ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၂၀
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမအဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများနှင့် မူဝါဒသစ်များက မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခရီးလမ်း ခိုင်မာစေရေးအတွက် နိုင်ငံနှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဖော်ဆောင်နေမှုအခြေအနေ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်၊ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့အားလုံးကို ဥပဒေဘောင်အတွင်း ဝင်ရောက်ရေး အစဉ်တစ်စိုက် ဖိတ်ခေါ်လျက်ရှိရာ ယခုအစိုးရသစ်၏ ရက် (၁၀၀) ငြိမ်းချမ်းရေး အစီအစဉ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်ထားမှုအခြေအနေ၊ နှစ်နိုင်ငံနယ်နိမိတ်ချင်း မိုင်ပေါင်းများစွာထိစပ်နေသည့်အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေး အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
(သတင်းစဉ်)