဌာန(ခွဲ)ကို ကျေးလက် ကျန်းမာရေးဌာန အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က အခြေခံမူ(၅)ချက်အနက် (၃)ချက်နှင့် ကိုက်ညီပြီး ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှလည်း ထောက်ခံတင်ပြထားပါသဖြင့် ထာအိုကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက် ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဂ) ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လစ်လပ်လျက် ရှိသော အထူးကု ဆရာဝန်ကြီးများအနက် အရိုးအထူးကု ဆရာဝန် တစ်ဦးနှင့် သားဖွားမီးယပ် ဆရာဝန်တစ်ဦးတို့ကို ခန့်ထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က သက်ဆိုင်ရာ ဘာသာရပ်တွင် ဘွဲ့လွန်အောင်မြင်ပြီးနောက် ဗဟိုအဆင့် ဆေးရုံကြီးများတွင် လေ့ကျင့်သင်ကြားပေးပြီးသော လက်ထောက်ဆရာဝန်(အရိုး) (၁)ဦး၊ လက်ထောက်ဆရာဝန်(သားဖွားမီးယပ်) (၁)ဦးတို့အား (၁၈-၆-၂၀၁၈)ရက်စွဲ ဖြင့် ခန့်ထား ပြီးဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ခုတင်(၅၀)ဆေးရုံတွင် အရိုးအကြော ဆရာဝန်၊ ခွဲစိတ်ဆရာဝန် နှင့် လိုအပ်လျက်ရှိသော ဆရာဝန်များ ပေးပို့နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အရိုးနှင့် ခွဲစိတ် အထူးကုဆရာဝန်များအား ဖွဲ့စည်းပုံပါဝင် ခြင်းမရှိသဖြင့် ခန့်ထားပေးနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိတွင် သစ်လွင်ဆရာဝန် (၂၀၀၀)ဦး ခန့်ထားနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ သစ်လွင် ဆရာဝန်များ ခန့်ထားချိန်တွင် ရေနံချောင်းဆေးရုံသို့ ဦးစားပေး ခန့်ထား ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
(င) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ ကျောက်ကြီးပြင်အုပ်စု၊ မော်ဖျားကျေးရွာ၌ ဆားငန်ဒီရေ ဝင်ရောက်၍ ရေနစ်မြုပ်နေခြင်းကို ကာကွယ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မော်ဖျားကျေးရွာ တာ(ကာရီ) ပြုပြင်ခြင်းလုပ်ငန်းကို ဘောမကမ်းထောင့် လယ်သမား တာ(ကာရီ)တာပုံစံကျပြုပြင်ခြင်းနှင့် တစ်ဆက်တစ်စပ်တည်း ဆောင်ရွက် ပေးနိုင်ရန်စီစဉ် ဆောင်ရွက်ထားရှိပြီး ဘောမကမ်းထောင့် လယ်သမား တာ(ကာရီ)တွင် (၅’x၆’)(၃)ပေါက် ကွန်ကရစ်ရေတံခါး(၁)လုံး တည်ဆောက် ခြင်းနှင့် တာပုံစံပြုပြင်ခြင်း လုပ်ငန်းတို့အတွက် တင်ပြတောင်းခံထားပြီး အဆိုပါလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၊ ရန်ပုံငွေရရှိမှုအပေါ်အခြေခံပြီး သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။
(စ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေးတိုင်း ဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်၊ လောကနန္ဒာ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းရှိ ရေမပေးပို့ နိုင်တော့သော ပင်မမြောင်း၊ လက်တံမြောင်း၊ မြေနေရာများကို မူလယာမြေအဖြစ်သို့ နိုင်ငံတော်က ပြန်လည်ပြုလုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လောကနန္ဒာ မြစ်ရေတင် လုပ်ငန်းမှ စိစစ်လျော့ချမည့် ဧက(၃၈၀၀)အတွက် ရေပေး မြောင်းပေ (၆၃၁၀၀) ဖျက်သိမ်းခြင်းနှင့် မြေညှိပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့အတွက် လိုအပ်ရန်ပုံငွေကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီးလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ပြန်လည်ထွက်ပေါ်လာမည့် မြေဧက(၁၃၀)ကို မူလပိုင်ရှင် တောင်သူများထံသို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အတည်ပြုခြင်း
၃။ ဗိုလ်မှူးချုပ်တင့်လွင်၊ တပ်မတော်သားကိုယ်စားလှယ် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၄။ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၄၁၃ နာရီအချိန်တွင် ရပ်နားပြီး (၁၈)ရက်မြောက်နေ့ အစည်းအဝေး ကို ၂၀-၆-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်