အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် (၁.၁၂.၂၀၁၇)ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ကိုးရီးယားသမ္မတ နိုင်ငံ အီးလ်ဆန်းမြို့ရှိ Hyundai Motor studio သို့သွားရောက်လေ့လာကြသည်။ ဆက်လက်၍ ဖာဂျူမြို့ရှိ ဖန်းမွန်းဂျောင်(တောင်မြောက်စစ်ရပ်စဲရေးဆွေးနွေးခဲ့သည့်ကျေးရွာ) သို့ သွားရောက် လေ့လာကြသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်ပြီးဆုံး၍ ကိုးရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကိုးရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကိုးရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်တို့က လိုက်လံပို့ဆောင်နှုတ်ဆက်သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁.၁၂.၂၀၁၇)ရက်နေ့ ညပိုင်းတွင် ကိုးရီးယား သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာကိုးရီးယားသံရုံး၊ သံရုံးယာယီတာဝန်ခံ Mr.Kim Jung Han နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။