အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့အား The World Bank, Environment and Natural Resources Global Practice, Manager Mr.Christophe Crepin နှင့်အဖွဲ့က မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ်အစည်းအဝေးခန်းမ၌ (၁၀.၆.၂၀၁၉)ရက်နေ့ (၁၄၀၅)နာရီအချိန်၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် The World Bank, Environment and Natural Resources Global Practice အဖွဲ့မှ Manager Mr.Christophe Crepin က တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ သစ်တောသယံဇာတလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု(ပလတ်စတစ်)၊ ကမ်းရိုးတန်းဒေသ ထိန်းသိမ်းခြင်းလုပ်ငန်း၊ ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်း၊ Environmental Impact Assessment-EIA ပတ်ဝန်းကျင်ဆန်းစစ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ Mr.Martin Fodor က အခြေခံအဆောက်အအုံနှင့် သစ်တောလုပ်ငန်း၊ ကမ်းရိုးတန်းဒီရေတောနှင့်ရခိုင်ဒီရေတောများ ပြန်လည်စိုက်ပျိုး၍ ရေရှည်ထိန်းသိမ်းခြင်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ငါးလုပ်ငန်း၊ Small and Medium Enterprise-SME လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာစေရန်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များမှ သိရှိလိုသည်များအား မေးမြန်းရာ Mr.Martin Fodor က ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟတို့က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို (၁၅၄၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။