အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၄.၂.၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ် ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော်နှင့်အဖွဲ့က နိုင်ငံတော်အနေဖြင့် နိုင်ငံတကာသဘောတူ စာချုပ်များတရားဝင်အတည်ပြုလက်မှတ်ရေးထိုးခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စံကျင့်ဝတ် သိက္ခာများ၊ နိုင်ငံသားများ၏အခွင့်အရေးများကို သက်ဆိုင်ရာနိုင်ငံက အသိအမှတ်ပြုလေးစား မြှင့်တင်မှုကို ထင်ဟပ်သည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ခြင်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၅:၀၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။