လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်းပြည်အတွက်ပြုပြင်ပြောင်းလဲရန်လိုအပ်နေသည့် အကျဉ်းထောင်နှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ကျင်းပသော “အကျဉ်းထောင်နှင့်လူ့အခွင့်အရေးဆိုင်ရာ” ဆွေးနွေးပွဲကို နေပြည်တော်၊ အမျိုးသားလွှတ်တော်၊ အဆောက်အအုံ၊ စုပေါင်းခန်းမ၌ (၁၂.၁၂.၂၀၁၆) ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)တို့က ပူးပေါင်းကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌဦးအေးသာအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ UNOHCHR မှ Senior Human Rights Officer Mr. Andrew MacGregor က “ International Human Rights Related to prisons” နှင့်စပ်လျဉ်း၍လည်းကောင်း၊ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက “အကျဉ်းထောင်စနစ်နှင့် အကျဉ်းသားအခွင့်အရေး” နှင့်စပ်လျဉ်းလည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဘိုကြည်က “မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလားအလာ”နှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါက်တာဌေးကြွယ်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ၁၆၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။