၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့
ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
( ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။ )
၁၃၇၈ ခုနှစ်၊ လ၊ ရက်
( ၂၀၁၆ ခုနှစ်၊ လ၊ ရက် )
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေတွင် -
(က) ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(ခ) ဤဥပဒေသည် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ် ထားသောစာမေးပွဲများ ကျင်းပစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် အကျုံးဝင်စေရမည်။”
(ခ) ပုဒ်မ ၁၊ ပုဒ်မခွဲ(ဂ)ကို ပယ်ဖျက်ရမည်။
၃။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေတွင် -
(က) ပုဒ်မ ၂၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည် -
“(က) စာမေးပွဲ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြေခံပညာရေးအဆင့် သင်ကြားမှုပြီးဆုံးသည့်အခါ ဤဥပဒေအရ စာစစ်အဖွဲ့က စစ်ဆေးသော စာမေးပွဲကိုသော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အဆိုပါစာစစ်အဖွဲ့သို့ သီးခြားတာဝန်လွှဲအပ်၍ စစ်ဆေးစေသော အခြားစာမေးပွဲကို သော်လည်းကောင်း ဆိုသည်။ ”
(ခ) ပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ)ကို အောက်ပါအတိုင်းအစားထိုးရမည် -
“(ဃ) သင်ရိုးမာတိကာ ဆိုသည်မှာ စာစစ်အဖွဲ့က ကျင်းပစစ်ဆေးမည့် စာမေးပွဲများ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ဖွဲ့စည်းထားသော အဖွဲ့ အစည်းများမှရေးဆွဲ၍ စာစစ်အဖွဲ့မှ ပြဋ္ဌာန်းထားသော ဘာသာရပ်များ၏ သင်ခန်းစာ အသေးစိတ်အစီအစဉ် ကိုဆိုသည်။ ”
(ဂ) ပုဒ်မ ၂၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၄) ၏နောက်တွင် ပုဒ်မခွဲငယ် (၅) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည် -
“ (၅) နည်းပညာတစ်ခုခုကို အသုံးချပြီး ဖြေဆိုခြင်း၊ ”
(ဃ) ပုဒ်မ ၂၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၅) ကို ပုဒ်မခွဲငယ် (၆) အဖြစ် ပြင်ဆင်ပြီး အောက်ပါအတိုင်း အစားထိုးရမည် -
“ (၆) လူစားထိုး၍ ဖြေဆိုခြင်း၊ ”
(င) ပုဒ်မ ၂၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၇)၊ (၈)၊ (၉) နှင့် (၁၀) တို့ကို ပုဒ်မခွဲငယ် (၈)၊ (၉)၊ (၁၀) နှင့် (၁၁) တို့အဖြစ် ပြင်ဆင်ပြီး အောက်ပါအတိုင်း အစားထိုးရမည် -
“ (၈) အဖြေလွှာကို စာမေးပွဲဖြေဆိုနေစဉ်အတွင်း ပြင်ပအကူအညီဖြင့် လဲလှယ် ခြင်း၊ ထပ်ဖြည့်ခြင်း သို့မဟုတ် စာမေးပွဲဖြေဆိုပြီးနောက် တစ်နည်းနည်းဖြင့် လဲလှယ်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်း၊
(၉) အဖြေလွှာအားဆုတ်ဖြဲခြင်း၊ စစ်ဆေး၍မရအောင် ဆောင်ရွက်ခြင်းနှင့် အဖြေလွှာပေါ်တွင် ညစ်ညမ်းစာ ရေးသားထားခြင်း၊
(၁၀) စာမေးပွဲခန်းစောင့်ကြပ်သူ တစ်ဦးဦး၏ မတရားသောနည်းဖြင့် ပြပေးခြင်း၊ ပြောပေးခြင်း၊ အကူအညီပေးခြင်းကို ရယူဖြေဆိုခြင်း၊
(၁၁) မေးခွန်းကို စာမေးပွဲမတိုင်မီ ကြိုတင်၍ မတရားသောနည်းဖြင့် ရယူခြင်း၊ ”
(စ) ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မ ၂၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၁၁) ၏ နောက်တွင် ပုဒ်မခွဲငယ် (၁၂) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“ (၁၂) စာစစ်အဖွဲ့က မသမာသောနည်းဟု အခါအားလျော်စွာ သတ်မှတ်သည့် နည်းလမ်းဖြင့် ဖြေဆိုခြင်း။ ”
၄။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေတွင် -
(က) ပုဒ်မ ၃ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“ ၃။(က) ပြည်ထောင်စုအစိုးရအဖွဲ့သည် စာမေးပွဲများ ကျင်းပစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စာစစ်အဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စာစစ်အဖွဲ့တွင် အောက်ပါပုဂ္ဂိုလ် များပါဝင်စေရမည် -
(၁) ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက - ဥက္ကဋ္ဌ တာဝန်ပေးအပ်သူ
(၂) ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန - အဖွဲ့ဝင်
(၃) ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန - အဖွဲ့ဝင်
(၄) ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေးပညာနှင့် - အဖွဲ့ဝင်
လေ့ကျင့်ရေးဦးစီးဌာန
(၅) ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းပြင်ပ ပညာရေး - အဖွဲ့ဝင်
ဦးစီးဌာန
(၆) ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် -အဖွဲ့ဝင်
လေ့ကျင့်ရေးဦးစီးဌာန
(၇) ညွှန်ကြားရေးမှူး (ပညာ)၊ အခြေခံပညာ - အဖွဲ့ဝင်
ဦးစီးဌာန
(၈) အစိုးရခန့်ပုဂ္ဂိုလ်များ - အဖွဲ့ဝင်
(၉) ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံစာစစ် - အတွင်းရေးမှူး
ဦးစီးဌာန
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စာစစ်အဖွဲ့တွင် ရာထူးအလျောက် အဖွဲ့ဝင်များမှတစ်ပါး၊ အခြားအဖွဲ့ဝင်များ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ရမည်။”
၅။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေ ပုဒ်မ ၄ တွင် -
(က) ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(က) ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများ၊ ဤဥပဒေအရ ပြဋ္ဌာန်းထားသည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စာမေးပွဲလုပ်ငန်းများကို စီမံခန့်ခွဲရမည်။ ”
(ခ) ပုဒ်မခွဲ (က) ၏နောက်တွင် ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“ (ခ) စာမေးပွဲလုပ်ငန်းအတွက် မေးခွန်းပြုစုခြင်း၊ အမှတ်ပေးစည်းမျဉ်း ရေးဆွဲခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အမှတ်စာရင်းပြုစုခြင်းနှင့် အောင်စာရင်း ထုတ်ပြန်ခြင်းတို့ကို သက်ဆိုင်ရာ ဘာသာရပ်ပညာရှင်များ ပါဝင်သော အဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်ရမည်။ ”
(ဂ) မူလပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ကို ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့အဖြစ် ပြန်လည် အမှတ်စဉ် ရမည်။
(ဃ) ပြန်လည်အမှတ်စဥ်ထားသည့် ပုဒ်မခွဲ (ဃ) ၌ပါရှိသော “ အပိုဒ် (ခ) အရ ” ဆိုသည့် စကားရပ်ကို “ ပုဒ်မခွဲ (ဂ) အရ ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
(င) ပုဒ်မခွဲ (စ) ကို (ဆ) ဟုပြင်ဆင်ပြီး ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲငယ် (၃) ကိုအောက်ပါအတိုင်း အစားထိုးရမည် -
“(၃) ရသုံးငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ် ပြဋ္ဌာန်းထားသည့် အတိုင်း ပေးသွင်းသုံးစွဲ၍ စာရင်းများ ထားရှိရမည်။ ”
(စ) ပုဒ်မခွဲ (ဆ)ကို ပုဒ်မခွဲ (ဇ) အဖြစ် ပြန်လည်အမှတ်စဉ်ပြီး အောက်ပါအတိုင်း အစားထိုးရမည် -
“ (ဇ) စာမေးပွဲတစ်ခုခုတွင် -
(၁) မသမာသောနည်းဖြင့် ဖြေဆိုသူကို စာမေးပွဲဖြေဆိုခွင့်အား နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ ရပ်ဆိုင်းနိုင်သည်။
(၂) မသမာမှုပြုနေသည်ကို လျစ်လျူရှုသည့် သို့မဟုတ် တစ်နည်းနည်းဖြင့် မသမာမှုကို အားပေးကူညီသည့် စာမေးပွဲကြီးကြပ်သူ တစ်ဦးအား အရေးယူရန် သက်ဆိုင်ရာဌာနသို့ အကြောင်းကြားရမည်။
(၃) အဖြေလွှာများ စစ်ဆေးရာတွင် မသမာသောသဘောဖြင့် အမှတ်များ ပိုမိုပေးခြင်း သို့မဟုတ် လျော့နည်းပေးခြင်း၊ အဖြေလွှာများတွင် ထပ်မံ ဖြည့်စွက်ပေးခြင်းစသော မတရားမှုများပြုသည့် သို့မဟုတ် ယင်းမတရား မှုများပြုသည်ကို အားပေးကူညီသည့် သို့မဟုတ် ယင်းမတရားမှုများ ပြုသည်ကို တွေ့ရှိသော်လည်း လျစ်လျူရှုသည့် စာဖြေလွှာစစ်ဆေးရန် ကြီးကြပ်သူ သို့မဟုတ် စစ်ဆေးသူအား အရေးယူရန် သက်ဆိုင်ရာ ဌာနသို့ အကြောင်းကြားရမည်။
(၄) စာမေးပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ပေးအပ်ခြင်း ခံရသော ဝန်ထမ်းများ၏ တာဝန်ပေါ့လျော့မှု သို့မဟုတ် မမှန်မကန် လုပ်ဆောင်မှု များတွေ့ရှိရပါက အရေးယူရမည်။ ”
၆။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေ ပုဒ်မ ၅ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“ ၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
(က) ပညာရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို ထုတ်ပြန်နိုင်သည်။
(ခ) မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ ”
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်