Share this

(၂၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၁၈.၉.၂၀၁၉)

Wednesday, September 18, 2019 - 13:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်

( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် )

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း တိုးတက်လာစေရေးအတွက် အခွန်ဆိုင်ရာ ကောက်ခံ နှုန်းထားများ ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က မြန်မာခရီးသွား လုပ်ငန်းဥပဒေနှင့်အညီ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေး၊ လိုင်စင် ဒဏ်ကြေးနှင့် ဝန်ဆောင်ကြေးများကို (၃)နှစ်တစ်ကြိမ်သာပေးသွင်းရန် ပြောင်းလဲ ပြင်ဆင်သတ်မှတ်ဖြေ လျှော့ပေးခဲ့ပြီး အဆိုပါ လိုင်စင်ကြေး၊ ဝန်ဆောင်ကြေး များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ များတွင်သာ ပေးသွင်းဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်းရောင်းချဖြန့်ဖြူးနေသော လျှပ်စစ်ဆိုင်ရာ ပစ္စည်း ကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က မြန်မာစံချိန်စံညွှန်းများ အတည်ပြု သတ်မှတ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ အမျိုးသားစံချိန်စံညွှန်းကောင်စီက ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပမှ ထုတ်လုပ်/တင်သွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးပေးပါရန် လျှောက်ထားလာပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ် စစ်ဆေးရေးဌာနမှ အရည်အသွေးစစ်ဆေးပေးလျက်ရှိပြီး “မဖြစ်မနေလိုက်နာ ရမည့်စံချိန်စံညွှန်းများ”ကို  အမျိုးသားစံချိန်စံညွှန်းကောင်စီမှ  သတ်မှတ်ပြီးပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာ ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ ဘီးလင်း မြို့ရှိ စက်မှု(၁)မှ သိမ်းယူထားခဲ့ပြီး ပုဂ္ဂလိကကို ပေးထားသော ဘိုးလှကြီး ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာနှင့် ဘောလုံးကွင်းတို့ပါဝင်သည့် မြေနေရာအား ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းထားပြီး နှစ်စဉ်ငှားရမ်းခများကိုလည်း နိုင်ငံတော်က ရရှိလျက်ရှိသဖြင့် လက်ရှိအချိန်၌ စွန့်လွှတ်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြား သည်။

(ဃ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းများကို လျှော့ချနိုင် သည့် မြန်မာ့ရေတိမ်ဒေသများကို ရေရှည်တည်တံ့စေရေး မည်သို့ ထိန်းသိမ်း ကာကွယ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအလိုက်ကိုက်ညီသော စိုက်ပျိုးနည်း စနစ်များကို ချမှတ်ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ရေဝပ်ဒေသဂေဟစနစ် ရေရှည်တည်တံ့စေရန် ထိန်သိမ်းရေးလုပ်ငန်းများကို သစ်တောဦးစီးဌာန၊ အစိုးရ ဌာနများ၊ ဒေသခံပြည်သူများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ဒေသခံများ ကိုယ်တိုင်မိရိုးဖလာ နည်းဖြင့် ရေရှည်ထိန်းသိမ်းမှုများကို ပိုမိုတိုးတက်စေရန် မြှင့်တင်ပေးခြင်းနှင့် ဒေသခံများ ပါဝင်စီမံအုပ်ချုပ်သည့်စနစ်ကို ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(င) ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ အနီးရှိ စကျင်တောင်ကြီးမှ Pacific Bold Paragon Co.,ltd မှ  စကျင်ကျောက်များ ထုတ်ယူနေခြင်းအား ရပ်ဆိုင်းပြီး နိုင်ငံတော်မှ ပြန်လည် ကွပ်ကဲထုတ်လုပ် နိုင်ခြင်း ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ဝန်ကြီးဌာန အနေဖြင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကိုယ်တိုင်ဆောင်ရွက် ခြင်းမရှိတော့ဘဲ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းသို့ မာဘယ်(အလှဆင်)ကျောက်လုပ်ကွက် ကို ခွင့်ပြုမိန့်ထုတ်ပေးထားကြောင်း စက်မှုဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြည်လည်သုံးသပ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (သက္ကော) သံဖြူဇရပ် - ဘုရား သုံးဆူလမ်းပေါ်ရှိ တံတား(၄)ခုအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြတောင်းခံပြီး ခွဲဝေရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

(ဆ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ ချင်းတွင်းကျေးရွာနှင့် ဝက်ပုတ်ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းအား (၁၈)ပေအကျယ် မြေသားလမ်းအဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class(B) ဦးစားပေးအဆင့်(၁)၌ ပါဝင်သည့် အတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်း လျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း 

၃။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးပညာရပ် များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့်လက်မှတ်များ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း ၊ အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၄။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသည်။

၅။ ယင်းအစီရင်ခံစာကို သဘောတူလက်ခံရန် ဦးသိမ်းဆွေ (ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ) က အဆိုတင်သွင်းပြီး ဥက္ကဋ္ဌက လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၆။ အစည်းအဝေးကို ၁၂:၂၂ နာရီ အချိန်တွင် ရပ်နားပြီး (၂၃)ရက်မြောက်နေ့ အစည်းအဝေးကို ၁၉-၉-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်