ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၂၀)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် )
[ သောကြာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -
(က) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ သိမ်းယူထားသော မွန်ပြည်နယ်၊ မော်လမြိုင်ပညာရေးကောလိပ်၏ ကျောင်းပိုင် မြေဧရိယာ (၄.၇၆၆)ဧကအား ပြန်လည်လွှဲပြောင်းပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်လွင် က ပြည်ထဲရေး ဝန်ကြီးဌာန၏ မြေပေးမိန့်များရရှိပြီးဖြစ်ခြင်းနှင့် အနာဂတ်စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ထိန်းသိမ်းထားသည့် မြေဖြစ်ခြင်းတို့ကြောင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တိုင်းရင်းသားများနေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေး မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လုံခြုံရေးအခြေအနေ အရ တည်ငြိမ်အေးချမ်းပြီးဖြစ်သော မူလနေထိုင်ခဲ့ရာ နေရာများစာရင်းကို ပြုစု လျက်ရှိပြီး ရရှိပါက မူလနေရပ်များသို့ ၄င်းတို့ဆန္ဒအရ ပြန်လည်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ အစီအမံဖြင့် ဖွင့်လှစ်ရန်စီစဉ်ထားသော တိုက်ပွဲရှောင်စခန်းများတွင် စနစ်တကျနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာ ရေကူးအဖွဲ့ချုပ် အပါအဝင် အခြားအားကစား အဖွဲ့ချုပ်များဖြစ်သည့် (ကျွမ်းဘား၊ E-Sport) ဖွဲ့စည်းခြင်းတို့အား အသစ်ပြန်လည် စိစစ်ဖွဲ့စည်းခွင့်ပေးရန် မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်(၂၀)ဦးအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ (၈-၃-၂၀၁၉) ရက်စွဲပါ ရုံးအမိန့်စာအမှတ် (၂၅၁/၂၀၁၉)အရ အသစ်ပြန်လည်အတည်ပြုဖွဲ့စည်းပေးခဲ့ပြီး လက်ရှိအခြေအနေတွင် E-Sport အားကစားအဖွဲ့ချုပ်အဖြစ် ဖွဲ့စည်းပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် အမျိုးသားရေကူးကန်တွင် အဖွဲ့ချုပ်ပဏာမလက်ရွေးစင် များနှင့် ပြင်ပမျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်နိုင်ရန်အတွက် အချိန်ခွဲသတ်မှတ်ပြီး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ ခုတင်(၅၀)ဆံ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပါအဝင် ကျန်းမာရေး ဌာနနှင့် ဌာန(ခွဲ)များတွင် ဆေးဝါးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆေးဝါးဝယ်ယူရေး ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော ဓာတုဗေဒပစ္စည်းများသုံး၍ ထုတ်လုပ်နေသော ကွမ်းသီးနှင့် ကွမ်းယာလုပ်ငန်းများအပေါ် မည်ကဲ့သို့ ထိန်းသိမ်းကြပ်မတ်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ကွမ်းသီး၊ ကွမ်းယာထုတ်လုပ်ခြင်းအတွက် ထောက်ခံချက်များ ထုတ်ပေးထားခြင်းမရှိကြောင်း၊ အစားအသောက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်လည်း ပါဝင်ခြင်းမရှိကြောင်း၊ ကွမ်းသီးများတွင် sodium hydrosulfite, sulfiting agent သုံးစွဲခြင်း ရှိ/မရှိ တို့ကို ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း (PMS) သွားရာတွင် mobile lab van ပေါ်၌ test kit ဖြင့် စစ်ဆေးခြင်းများသာ ပြုလုပ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ဝန်ထမ်းများ လုံလောက်စွာ ခန့်ထားပေးရန်နှင့် တိုင်းရင်းဆေးရုံ အဆောက်အအုံအား ပြင်ဆင်ထိန်းသိမ်း ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန် က ပြန်လည်ပြင်ဆင်ရန်အတွက် ကုန်ကျစရိတ်မှာ များပြားသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်သာ လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိလ္လာသွယ်တန်းစနစ်နှင့် တံခါးတပ်ဆင်ခြင်းတို့အား လိုအပ်ပါက ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးရုံအတွက် လိုအပ်သည့် ရုံးအကူ၊ သန့်ရှင်းရေးအကူ၊ လုပ်သား(လုံခြုံရေး)တို့နေရာတွင် ပြင်ပလုပ်သား(၁)ဦးအား ငှားရမ်းသုံးစွဲခွင့်ပြုထားပြီး ထပ်မံ၍ ယာယီဝန်ထမ်းများ ခန့်ထားရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ) ဦးရှေးရယ်ရှုမောင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ကယားပြည်နယ်တွင် ဖွင့်လှစ်ထားသော သူနာပြုသားဖွားဒီပလိုမာ သင်တန်းကျောင်းများတွင် ဒေသခံ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခွင့်၊ ဖြေဆိုခွင့်ရရှိရေး မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က သာတူညီမျှကို ရှေးရှု၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များ ကိုလည်း လျှောက်ထားခွင့်ပြုရမည်ဖြစ်သဖြင့် ဒေသအလိုက် အောင်မြင်သူများကို သက်ဆိုင်ရာဒေသ၌ တက်ရောက်စေသည့်စနစ် ပျက်ပြားသွားမည်ဖြစ်ပြီး ကယားပြည်နယ်တွင် နေထိုင်ပြီး အခြေခံပညာအထက်တန်းအောင်မြင်သူများ သင်တန်းတက်ရောက်နိုင်သည့် အခွင့်အလမ်းနည်းသွားနိုင်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဇ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပလတ်စတစ်ဘူးထဲ ထည့်ထားသည့် ရေနှင့် အချိုရည်များသည် ပူပြင်းသောနေရောင်ခြည် ထိတွေ့မှု ကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ပြည်သူလူထု ပိုမိုသိရှိ နားလည်လိုက်နာလာစေရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ဒေသဆိုင်ရာမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်၍ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ ရရှိလာစေရန် ဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံပိုင်မီဒီယာ၊ FM Radio နှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများသို့ လစဉ်ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက်များကို ပေးပို့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မေယု FM သို့လည်း ပေးပို့လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဈ) ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ဆင်တဲကျေးရွာ ကျေးလက်ကျန်းမာရေး ဌာန(ခွဲ) အဆောက်အအုံသစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန် က ဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းတွင် လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အသိပေးတင်ပြပြီး ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၄။ မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။
အစီရင်ခံစာ ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းနှင့်အတည်ပြုချက် ရယူခြင်း
၅။ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၁၉)ကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးပြီး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌ က လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၆။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)က အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ တင်သွင်း မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်ပြီး ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၇။ အစည်းအဝေးကို ၁:၂၇ နာရီ အချိန်တွင် ရပ်နားပြီး (၂၁)ရက်မြောက်နေ့ အစည်းအဝေးကို ၁၆-၉-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်