အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)မှ ဒါရိုက်တာ ဗစ်ကီဘိုးမန်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၂၈.၁.၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)မှ ဒါရိုက်တာ ဗစ်ကီဘိုးမန်းက စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံစည်းမျဉ်းများအားလည်းကောင်း၊ ကလေးသူငယ်အခွင့်အရေး၊ လုပ်ငန်းခွင်နှင့် ခွဲခြားဆက်ဆံမှု၊ တိုင်းရင်းသားအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးတို့နှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး MCRB နှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားပြီး (၁၃၀၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။