ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြသော ဂုဏ်သရေရှိပုဂ္ဂိုလ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖြစ်မြောက်လာအောင် အားကြိုးမာန်တက် ဆောင်ရွက်ပေးပါသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့ ဒီအချိန်အခါမှာ ဒေသအသီးသီးမှ တိုင်းရင်းသားများနဲ့ လူထုလူတန်းစားအမျိုးမျိုးတို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့အသံတွေ၊ လုပ်ဆောင်ချက်တွေကို တွေ့မြင်ကြားသိနေရပါတယ်။ ဒါဟာ နိုင်ငံသူ နိုင်ငံသားအားလုံးက ငြိမ်းချမ်းရေးကို လိုလားနေကြကြောင်း ထင်ရှားစေတဲ့ အချက်ပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးမရရှိခဲ့လို့ နိုင်ငံသူနိုင်ငံသား အမျိုးသမီးကလေးသူငယ်များဟာ ဆုံးရှုံးနစ်နာမှုများ ဆင်းရဲဒုက္ခရောက်မှုများနဲ့ တွေ့ကြုံခံစားခဲ့ကြရပါတယ်။ ငြိမ်းချမ်းရေး မရရှိတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်မှုမရှိခဲ့လို့ မိမိတို့နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများမှာ ထိပ်ဆုံးကနေ အောက်ဆုံးအထိ ရောက်ရှိနေတာကိုလည်း အားလုံးအသိပင်ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကြွယ်ဝရေးအတွက် လိုအပ်တဲ့အရင်းအမြစ်များ အများအပြားရှိပါတယ်။ အဲ့ဒီအရင်းအမြစ်များဟာလည်း တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးမရရှိတော့ အဲ့ဒီအရင်းအမြစ်တွေကို တန်ဖိုးရှိစွာ အသုံးမချနိုင်ဘဲ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးမရရှိတော့ ကိုယ့်နယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘဲ မိမိတို့မိသားစုများပင် ဘယ်မှာနေရ ဘယ်လိုစားရမယ်မှန်းမသိတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေကြရပါတယ်။
မိမိတို့ရဲ့ နယ်မြေဒေသတွေ တိုးတက်ဖွံ့ဖြိုးမှ မိမိတို့ရဲ့မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်မယ်။ မိမိတို့ရဲ့မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်မှ မိမိတို့ရဲ့ တိုင်းနဲ့ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မယ်။ တိုင်းနဲ့ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မှ မိမိတို့ရဲ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာပဲဖြစ်တယ်။ ဒါ့ကြောင့်မို့လည်း နိုင်ငံသူ နိုင်ငံသားအားလုံးက ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း လိုချင်တပ်မက်နေခြင်းပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ရာမှာ အဓိကအရေးကြီးဆုံးအရာက ယုံကြည်မှု တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်မှသာ ကာလတာရှည် အမြစ်စွဲနေတဲ့သံသယတွေ အမုန်းတရားတွေ ကွယ်ပျောက်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ရယူလိုတဲ့စိတ်ရှိပြီး ငြိမ်းချမ်းရေးရကိုရရမယ်လို့ ယုံယုံကြည်ကြည်နဲ့ သန္နိဋ္ဌာန်ချမှတ်နိုင်မယ်ဆိုရင် ရရှိရန်ခက်ခဲတဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေရရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိလာပြီဆိုရင် မိမိတို့နိုင်ငံသူနိုင်ငံသားအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အခု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့ ငြိမ်းချမ်ရေးရရှိဖို့ အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည့်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူတို့ရဲ့အသံကိုနားထောင်ပြီး ပြည်သူတို့ရဲ့ဆန္ဒနဲ့ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် အထူးအလေးထား ဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ကို တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်ကြီးများအနေနှင့်လည်း နိုင်ငံသူနိုင်ငံသားများ၏ အသံကိုနားထောင်ပြီး နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ခိုင်မာတဲ့သန္နိဋ္ဌာန်ချမှတ်ပေးကြပါ။ အတိတ်ကအဖြစ်အပျက်များကို မေ့ပျောက်သင်ပုန်းချေပြီး နိုင်ငံသူနိုင်ငံသားများ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံစားနေရမှုများကို သင်ခန်းစာယူကာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ခိုင်မာတဲ့ယုံကြည်ချက် ထားပေးကြပါ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်နိုင်ငံသူနိုင်ငံသားများအတွက် အဖိုးအနဂ္ဃ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးကိုရယူပြီး အမွေပေးခဲ့ကြပါ။ မိမိတို့ရဲ့ မြင့်မြတ်ကောင်းမွန်တဲ့သမိုင်း ရေးထိုးပေးကြပါလို့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်။
အခုအချိန်ဟာ ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ အခုလိုအချိန်ကောင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)ကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့ရဲ့ အတ္တမာန်မာနများ၊ သံသယအမုန်းတရားများကို ဖယ်ရှားပြီး တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကာ နိုင်ငံသူနိုင်ငံသားများအားလုံးလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းပြီး သာယာဝပြောတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် မဆုတ်မနစ် ကြိုးစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။